၂ နှစ်နီးပါးကြာ အားကောင်းတဲ့ မီဒီယာ လုပ်ငန်းစုတစ်ခုအနေနဲ့ ရပ်တည်လာခဲ့တဲ့ မီဒီယာ 7 အကြောင်း ပြောပြသွားတဲ့ ဝေမင်းမောင်

12476373_1716994441892800_159285964_n.jpg

အောင်မြင်တဲ့ မီဒီယာလုပ်ငန်းတစ်ခုအနေနဲ့ ရပ်တည်လာခဲ့တဲ့ မီဒီယာ 7 ဟာဆိုရင် လာမဲ့ ၇လပိုင်းမှာ နှစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။ နှစ်နှစ်တင်းတင်းပြည့်လာခဲ့သလို နိုင်ငံတကာက အနုပညာရှင်များနဲ့ချိတ်ဆက်ပြီး မြန်မာနိုင်ငံက သရုပ်ဆောင်တွေနဲ့ ဖက်ဆက်ရိုက်ကူးတဲ့ ဇာတ်ကားများ၊ ပရဟိတလုပ်ငန်းများကို အနုပညာရှင်များနဲ့ပူးပေါင်းလုပ်ကိုင်မှုများ၊ ဇာတ်လမ်းတွဲရိုက်ကူးမှုများ၊ စားသောက်ကုန်လုပ်ငန်းများနဲ့ အားကောင်းတဲ့ မီဒီယာလုပ်ငန်းစုတစ်ခုလို့ပြောရင်တောင် မမှားပါဘူး။ ခုလည်း မီဒီယာ 7 ဟာ ၂၀၁၆ မှာ Frenzo ၊ VeVe တို့နဲ့စာချုပ်ချုပ်ဆိုမှုတွေရှိခဲ့တာကြောင့် စတင်ရပ်တည်လာခဲ့တဲ့ အချိန်မှစတင်ကာ ယနေ့အချိန်ထိ မီဒီယာ 7 နဲ့ပတ်သက်ပြီး သိလိုသမျှအ၀၀ကို မီဒီယာ 7 ကတာဝန်ရှိသူ ကိုဝေမင်းမောင်အားမေးမြန်းဖြစ်ခဲသမျှကတော့

-Media 7 ကိုတည်ထောင်တာ အချိန်ကာလ အနေနဲ့ ဘယ်လောက်ရှိပြီလဲဆိုတာကိုသိချင်ပါတယ်။

အခုလာမဲ့ ၇လပိုင်းမှာ ၂ နှစ်ပြည့်ပါပြီ။ စပြီးတည်ထောင်တုန်းက ဆီဂိမ်းမတိုင်ခင် ADMA ဆိုတဲ့ မီဒီယာနာမည်နဲ့ပါ။ ဒါပေမဲ့ ဒီဖက်က အနုပညာလှုပ်ရှားမှုအပိုင်း မီဒီယာ 7 အနေနဲ့ကတော့ ဒီခုနစ်လပိုင်းဆို ၂ နှစ်ပြည့်ပါပြီ။

-စိုင်းစိုင်းတို့ Frenzo နောက် Ve Ve နဲ့ အစ်ကိုတို့ မီဒီယာ 7 စာချုပ်ချုပ်ဖြစ်ပုံလေးကိုလဲသိချင်ပါတယ်။

