Myanmar Idol Program က သူ့ဘ၀ရဲ့ မှတ်တိုင်တစ်ခုပါလို့ပြောပြလဲာ့ ကျော်ထက်အောင်

img_9430.jpg

လက်ရှိ Myanmar Idol ပရိုဂရမ်မှာ Presenter အဖြစ် ပါဝင်ဆောင်ရွက်နေတဲ့ ကျော်ထက်အောင်ကို အားလုံး သိပြီးဖြစ်ကြမှာပါ။ MC တစ်ယောက်အဖြစ် အပိုအလိုမရှိ သူ့အခန်းကဏ္ဍကို ပီပြင်ပြည့်စုံအောင် ကြိုးစားသူ ၊ ကိုယ်ပါဝင်ရတဲ့ အစီအစဉ်အတွက်လည်း အကောင်းဆုံးပံ့ပိုးပေးနိုင်အောင် ကြိုးစားသူ ကျော်ထက်အောင်ဟာ သူ့ရဲ့ Presenter ဘ၀အစကို Family Entertainment လက်ရှိ ( 5 Network ) မှာ ၇ နှစ်ကျော်နီးပါး တာဝန်ထမ်းဆောင်ရင်းဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ လက်ရှိမှာ တော့ My Square မှာ LifeStyle team မန်နေဂျာအနေနဲ့တာဝန်ထမ်းဆောင်နေတဲ့အပြင် တစ်ဖက်ကလဲ အပြင် Presenter ဘ၀ကိုပါ ကြိုးစားလျှောက်လှမ်းရင်းကနေ Myanmar Idol Program မှာ Presenter အဖြစ် ဆောင်ရွက်ဖြစ်ခဲ့တာပါ။ သူနဲ့တွေ့ဆုံခိုက် သိချင်တာတွေ မေးမြန်းဖြစ်ခဲ့တဲ့အခါ

-ပထမဦးဆုံးအနေနဲ့ Presenter စလုပ်ဖြစ်ခဲ့ပုံလေးကို အရင်ပြောပြပေးပါဦး။

ငယ်ငယ်ကတော့ မင်းသားရူးတာပေါ့နော်။ ဒါပေမဲ့ ၂၀၀၅ ၊ ၂၀၀၆ တက္ကသိုလ်တက်နေတဲ့အချိန် အခု 5 NetWork ဆိုပြီးပြောင်းသွားတဲ့ Family Entertainment Group Company Limited ကနေပြီးတော့ နောက်ခံစကားပြောအသံရှင်လိုတယ်ဆိုပြီး စခေါ်တယ်။ စခေါ်ဖြစ်တဲ့အချိန်မှာ အစ်ကိုက အလုပ်သွားလျှောက်ဖြစ်တယ်။ အစ်ကိုစပြီးတော့ တီဗီ Presenter အဖြစ် စရပ်တည်ဖြစ်တာက BOB ဘင်္ဂလားပင်လယ်အော် စထွက်တဲ့အချိန် သူတို့အမ်တီဗီစထွက်တဲ့အချိန်ပေါ့။ ရင်နန်းနွယ်ဆိုတဲ့ တီဗီ Presenter ညီမနဲ့ပဲ တီဗီပေါ် စရောက်ကြတယ်။  အဲ့ဒီနောက်ပိုင်း မှာ Management ဖက်ကိုပြောင်းတယ်။ တီဗီနောက်ကွယ်ကနေပဲ လှုပ်ရှားတော့တယ်။ အဲ့ဒီမှာကိုယ်လုပ်ချင်တဲ့အလုပ် မလုပ်ရတဲ့အတွက် ပျင်းလာတာပေါ့နော်။ အဲ့ဒီအခါ Management နဲ့တိုင်ပင်ပြီး အစ်ကို အလုပ်ထွက်လိုက်တယ်။ အခုဆို ၃ နှစ်လောက်ရှိပြီပေါ့။ အလုပ်ထွက်ပြီး ကိုယ်ဝါသနာပါရာ စင်ပေါ်တွေကို ပြန်တက်ခဲ့တယ်။ တော်တော်လေးလဲ Link ကပြတ်သွားပြီပေါ့။ တီဗီရုပ်သံလှိုင်းမှာမြင်နေကျသူ မဟုတ်တော့တဲ့အတွက်ဈေးကွက်လဲ မရှိတော့ဘူး။ အဲ့ဒီအချိန်ပြန်လုပ်တဲ့အချိန်မှာ အစကနေပြန်လုပ်ရသလိုပဲပေါ့။ ဘာဖြစ်လို့အပြင်မှာထွက်ပြီး အလုပ်လုပ်ရသလဲဆိုတော့ ဆရာဂျွန်လွင်ကြောင့် ဆရာက အပြင်မှာ ထွက်လုပ်ဖို့အားပေးတယ်။ ပွဲတွေခေါ်သုံးခဲ့တယ်။ ပွဲကြီး၊ ပွဲသေး အကုန်ခေါ်သုံးတယ်။ အဲ့ဒီမှာ ဈေးကွက်က ကျွန်တော်ရှိတယ်ဆိုတာမြင်သွားတယ်။ ဆရာ့ကြောင့်လဲ ဒီလိုနေရာတစ်ခုကိုရောက်ခဲ့တာပါ။ ဆရာကဘယ်လို ထားလဲဆို ကိုဆန်းထွဋ်ပြီးရင် ကျွန်တော်ပဲ။ 5 Net Work မှာ ၇နှစ်နီးပါးလောက်တော့လုပ်ခဲ့တယ်။ ထွက်ထားတာ ၃နှစ်လောက်ရှိပါပြီ။

