Voice Of Angels ရှိုးမှာ ပါဝင်ဖျော်ဖြေရမဲ့အတွက် ကြောက်နေပါတယ်လို့ပြောလာတဲ့ အိုင်းရင်းဇင်မာမြင့်

11940420_1721893164736261_1199922825_n.jpg

လတ်တလောမှာ ချစ်လို့ တစ်ကိုယ်တော်အခွေအပြင် နံရိုးပိုင်ရှင် အတွဲခွေကိုထွက်ရှိထားတဲ့ အိုင်းရင်းဇင်မာမြင့်က နှစ်ခွေလုံးကို အမ်တီဗီ ရိုက်ကူးနိုင်ဖို့အတွက်ကြိုးစားနေပါတယ်။ လက်ရှိမှာ နယ်ပတ်ဖျော်ဖြေရေးတွေ များနေသလို သင်္ကြန်ကိုလဲ နေပြည်တော် Sky Net မဏ္ဍပ်မှာရှိမယ်လို့သိရပြီး ဧပြီ ၈ ရက်နေ့ Chatrium Hotel Pool Side မှာကျင်းပမဲ့ Voice Of Angels ပွဲမှာလဲ ပါဝင်ဖျော်ဖြေမယ်လို့သိရတာကြောင့်သူမနဲ့တွေ့ဆုံခိုက်မှာမေးမြန်းဖြစ်သမျှက

-Voice Of Angels ပွဲလေးမှာပါဝင်ဖြစ်ပုံလေးကို အရင်ပြောပြပေးပါဦး။

၂၀၁၅ လောက်ကတည်းက ဒီပွဲစီစဉ်တဲ့ ကိုဂျော်မရန်ကပြောတယ်။ အိုင်းရင်းလဲ အလုပ်မအား သူလဲ နိုင်ငံတကာက အဆိုတော်တွေ မခေါ်ဖြစ်သေးတာနဲ့အခုဒီ၁၅ ရက်နေ့ကမှ အိုင်းရင်းလဲ ကိုဂျော်မရန်နဲ့သွားတွေ့ဖြစ်တယ်။ အဲ့ဒီအခါကျအိုင်းရင်းသိတာ ရက်ပိုင်းပဲရှိပါသေးတယ်ရှင့်။ မြန်မာပြည်ကဆို အိုင်းရင်းတစ်ယောက်တည်းပါ။

-အခုလာဆိုတဲ့ သုံးယောက်ထဲမှာအိုင်းရင်းက ဘယ်သူ့ရဲ့ ပရိသတ်ဖြစ်မလဲ။

Celine Dion ကနေပြီးတော့ အားလုံးကိုသိအောင် မိတ်ဆက်ပေးလိုက်တဲ့ Charice ဆိုတဲ့ ယောကျာ်းကေလေးနဲ့တစ်ယောက်ကို အကြိုက်ဆုံးပါပဲရှင့်။

-အဲ့ဒီပွဲမှာရော ဘယ်လိုသီချင်းလေးတွေသီဆိုဖြစ်မလဲ။

သီချင်းကတော့ ရွေးတုန်းရှင့်။ အခုလာဆိုမဲ့ အဆိုတော် သုံးယောက်စလုံးက Vocal ကို အသားပေးပြီးဆိုကြမဲ့ အဆိုတော်တွေပေါ့။ နည်းနည်း Dance ပါမယ်ဆိုရင်တောင်မှ တစ်ယောက်နှစ်ယောက်လောက်ပဲပါမယ်ထင်တယ်။ ဒါပေမဲ့ အိုင်းရင်းကအိုင်းရင်းကြိုက်တဲ့အဆိုရှင်ကိုပိုပြီးဦးစားပေးတဲ့အတွက်သူသွားမဲ့ မြူးဆစ်လိုင်းလေးကိုကြည့်ပြီးအိုင်းရင်းကလဲဆိုဖြစ်မှာပါ။ သူတို့ကိုယှဉ်ပြီးဆိုတာထက်စာရင် သူတို့နဲ့ လိုက်ဖက်တဲ့ သီချင်းမျိုးလေးတွေဆိုမှာပါ။

-နိုင်ငံခြားကအဆိုတော်တွေနဲ့ တစ်ရှိုးထဲဖျော်ဖြေရတာ ဒါကအိုင်းရင်းအတွက်ပထမဆုံးလား။

အရင်တုန်းကတော့ လာခဲ့ဖူးတာမျိုးရှိတယ်။ ဒါပေမဲ့အခုဟာက ကမ္ဘာကျော်အဆိုတော်အမျိုးသမီးလာတာဆိုရင်ဒါပထမဆုံးဆိုတော့ အာရှကတော့လာကြတယ်လေ။ ဥရောပကလာတာဆိုရင်တော့ ဒါပထမဆုံးဖြစ်တဲ့အတွက် အိုင်းရင်းက ဒါပထမဆုံးဆိုဖြစ်တာပါ။

