ကိုယ့်ကို သီချင်းအေးအေးလေးတွေ မဆိုနိုင်ဘူးလို့ထင်ကြတဲ့ ပရိသတ်တွေအတွက်EDM ရော သီချင်းအေးအေးလေးတွေရောကို မျှအောင်လုပ်ဖြစ်တာပါလို့ဆိုလာတဲ့ Ar-T

12835004_1718954695030108_1517136380_n.jpg

သီချင်းဟောင်းကို ပြောင်းလဲသီဆိုသူထဲမှာ ပရိသတ်ရဲ့ လက်ခံမှုကို အပြည့်အ၀ရရှိထားသူကတော့ Ar-T ပါ။ သီချင်းချိုချိုအေးအေးလေးတွေလဲ ပိုင်နိုင်သလို မြူးကြွတဲ့သံစဉ်တွေနဲ့လဲ အသားကျလှသူမို့ ပရိသတ်ရဲ့ ချစ်ခင်မှုနဲ့အားပေးမှုကို ရရှိထားသူလို့ပြောရင်လဲ မမှားဘူးလို့ ဆိုရမှာပါ။ အင်တာနေရှင်နယ် ပွဲတော်တော်များများနဲ့နှံ့စပ်ကျွမ်းဝင်သလို သီချင်းရေးတဲ့နေရာမှာလဲ အထာကျလှသူမို့ပရိသတ်ရဲ့ အားပေးမှုဟာ ၂၀၁၆ ထဲမှာပိုမိုပြင်းထန်လာတာကိုတွေ့နေရပါတယ်။ ထိုအချက်တွေကို ပိုင်ဆိုင်ထားတဲ့ Ar-T နဲ့တွေ့ဆုံခိုက်မှာ သိလိုသမျှကိုမေးမြန်းဖြစ်ခဲ့တာကတော့

-အရှေ့မှာ ဘန်ကောက်က ပြန်လာတာတွေ့ရတယ်။ အဲ့ဒါလေးကိုအရင်ပြောပြပေးပါဦး။

ဟုတ်ကဲ့။ ဘန်ကောက်က အ၀တ်အစား သွားဝယ်တာပါ။ ကျွန်တော်ကဖက်ရှင်နဲ့ပတ်သက်ရင် အရမ်း ဦးစားပေးတော့ ဒီမှာအ၀တ်အစားဝယ်ရတာ အရမ်းခက်တယ်။ ဟိုမှာက ဒီဇိုင်နာ brand တွေရှိတယ်။ အဓိက ဘန်ကောက် local တွေရဲ့ ဒီဇိုင်နာ brand ကို သွားဝယ်တာပါ။ ဟိုမှာ ၃ ရက်လောက်ပဲကြာခဲ့ပါတယ်။

-အခုလက်ရှိ ဂီတလှုပ်ရှားမှုလေးကိုလဲ သိချင်ပါတယ်။

အခုလက်ရှိက ၂၆ ရက်နေ့ကျရင် ပတ္တမြား FM ရဲ့ Live Show ရိုက်ဖို့ရှိတယ်။ မီးမဆော့နဲ့တဲ့ ဦးပလေးဘွိုင်းသန်းနိုင်ရဲ့ သီချင်းဟောင်းပါ။ အဲ့ဒါကို ပြန်ပြီး ဆန်းသစ်သီဆိုထားတာပါ။ အခွေက ထွက်ပြီးသွားပါပြီ။ ဗီစီဒီရိုက်မှာပေါ့။ ဒီနေ့အကဆရာ ကိုလင်းထက်သူနဲ့စကားပြောပြီးတိုင်ပင်နေတာပေါ့။

-တခြားအဆိုတော်တွေ သီချင်းဟောင်းတွေကို ပြန်လည်ဆန်းသစ်ပြီး သီဆိုတဲ့အခါ လက်မခံတာမျိုး ရှိတယ်။ အစ်ကိုပြန်ဆိုတဲ့ သီချင်းဟောင်းတော်တော်များများကျတော့ ပရိသတ်နဲ့အပေးအယူတည့်တာမျိုးတွေ့ရတယ်။