-အခုလက်ရှိက ဘယ်မှာလုပ်ဖြစ်နေလဲ။

အခုက My Square မှာ LifeStyle team မန်နေဂျာပေါ့။ သူက Chat Application တစ်ခုပေါ့။ We Chat လိုပုံစံမျိုးပါပဲ။ မြန်မာပြည်လူထုအတွက် သီးသန့်ထုတ်ထားတဲ့ ဟာပေါ့။ မြန်မာ စာလုံးတွေကလဲ ပါပြီးသားပါ။ My Chat မှာ အစ်ကိုက LifeStyle ဆိုတဲ့ box လေးတွေအတွက် ကိုင်ပေးရတဲ့ မန်နေဂျာပါ။ ရုပ်ရှင်၊ ဟာသ၊ ဂိမ်းလေးတွေ ရှိပေးရတယ်။ ကိုယ်ကိုင်တာက အပျော် Contact လေးပေါ့။ ဒီမှာလုပ်တာ ၂ နှစ်ကျော်နေပါပြီ။ 5 Movies ကထွက်ပြီး ၁ နှစ်လောက်ကြာမှ ဒီမှာ လုပ်ဖြစ်တာပါ။ ဒီရုံးကလဲ အရမ်းခွင့်ပြုပေးထားတယ်။ အပြင်အလုပ်တွေကိုလဲ လုပ်ပေးဖြစ်တယ်။ အဲ့ဒါကြောင့် အပြင် ပရိုဂရမ်တွေမှာပါ လုပ်ဖြစ်နေတာပါ။

-Myanmar Idol မှာ Presenter အနေနဲ့ ပါဝင်လုပ်ကိုင်ပေးဖြစ်ပုံလေးကိုသိချင်ပါတယ်။

ပထမဆုံးအနေနဲ့ Sky Net ကကိုအဏ်ဏီတို့ကိုစိုင်းတို့အင်တာစဗျူးတယ်။ သူတို့ကကျွန်တော့်ကိုဘာမှမပြောထားဘူး။ နိုင်ငံတကာအဆင့်မှီ ပရိုဂရမ်အကြီးကြီး တစ်ခုအတွက် စကားခေါ်ပြောကြည့်တာတဲ့။ ကျွန်တော့်ရဲ့ ဗီဒီယိုဖိုင်တွေပို့ပေးပါဆိုလို့ ပို့ပေးလိုက်တဲ့အခါမှာ စိတ်လဲဝင်စားတယ်။ ဘာမှန်းလဲမသိတဲ့အတွက် ရင်ခုန်ရတယ်။ ကျွန်တော် အပါအ၀င် တခြား MC တွေလဲ အင်တာဝင်ဗျူးတယ်လို့သိရတယ်။ ဘယ်သူတွေမှန်းတော့ မသိဘူး။ ကျွန်တော့စိတ်ထဲမှာလဲ ပရိုဂရမ်ရိုက်မယ် ဒီလောက်ပဲ စိတ်ထဲမှာထည့်ထားတယ်။ ဒါပေမဲ့ ဒုတိယအကြိမ် ထပ်တွေ့တဲ့အချိန်မှာ ကျွန်တော့ကို အမေရိကန် Idol ကို သိလားတဲ့။ သိတယ်လို့ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Season 1 ထဲကကြည့်လာတဲ့သူ အဲ့ဒီမှာ MC လုပ်ရမယ်လဲဆိုရော ကျွန်တော်မျက်ရည်တွေကျ၊ ကြက်သီးတွေထပြီးတော့ အရမ်းကိုပျော်သွားတယ်။ ကိုအဏ်ဏီအောင်ကလဲ ပြောပြတယ်။ ကျွန်တော့ကို Recommend ပေးတာလဲ ဆရာဂျွန်ပဲတဲ့။ အဲ့ဒီအတွက်ဆရာ့ကိုလဲကျေးဇူးတင်ပါတယ်။

