နှစ်တိုင်း မိုင်ပေါင်း ၅၀၀၀ ခန့် ကူးခတ်ပြီး ကျေးဇူးရှိခဲ့ဖူးသူထံ သွားရောက်တွေ့ဆုံတဲ့ ပင်ဂွင်းလေး

ad199230264a-penguin-called.png
ဒီနေ့အတွက် နှလုံးသား အာဟာရ အဖြစ် တိုက်ကျွေးရမယ့် ဇာတ်လမ်းလေးကတော့ ဘရာဇီးလ်နိုင်ငံ ကမ်းခြေတစ်ခုကနေ ထွက်ပေါ်လာခဲ့ပါတယ်။ တောင်အမေရိက ဖွား Magellanic ပင်ဂွင်း တစ်ကောင် ဟာ နှစ်စဉ်နှစ်တိုင်း မိုင်ပေါင်း ၅၀၀၀ အကွာအဝေးကို ကူးခတ်သွားပြီး သူ့ကို ကယ်တင်ခဲ့ဖူးသူ အမျိုးသား နဲ့ သွားရောက်တွေ့ဆုံလေ့ရှိတဲ့ အကြောင်းအရာလေးပဲ ဖြစ်ပါတယ်။
 
အုတ်ဖုတ်သမား တစ်ယောက်လည်းဖြစ်ပြီး တံငါသည် အဖြစ်လည်း အချိန်ပိုင်း လုပ်ကိုင်တဲ့ အသက် ၇၁ နှစ်အရွယ် Joao Pereira de Souza ဟာ ရီယိုဒီဂျနဲရိုး မြို့ရဲ့  အပြင်က ကျွန်းစွယ် ရွာလေး တစ်ရွာ မှာ နေထိုင်ပြီး ထို ပင်ဂွင်း အသေးစား လေးကို သူနေတဲ့ ရွာလေးရဲ့  ကမ်းခြေမှာ ရှိတဲ့ ကျောက်တုံး တွေပေါ် လဲနေတာကို ၂၀၁၁ ခုနှစ်တုန်းက တွေ့ရှိခဲ့တာပါ။ Joao ဟာ အဲဒီအချိန်ကတည်းက ပင်ဂွင်းလေး ကို နေ့စဉ် အစာကျွေးစောင့်ရှောက်ထားခဲ့ပြီး Dindim လို့လည်း ပင်ဂွင်းလေးကို အမည်ပေးထားပါတယ်။
 
တစ်ပတ်ခန့်အကြာမှာတော့ သူဟာ ပင်ဂွင်းလေးကို ပင်လယ်ထဲ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပင်ဂွင်းလေးက ထွက်မသွားခဲ့ပါဘူး။ ၁၁ လ လောက်အကြာမှာမှ တစ်လ လောက် ပျောက်သွားခဲ့ပြီး တံငါသည်တစ်ဦးနဲ့အတူ Joao ရှိရာ ပြန်လည် လိုက်ပါလာခဲ့ပါတယ်။
 
အဲဒီအချိန်ကစလို့ လွန်ခဲ့တဲ့ ၅ နှစ်လုံးလုံး နှစ်စဉ်နှစ်တိုင်း Dimdim လေးဟာ ၈ လ ခန့် Joao နဲ့အတူနေထိုင်ပြီး ကျန် ၄ လ ကိုတော့ အာဂျင်တီးနား နဲ့ ချီလီ ကမ်းရိုးတန်းတွေကို ပင်ဂွင်းတို့သဘာဝ အတိုင်း အစာရှာထွက်ပြီး နေထိုင်ခဲ့တယ်လို့ သိရပါတယ်။
 
ထို ပင်ဂွင်းလေးအတွက်တော့ သူ့ရဲ့  ကျေးဇူးရှင်နဲ့ တစ်ခါပြန်တွေ့ဖို့အတွက် နှစ်စဉ်နှစ်တိုင်း မိုင်ပေါင်း ၅၀၀၀ ခန့် ပင်လယ်ထဲမှာ ကူးခတ် သွားလာခဲ့ရပါတယ်။ 
 
“ပင်ဂွင်းလေးကို ကျွန်တော့်ရဲ့ သားသမီးလိုပဲ ကျွန်တော် ချစ်ပါတယ်။ ပင်ဂွင်းလေးကလည်းကျွန်တော့် ကို ချစ်တယ် ဆိုတာ ကျွန်တော်သိပါတယ်။သူ့ကိုဘယ်သူ့မှ ကိုင်တွယ်လို့မရခဲ့ဘူး။ကိုင်တွယ်တဲ့သူကို သူကခွပ်တာပဲ။ ကျွန်တော့်အပေါ်မှာတော့ အိပ်တယ်။ ကျွန်တော်သူ့ကို ရေချိုးပေးလို့ရတယ်။ ငါးလေးတွေ ကျွေးလို့ရတယ်။” လို့ Joao က Globo TV ကို ပြောပြခဲ့ပါတယ်။
 
Joao နဲ့ အင်တာဗျူး ပြုလုပ်ခဲ့တဲ့ ဇီဝဗေဒ ပညာရှင် ပရော်ဖက်ဆာ Krajewski ကတော့ The Independent သတင်းဌာနကို “ဒါမျိုးတစ်ခါမှ မတွေ့ဖူးပါဘူး။ဒီပင်ဂွင်းလေးက Joao ကိုသူ့မိသားစုဝင် ပင်ဂွင်းတစ်ကောင် အဖြစ် မှတ်ယူလိုက်တာ ဖြစ်နိုင်ပါတယ်။”လို့ ပြောပြခဲ့ပါတယ်။
 
Ref:metro.co.uk
 
 
 
 
 
 
 
 
 
 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.