သီချင်းအဟောင်းက ပြောင်းမယ်ဆိုလဲ အဆုံးစွန်ပြောင်းမှပဲ အဆင်ပြေမှာ အရင်ရဲ့ ဟာကို မမှီနိုင်မှာလဲကြောက်တယ်။ နည်းနည်းလဲ အချိန်ပိုပေးရတယ်။ အရင်တုန်းက သီချင်းကို မတိမ်းမယိမ်းပြန်လုပ်မယ်ဆိုရင်တော့ အရင် အဆိုတော်အဟောင်းကိုမှီမှာ မဟုတ်ဘူး။ အဲ့ဒါကသေချာတယ်။ အဲ့ဒီတော့ ကိုယ့်လိုင်းထဲကို ဆွဲခေါ်တာပေါ့။ ကိုယ်ပိုင်တဲ့ လိုင်းဖက်ကိုဆွဲခေါ်ရတာပေါ့။ အဲ့ဒါက အန္တရယ်ရှိတယ်။ ကိုယ်ပြောင်းမဲ့ဟာနဲ့လိုက်မလိုက်တော်တော်စဉ်းစားရတယ်။ ညမွှေးပန်းတုန်းကဆိုရင် EDM ဖက်ကို သွားတာပေါ့။ အခု မီးမဆော့နဲ့ကျတော့ Trap  ဖက်ကိုသွားထားတာပေါ့။ သီချင်းရွေးတာကလဲ တော်တော်အချိန်ပေးရတယ်။ ဒီပတ္တမြား FM နဲ့ရန်တောင်ဖြစ်ရတယ်။ ခေတ်သစ်သီချင်းထဲပြန်ပြောင်းဖို့အတွက် အဓိက Tempo အရင်ကြည့်ပြီး ချိန်ရတယ်။ Trap မြူးဆစ်ထဲကို ဆွဲခေါ်လို့ရမရပေါ့။ အဲ့ဒီလိုလုပ်ပြီးမှ အဲ့ဒီသီချင်းတစ်ပုဒ်ကဖြစ်မှာပေါ့။ တော်တော်တော့ အချိန်ပေးရပါတယ်။

-သီချင်းဟောင်းတွေပြန်ဆိုဖြစ်တာကရော ဘာကြောင့်များလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် ငယ်ငယ်တုန်းက ကျွန်တော် ဗမာသီချင်းအရမ်းနားထောင်တယ်။ ငယ်ငယ်လေးကတည်းကတင် အဆိုတော်ဖြစ်ခဲ့ရင်တော့ပြန်ဆိုမယ်ဆိုတဲ့ သီချင်းတွေရှိခဲ့တယ်။ အဲ့ဒါကြောင့်လဲ သီချင်းဟောင်းတွေပြန်ဆိုဖြစ်တာပါ။

-Ar-T ဆိုရင် ပရိသတ်တွေက EDM ရော ချိုချိုအေးအေးလေးတွေရော အားလုံးကို လက်ခံတာတွေ့ရတယ်။

ှAr-T က လုပ်ခါစတုန်းက သီချင်းအအေးလေးတွေ မလုပ်ဖြစ်ဘူး။ EDM လောက်ပဲဆိုတော့ ကျွန်တော့်ကိုဆို သီချင်းအအေးလေးတွေ မရဘူးလို့ထင်ကြတယ်။ ကျွန်တော်က အမြဲတမ်းပြောင်းလဲနေမှ ဘယ်သူ့ကိုမှမမှီခိုချင်ဘူးဆိုတော့ ကျွန်တော်ပထမခွေ ထွက်ပြီးတဲ့အချိန်မှာ ပုံစံအဆန်းလေးတွေပြောင်းပြောင်းသွားတယ်။ ပရိသတ်ကိုလဲ အသစ်အသစ်တွေလဲပေးမယ်။ အဲ့ဒါကြောင့် အေးအေးလေးတွေရော၊ အမြူးရောကို လုပ်ဖြစ်သွားတာပါ။