-အဲ့ဒီမှာ Presenter လုပ်တာနဲ့ပတ်သက်ပြီး အားပေးထောက်ခံတဲ့သူ ရှိသလို ဝေဖန်ခံရတာတွေလဲရှိတော့ အဲ့ဒါနဲ့ပတ်သက်ပြီး အစ်ကို့ရဲ့စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။

ပုထုဇဉ်ဆိုတော့ ကြိုက်တဲ့သူအတွက်ဝမ်းသာတာပေါ့။ မကြိုက်တဲ့သူအတွက်တော့ ဘယ်လိုမှပြောလို့မရဘူးပေါ့။ ကိုယ့်ထက်အောင်မြင်ကျော်ကြားနေတဲ့သူတွေလဲ ဒီလိုပဲအပြောခံနေရတာပဲ ဆိုတော့လေ။ သူတို့တင်မကဘူး။ ဒီခေတ်က ဆိုရှယ်မီဒီယာတွေ များလာတဲ့အတွက် နိုင်ငံတော်လူကြီးတောင် မလွတ်ဘူး။ အဲ့ဒီတော့ ကြိုက်တဲ့သူအပေါ်မှာလဲ ဒီစိတ်ပဲ။ မကြိုက်တဲ့သူပေါ်မှာလဲ ဒီစိတ်ပဲ။ သူတို့ကိုမုန်းစေ၊ သူတို့ကိုချစ်စေဆိုပြီး မရှိပါဘူး။ ပြန်ကြည့်မယ်ဆိုရင်သူတို့ဖက်က အမြင်ကတစ်မျိုး၊ ကျွန်တော်တို့ဖက်က လုပ်ရတဲ့အပိုင်းက တစ်မျိုးပေါ့။ အမြင်မတူတဲ့အပေါ်မှာဘာမှသွားပြောလို့မရပါဘူး။ 

-တချို့ကျတော့ လဲ အစ်ကို့ကို ကောင်မလေးတွေကိုအရမ်းဖက်တယ် ဘာညာဆိုပြီးဝေဖန်တာမျိုးတွေလဲရှိတယ်နော်။