-ပထမဆုံးတွဲဆိုရမဲ့ ရှိုးဖြစ်တဲ့အတွက် ဘယ်လိုစိတ်ခံစားချက်ဖြစ်မိလဲ။

အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကြောက်တယ်ရှင့်။ ဘာလို့လဲဆိုတော့ အိုင်းရင်းတို့ကသူတို့လို Technic နဲ့ Systematic နဲ့သင်ခဲ့ရတဲ့သူမျိုးမဟုတ်ဘူးရှင့်။ ဘုရားကျောင်းမှာပဲ ငါးတန်းလောက်ကတည်းက သီချင်းဆိုလာရတဲ့သူဖြစ်တဲ့အတွက် အဲ့ဒီအတွေ့အကြုံလေးပဲရှိခဲ့တာရှင့်။ အဲ့ဒီကသက်တမ်းလေးနဲ့ပဲ အိုင်းရင်းကရပ်တည်လာခဲ့တဲ့အတွက် အမှန်အတိုင်းပြောရင်ကြောက်ပါတယ်။

-လက်ရှိဂီတပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်ဖြစ်နေလဲ။

ပွဲတွေကတော့ တောက်လျှောက်ဆိုဖြစ်နေတယ်ရှင့်။ ဒီပွဲမတိုင်ခင်လဲနယ်ပွဲတွေသွားရတယ်။ ဒီပွဲပြီးရင်လဲ ခရီးကြီးပဲသွားမှာပါ။ မန္တလေး၊ ၀ါးခယ်မ၊ ငွေဆောင်ပြီးတော့ရန်ကုန်နောက်ဖားကန့်အစုံပါပဲ။

-သင်္ကြန်ရော ဘယ်မှာရှိမလဲ။

နေပြည်တော် Sky Net မဏ္ဍပ်မှာရှိပါမယ်။ ငါးရက်စလုံးပါရှင့်။

-ချစ်လို့ အမ်တီဗီကရော ဘယ်တော့အကောင်အထည်စဖော်ဖြစ်မလဲ။

အဲ့ဒါကကြိုးစားနေတယ်လို့ပဲပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ အိုင်းရင်းလဲ မအားတဲ့အတွက်ကြောင့်ရိုက်မယ် လုပ်လိုက်၊ နယ်ရှိုးထွက်လိုက်နဲ့ဖြစ်နေတာပေါ့။

-ဖေဖော်ဝါရီ ၁၄ ကထွက်ထားတဲ့ နံရိုးပိုင်ရှင်အခွေကရောဘယ်လိုအနေအထားရှိလဲ။

အဲ့ဒါကလဲ ဗီစီဒီရိုက်ဖို့ကိုကြိုးစားနေပါတယ်။ ရောင်းလဲရောင်းရတယ်။ တော်တော်လဲကြိုက်ကြတယ်။ ဆယ်ပုဒ်လေးပဲလုပ်တာတောင်နည်းတယ်လို့ပြောကြတယ်။ နောက်တစ်ခါအခွေလုပ်ဖြစ်ရင် ဆယ့်သုံးပုဒ်၊ ဆယ့်လေးပုဒ်ထည့်ပါတောင်ပြောကြတယ်။ အိုင်းရင်းတို့ကလဲ အချိန်မလောက်တဲ့အတွက်ကြောင့် ဆယ်ပုဒ်လောက်ပဲလုပ်ဖြစ်ခဲ့တာပါ။

-NLD အောင်နိုင်ရေးမှာလဲ တစ်တပ်တစ်အားနဲ့ပါဝင်ကူညီခဲ့တယ်။ အခုမျှော်လင့်ထားတဲ့အတိုင်းလေးဖြစ်လာပြီဆိုတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လိုစိတ်ခံစားချက်ဖြစ်မိလဲ။

ဝမ်းသာပါတယ်ရှင့်။ ဘာလို့လဲဆိုတော့ အားလုံးမျှော်လင့်ထားတဲ့အရာလေ။ အိုင်းရင်းမှမဟုတ်ဘူး။ နိုင်ငံသားအားလုံးလို့မပြောသည့်တိုင်အောင် တစ်ရာမှာရှစ်ဆယ်လောက်မျှော်လင့်နေကြတဲ့ အရာဆိုတော့ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးမျှော်လင့်ထားပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်မှာ စာသင်ရမဲ့ကလေးတွေအတွက်ဝမ်းသာတယ်။ ပညာရေးစနစ်တွေမြင့်သွားမယ်။ အင်္ဂလိပ်စာကောင်းလာမယ်။ တိုင်းတပါးကိုသွားတဲ့အခါမှာလဲ လက်မထောင်ပြီးသွားနိုင်မယ်။ အဲ့ဒီလိုတော့မျှော်လင့်ထားတယ်။ မျှော်လင့်တဲ့အတိုင်းဖြစ်လာလိမ့်မယ်လို့ယုံကြည်ပါတယ်။ 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.