-ထွက်ရှိထားတဲ့ လွင်ပြင်အခွေအခြေအနေလေးကိုလဲသိချင်ပါတယ်။

သူကစီဒီဆိုတော့ ဖြေးဖြေးချင်းသွားလိမ့်မယ်။ အခုလဲ ပရိသတ်တွေ အွန်လိုင်းမှာ ပို့စ်တင်တာမျိုးလေးတွေတွေ့လာရတယ်။ အဲ့ဒီအခွေက တော်တော်လေးလဲရောင်းရတယ်။ အမ်တီဗီကိုတော့ ကျွန်တော်သင်္ကြန်ပြီးရင်စပြီးအကောင်အထည်ဖော်ပါမယ်။

-သင်္ကြန်ကတော့ ဘယ်မှာရှိမလဲ။

ရန်ကုန်မှာပါပဲ။ MRTV 4 မှာရှိမယ်။ နောက်ဟာတွေကတော့ ကူးပြီးဆိုပါမယ်။

-သင်္ကြန်အတွက်သီချင်းတွေလုပ်ထားတာမျိုးရောရှိမလား။

ကျွန်တော်က သင်္ကြန်သီချင်း မလုပ်ဘူးခင်ဗျ။ ကျွန်တော့်သီချင်းတော်တော်များများက သင်္ကြန်လိုပဲ အမြူးတွေပဲဆိုတော့ ထူးပြီး မလုပ်ဖြစ်တော့ဘူး။ တစ်နှစ်ပတ်လုံး ဆိုသမျှက အမြူးတွေကြီးပဲဖြစ်နေတဲ့အခါကျတော့လေ။ မနှစ်ကတောင် တစ်ပုဒ်လုပ်ဖြစ်တယ်။ ဒီနှစ်ကတော့ မလုပ်ဖြစ်တော့ပါဘူး။

-ဒီကြားထဲမှာ ဆိုပြီးတဲ့ပွဲတွေနဲ့ အခြားလက်ခံထားတဲ့ပွဲတွေကိုလဲသိချင်ပါတယ်။

ငွေဆောင်ပွဲဆိုပြီးပြီ။ လားရှိုးပွဲရှိမယ်။ မန္တလေးပွဲရှိပါမယ်။

-နိုင်ငံတကာပွဲတော်တော်များများမှာလဲ အစ်ကို့ကိုတွေ့နေရတယ်နော်။

အဲ့ဒါကလဲ တော်တော်အန္တရယ်များပါတယ်။ ကိုယ့်မြူးဆစ် Trend အောက်နေရင် သူတို့နဲ့ယှဉ်ရင် ကိုယ်ကသေမဲ့အကွက်တွေ အဲ့ဒါကြောင့်မြူးဆစ်ကို အမြဲတမ်းအသစ်အဆန်းဖြစ်အောင်လုပ်ထားရတာပေါ့။ သူတို့နိုင်ငံခြားကသူတွေနဲ့ Stage တစ်ခုတည်းပေါ်မှာ ဖျော်ဖြေရမဲ့အခါ ကိုယ့်ဖက်ကလျော့လို့မရဘူး။ အဲ့ဒါကြောင့်ကိုယ့်ဖက်က သီချင်းကိုပြန်တီးရတယ်။ အခုပြီးခဲ့တဲ့ Together Festival မှာဆိုရင်လဲ ကျွန်တော်နဲ့ကိုဝိုင်းနဲ့ ညမွှေးပန်းကို ဖွင့်တယ်။ ဆိုတယ်။ ဒါပေမဲ့အရင် Version နဲ့တော့ မဟုတ်တော့ဘူး။ Festival မှာဖွင့်တဲ့ Version ဖက်ကိုသွားထားတယ်။

-အဲ့ဒီလိုပွဲကြီးတွေဆို တော်တော်များများ မပါကြတာများတယ်။ အစ်ကိုကျတော့ရော ဘယ်လိုအချိတ်အဆက်နဲ့ အမြဲလိုလိုပါဝင်သီဆိုဖြစ်နေတာလဲ။