အဲ့ဒါတစ်ခုက ရယ်လဲရယ်ရပါတယ်။ ပျော်လဲပျော်ဖို့ကောင်းပါတယ်။ တစ်အချက် ကျွန်တော်တို့ကဟိုးနယ်တွေနယ်တွေမှာကတည်းက ဒီလူတွေနဲ့အတူတကွာ ဖက်လား၊ ကင်းလား၊ သူတို့အမေတွေနဲ့အတူတူနေလာတာပေါ့။ သူများအမြင်ဆို ဘိုဆန်တယ်ပေါ့နော်။ ဒါပေမဲ့ ကိုယ့် Culture နဲ့ကျတော့ မျက်စိကလော်တာပေါ့နော်။ အဲ့ဒါကိုကျွန်တော်ကိုယ်တိုင်လဲ သိပ်သတိမထားမိဘူး။ ငါးဆယ် ၊ ငါးဆယ်ပါပဲ။ ကျွန်တော် ကိုယ်တိုင်ကလဲ ဒီနိုင်ငံရဲ့အနေအထားနဲ့ဒီဟာကို သတိထားသင့်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကစိတ်ထဲမှာ တကယ်နွေးထွေးစေချင်တာ၊ ကျွန်တော့နေရာကကျတော့ ပြိုင်ပွဲဝင်မဟုတ်တဲ့ပြိုင်ပွဲဝင်၊ ပြိုင်ပွဲဝင်တွေရဲ့မိဘမဟုတ်တဲ့ ပြိုင်ပွဲဝင်တွေရဲ့အိမ်သား၊ ပြိုင်ပွဲဝင်တွေအပေါ်မှာအကဲဖြတ်ဆုံးဖြတ်လို့တော့ ရတယ်။ ဒါပေမဲ့ အကဲဖြတ်ဆုံးဖြတ်ခွင့်မရှိတဲ့ ဒိုင်အဲ့ဒီလိုနေရာမျိုးမှာပဲနေရတယ်။ အလယ်မှာပဲနေရတဲ့သူ အားပေးနှစ်သိမ့်မှုရယ်၊ နွေးထွေးမှုရယ်ပေးရမဲ့အပိုင်းက ကျွန်တော့ဆီမှာတာဝန်ရှိတယ်။ Ryan Seacrest လဲ ဒီအတိုင်းပဲ။ ကျွန်တော်က ဟိုးတုန်းကတည်းက သူ့ရဲ့ Presentation တွေကို နားထောင်လာတယ်။ ကြည့်လာတယ်ဆိုတော့ သူရဲ့ လွှမ်းမိုးမှုတွေ အရမ်းစီးဆင်းနေတယ်။ သူ့လုပ်ပုံကိုင်ပုံတွေကို အမြဲကြည့်ဖြစ်တယ်။ အဲ့ဒါကြောင့် Myanmar Idol မှာ ကျွန်တော် Presenter လုပ်ပြီဟေ့လဲဆိုရော ကျွန်တော်ဆိုတာပျောက်ပြီးသူဖြစ်နေတာ အဲ့ဒီလိုကြီး ခံစားနေရတဲ့အတွက် ကျန်တာတွေကိုမေ့ကောင်းမေ့သွားနိုင်တယ်။ အဲ့ဒါကြောင့် အခုနောက်ပိုင်းမှာ ကျွန်တော်တို့က အများအမြင်နဲ့ခြုံကြည့်လိုက်တဲ့အခါ မသင့်တော်ဘူးလို့ထင်တဲ့အတွက် ဆင်ခြင်တဲ့အပိုင်းလေးတွေ ရှိသွားပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ ကန့်လကာ နောက်ကွယ်မှာတော့ တကယ့်မောင်နှမအရင်းတွေလို နေကြတာပါ။

-Myanmar Idol မှာ Presenter အနေနဲ့လုပ်ရတော့မယ်ဆိုတော့ ဘာတွေကိုအဓိကလေ့လာဖြစ်လဲ။

အစကတည်းက ကျွန်တော်က တီဗီရှိုးတွေတော်တော်များများကိုကြည့်တယ်။ နောက် တခြားနိုင်ငံက Presenter တွေကိုကြည့်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ ဥရောပဘက်က လူတွေကကျတော့ ကျွန်တော်တို့ထက်ယောကျာ်းပိုပီသပြီး အမွှေးအမျှင်ထောင်ထောင်မောင်းမောင်းနဲ့ဘဲကြီးတွေကို ဒီနေရာမှာထားတတ်ကြတယ်။ ကျွန်တော်တို့ အရှေ့တိုင်းမှာက နုနုနယ်နယ်လေးတွေကို ထားတတ်ကြတာများတယ်။ သူတို့ရဲ့ Presentation တွေကိုလေ့လာဖြစ်တယ်။ Ryan Seacrest ကိုကျတော့ ပိုပြီး ကြည့်တယ်။ သူ့ရဲ့ ဒိုင်ယာလော့ခ်တွေကို ဗမာမှုပြန်ပြုထားတာမျိုးရှိတယ်။

Voting ပိုင်းနဲ့ပတ်သက်ပြီး Troll လေးတွေလဲ လုပ်လာကြတဲ့အပေါ် အစ်ကို့ရဲ့ အမြင်ကဘယ်လိုရှိလဲ။