အချိတ်အဆက်နဲ့တော့မဆိုင်ဘူးပေါ့။ အဓိကက မြူးဆစ်ပဲ။ ကျွန်တော်ကိုယ့်အလုပ်ပေါ် ကိုယ်သစ္စာရှိတယ်။ အမြဲတမ်း Commercial ဖက်ကို မသွားဘူး။ အဆန်းအစ်ဖက် ပရိသတ် လက်မခံတဲ့ဖက်ကိုပဲ အမြဲသွားနေတာများတော့ ခေတ်ဆန်တယ်ခေါ်မှာပေါ့။ အဲ့ဒါကြောင့်ပါ။

-လာမဲ့ ငါးလပိုင်းမှာလဲ Together Festival တစ်ခုရှိသေးတော့ အဲ့ဒီပွဲမှာရော ပါဝင်ဖြစ်ဦးမလား။

မသေချာဘူးခင်ဗျ။ ကျွန်တော်ကိုယ်တိုင်လဲ မသေချာသေးလို့ပါ။

-နောက်ထပ်ဖန်တီးနေတဲ့ တစ်ကိုယ်တော်အခွေတွေ ဘာတွေရော ရှိဦးမလား။

ကျွန်တော်ဆွီဒင်မှာသွင်းလာတဲ့ သီချင်း ၄ ပုဒ်တော့ရှိပါတယ်။ mini များဖြစ်မလားတော့ အတိအကျပြောလို့ မရသေးဘူး။ ဆရာညီညီသွင်ဆီက တစ်ပုဒ်ရထားတယ်။ နောက်ကိုရွှေဂျော်ဂျော်ဆီမှာ တစ်ပုဒ်အပ်ထားပြီးပြီ။ ကိုဇ၀ါဆီမှာလဲ အပ်ထားပြီးပြီ။ ကိုယ်ကလဲရေးဖို့စနေပြီပေါ့။ မြန်မယ်ထင်တယ်။ ၄ပုဒ်က ဆွီဒင် စတော့ဟုမ်းမြို့မှာ သွင်းထားတာပါ။ ဒီက ပရိုဂျူဆာတစ်ယောက်က အဲ့ဒီက နာမည်ကြီးတေးရေးဆရာတစ်ယောက်နဲ့ချိတ်ပေးတာပေါ့။ ကျွန်တော်တို့သီချင်းရေးပေးတဲ့ သူနှစ်ယောက်က ကိုရီးယားက 4 Minutes တို့၊ Girl Generation တို့၊ Super Junior တို့ကိုရေးပေးတာဆိုတော့ သွားတုန်းက ဒီတိုင်းသွားတာ သူတို့မှန်းလဲမသိဘူး။ နောက်မှသူတို့မှန်းသိတာ၊ အဲ့ဒီမှာကျွန်တော်ကြိုက်တဲ့ သီချင်းတွေ အများကြီးပါတယ်။ ဟိုရောက်တော့ သီချင်း ၄ ပုဒ်လုပ်ပါတယ်။ တစ်ပုဒ်က Ar-T ရေးတာ၊ နောက်တစ်ပုဒ်က ဆရာရွှေဂျော်ဂျော်ရေးတာ၊ နောက်နှစ်ပုဒ်က ကျွန်တော်နဲ့အဲ့ဒီကတေးရေးဆရာ နှစ်ယောက်ပေါင်းရေးဖြစ်တယ်။ သူတို့လက်ခံတယ်။ မြန်မာပြည်က Artist တွေ မဖြူ၊ ရေဗက္ကာ၊ ကျားပေါက်၊ Ar-T အဲ့ဒီ ၄ယောက်ကို သူတို့လက်ခံတယ်။ နောက် အဖွဲ့ဖွဲ့ထားတဲ့အ ငယ်နှစ်ယောက်လဲပါတယ်။ အစက၁ပုဒ်ပဲလုပ်ဖို့သွားတာ ၄ပုဒ်လုပ်ဖြစ်သွားတယ်။ နောက်တခြားအဆိုတော်တွေလဲ လုပ်ပါတယ်။ နောက် သင်္ကြန်အပြီးမှာ အင်္ဂလိပ်သီချင်း ၂ပုဒ်အွန်လိုင်းကနေရောင်းပါမယ်။ ကိုကျားပေါက်တီးပြီးရေးပေးထားတာပါ။ နောက်တစ်ပုဒ်ကသူငယ်ချင်းတစ်ယောက်ရေးပေးထားတာပါ။