Voting နဲ့ပတ်သက်ပြီး Troll တွေလဲ အများကြီး ကျွန်တော်အပါအ၀င် ဒိုင်သုံးယောက်ပေါ့။ ကြားဖြတ်ပြီးတော့ပြောပါရစေ။ ကျွန်တော်အဲ့ဒီ Troll လုပ်တဲ့သူတွေကိုလဲ ရွဲ့ပြောတာ မဟုတ်ဘူး။ တကယ် ကျေးဇူးတင်တယ်။ သူတို့ Troll လုပ်လို့မသိတဲ့သူလဲ သိသွားရတယ်။ ကျွန်တော်ဆို အဲ့ဒီ Troll လေးတွေကို ချစ်တယ်။ ဘယ်လောက်တန်ဖိုးထားလဲဆိုရင် Print ထုတ်ပြီး ဘောင်နဲ့ထည့်ထားတယ်။ သဘောကျလို့ပါ။ ကျွန်တော့်ဘ၀ရဲ့ မှတ်တိုင်နဲ့ အမှတ်တရတစ်ခုဖြစ်လို့ပါ။

-Handmade လေးတွေရော အရင်လို လက်ခံလုပ်ပေးဖြစ်သေးလား။

Handmade ကမှာရင်တော့ လုပ်ပေးတယ်။ ဒါပေမဲ့အချိန်မရှိတဲ့အတွက် အရင်ကလောက်တော့ အားစိုက် မလုပ်ဖြစ်တော့ဘူး။ အဲ့ဒါလေးကတော့ ဆက်ရှိနေပါတယ်။ ကိုရဲလေးတောင်ပြီးတဲ့ အပတ်ကမှာလို့လုပ်ပေးလိုက်သေးတယ်။ အဲ့ဒီမှာ ဖိတ်စာရတယ်။ ပန်းချီဆွဲတဲ့ဘောက်စ်လေးတွေ ရတယ်။ မွေးနေ့ကဒ်၊ နှစ်ပတ်လည်ကဒ်၊ ကလေးမွေးတဲ့ကဒ်လေးတွေ၊ လုပ်ပေးဖြစ်တယ်။ ဈေးကတော့ အောက်ထစ် ၃၀၀၀ ကနေစတယ်။ နောက်ကျတော့ ကာစတမ်မာစိတ်ကြိုက်ပေါ့။ ကာစတမ်မာက ဒီလောက်ဖိုး လုပ်ပေးပါဆိုလုပ်ပေးလိုက်တယ်။ အဲ့ဒီမားကတ်ကိုလဲဝါသနာပါတယ်။

-လက်ရှိ အချစ်ရေးကဘယ်လိုရှိလဲ။

အချစ်ရေးက ကောင်မလေးကို လိုက်နေတုန်းပါ။ သူက အပြင်ကပါပဲ။ ကျွန်တော့ဆီမှာ Birthday Card မှာရင်း စတွေ့တာပါ။ ကောင်မလေးက ကျွန်တော့အရပ်လောက်ရှိတယ်။ ကဒ်မှာရင်းနဲ့မုန့်တွေဘာတွေတူတူစားဖြစ်တယ်။ အခုတော့ လိုက်နေတုန်းပါပဲ။

-အချစ်ဆိုတာကိုရော ဘယ်လိုမျိုးနားလည်ထားလဲ။

အချစ်ဆိုတာ ပထမဆုံးတစ်ချက်က အေးချမ်းတယ်လို့တွေးရင်အေးချမ်းမှုကို ရတယ်။ နောက်တစ်ခုက ကိုယ့်ကိုကိုယ်ချစ်လို့သူများကို ချစ်တာ အတ္တပေါ့။ တခါတလေကျတော့လဲ နားလည်မှုဆိုတာ လိုတယ်။ အဲ့ဒီစကားက လူတိုင်းပြောနေကျစကား ပြောရတာ လွယ်သလောက် လုပ်ရတာခက်တဲ့ ကိစ္စပေါ့။ လုပ်ဖို့တော်တော်ခက်တဲ့ ကိစ္စကို တကယ်အဓိပ္ပါယ်ကျကျ အတွင်းကျကျ နားလည်နိုင်တဲ့သူနှစ်ယောက်မှရေရှည် အဆင်ပြေမှာပါ။ ကျွန်တော်ကတော့ သုံး ခုစလုံးကို ချိန်ပြီး လှုပ်ရှားနေပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.