-အခုလက်ရှိနားထောင်နေတဲ့ သီချင်းလေးတွေရှိရင်လဲ သိချင်ပါတယ်။

Adele ရဲ့ All I Ask ဆိုတဲ့ သီချင်းကို နားထောင်ဖြစ်နေပါတယ်။ အဲ့ဒါအပြင်ထွက်သမျှသီချင်းအကုန်နားထောင်ဖြစ်တယ်။

-စတက်လာခါစတုန်းက ဒီလောကထဲမှာ တစ်ယောက်တည်း ရုန်းကန်ခဲ့ရတယ်ပေါ့။ အခုလက်ရှိအနေအထားမှာ ပရိသတ်လဲ အတော်အသင့် လက်ခံနေပြီဆိုတော့ အဲဒီအပေါ် အစ်ကို့ရဲ့ အမြင်နဲ့ပြန်လည်သုံးသပ်ချက်လေးကိုလဲသိချင်ပါတယ်။

လူဆိုတာကြိုးစားရင် အချိန်တန်ရင် နေရာတစ်ခုကတော့ ပုံမှန်ရမှာပဲပေါ့။ ဒါပေမဲ့ အောင်မြင်တယ်။ မအောင်မြင်ဘူးကျတော့ ကျွန်တော်ပြောလို့မရဘူး။ ကိုယ့်ဟာကိုယ်အောင်မြင်တယ်ထင်ရင် ဒုက္ခရောက်မယ့်နေ့ပဲ။ ကိုယ့်ကိုကိုယ်လဲအောင်မြင်တယ်လို့ မထင်ပါဘူး။ အခုနောက်ပိုင်းလူတွေနဲ့သိပ်မတွေ့ဖြစ်တော့ဘူး။ အိမ်မှာပဲနေတာများတယ်။ လူမှုရေးလဲသိပ်မလုပ်ဖြစ်တော့ဘူး။ ဆိုင်နဲ့အိမ်ပဲကူးနေတာများပါတယ်။

-နောက်ကိုယ့်ဆိုဖို့ရေးတဲ့သီချင်းနဲ့သူများဆိုဖို့ကိုရေးပေးရတဲ့သီချင်းဆို အစ်ကို့အတွက်ဘယ်လိုကွာခြားချက်ရှိမလဲ။

တချို့ကျတော့ Ar-T သူရေးတဲ့ သီချင်းသူပဲကြိုက်မှာပေါ့။ ကောင်းတဲ့သီချင်းသူပဲယူမှာပေါ့ဆိုပြီး ပြောကြတယ်။ တကယ်တမ်းက မဟုတ်ဘူး။ ပြောရရင်တော့ ထင်ချင်စရာပါ။ ဒါပေမဲ့ ကိုယ်ကရေးပြီဆိုကတည်းက ကိုယ်ပဲဆိုဆို သူများပဲဆိုဆို ကိုယ့်နာမည်က ပါနေမှာပဲ။ မကောင်းရင် ကိုယ်လဲခံရမှာပဲ။ အဲ့ဒီတော့မဆိုင်ဘူး။ အားလုံးကို အားစိုက်ပြီးလုပ်ပါတယ်။

-ပရိသတ်ကိုထပ်မံ ပြောပြချင်တာများရှိသေးရင်လဲ သိချင်ပါတယ်။

ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံဆိုတဲ့ ဒီခေါင်းစဉ်ရဲ့အောက်ကနေ သွားနေပါတယ်။ ဘယ်နိုင်ငံရောက်ရောက် ဒီခေါင်းစဉ်ရဲ့အောက်ကနေပဲ ရှိနေပါမယ်။ အဲ့ဒါကြောင့်အားပေးပါလို့ပြောချင်ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.