အဲ့ဒါက ကိုယ်တို့မီဒီယာ 7 အနေနဲ့အလုပ်လုပ်လာမှု အတိုင်းအတာလေးတစ်ခုမှာ ဘယ်လိုလဲဆိုတော့ ကိုယ့်ရဲ့ အဓိကပြင်ပလုပ်ငန်းက Indoor , Outdoor Advertising လုပ်ငန်းပေါ့။ ဘေဘုတ်တွေ၊ ကားဘတ်စ်မှတ်တိုင်ကြော်ငြာတွေ၊ နောက်ပြီး ဓာတ်တိုင်ကြော်ငြာတွေ၊ နောက် MRTV 4 ၊ Channal 7 ၊ မြ၀တီ ၊ Sky Net နောက် မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ အစ်ကိုတို့ကြော်ငြာထည့်တာမျိုးတွေ အဲ့ဒီအပိုင်းတွေကို တာဝန်ယူဖြစ်တယ်။ အဲ့ဒီကနေ ရုပ်ရှင်နဲ့ပတ်သက်တဲ့ဟာတွေကိုပါ ဆက်လုပ်လာခဲ့တယ်။ နောက်တစ်ခုက အစ်ကိုတို့မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြောင်းလဲလာတဲ့ အရာတစ်ခုမှာ ရင်းနှီးမြှုပ်နှံလာကြတဲ့ နိုင်ငံခြားကုမ္ပဏီတွေ များလာတယ်။ အဲ့ဒီမှာကိုယ်တို့ မီဒီယာလုပ်ငန်းတွေ အင်တာတိန်းမန့် လုပ်ငန်းတွေက အားကောင်းလာတယ်လို့ပြောလို့ရတယ်။ အဲ့ဒီမှာ အစ်ကိုတို့က နည်းလမ်းသစ်တွေ၊ နည်းလမ်းသစ်တွေ စဉ်းစားတဲ့အချိန်မှာ Event ပိုင်းနဲ့ပတ်သက်ပြီး ကိုယ်တို့ကအားကောင်းဖို့လဲလိုသေးတယ်ပေါ့။ အဲ့ဒီမှာဖရန်ဇိုရဲ့ ဦးဆောင်သူကိုစိုင်းနဲ့စကားပြောဖြစ်ပြီးတော့သူတို့ဖရန်ဇိုအဖွဲ့ဖွဲ့စည်းမယ်။ အဲ့ဒီမှာစိုင်းစိုင်းအပြင်၊ ဘန်နီ၊ Snare ၊ G-Fatt က ပင်တိုင်ပါမယ်။ ကျန်တဲ့အဆိုတော်တွေကတော့ ဧည့်သည်အနေနဲ့ပါကြမှာပေါ့နော်။ အဲ့ဒါကို မြန်မာပြည်အနှံ့ကို ပတ်မယ်ဆိုတော့ ကိုယ်တို့ကလဲ အိုကေ ကျွန်တော်တို့ပါမယ်ပေါ့။ ပါမယ်ဆိုတာက အဓိကကဒီလို ကျွန်တော်တို့မီဒီယာ 7 က မီဒီယာနဲ့မားကတ်တင်း မူပိုင် Right ကို ဖရန်ဇိုဆီကနေ အပြတ်ဝယ်လိုက်တယ်။ ၂၀၁၆ ခုနှစ်အတွက် အပြတ်ယူလိုက်တယ်။ အဲ့ဒီတော့ ဘယ်ကုမ္ပဏီကပဲ ဖရန်ဇိုနဲ့ပတ်သက်တဲ့ပွဲကို စပွန်ဆာပေးချင်ပေးချင် ကိုယ်တို့နဲ့စကားပြောရမယ်။ အဲ့ဒီလိုမျိုး လုပ်လိုက်တဲ့အပေါ်မှာ VeVe က ၉၀ ရာခိုင်နှုန်း လောက်ပေါ့။ တစ်နှစ်ကို ၁၅ ပွဲလောက်မြို့အနှံ့ပတ်ဖို့ရှိတာကို  Ve Ve က ၁၂ ပွဲ ၁၃ ပွဲလောက် စပွန်ဆာပေးလိုက်တဲ့သဘောပေါ့။ အဲ့ဒီမှာကိုယ်တို့ပေါင်းချုပ်ဖြစ်တယ်။ ကျွန်တော်တို့စာချုပ်ရဲ့ ပထမဆုံးအကျုံးဝင်မှာက စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးပေါ့။ အဲ့ဒါက ရွှေထွဋ်တင်ကွင်းမှာ ကျင်းပမယ်။ အဲ့ဒါက မီဒီယာ 7 ၊ ဖရန်ဇို ၊ VeVe တို့ရဲ့ပထမဦးဆုံးပွဲပေါ့။

-အစ်ကိုတို့ မီဒီယာ 7 အနေနဲ့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲ ရိုက်ကူးမှုတွေလဲပြုလုပ်လာတာတွေ့ရတယ်နော်။ အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လဲပြောပြပေးပါဦး။

ကိုယ်တို့မြန်မာနိုင်ငံမှာ ဗီဒီယိုဈေးကွက်က သိပ်မကောင်းတဲ့ အနေအထားတစ်ခုဖြစ်နေတယ်။ အဲ့ဒီမှာ ရုပ်ရှင်ဇာတ်ကားတွေကြီးပဲ ရိုက်လာကြတယ်။ ဒါပေမဲ့လဲ ရုပ်ရှင်ရုံ နည်းပါးမှုကြောင့် တစ်ကားတစ်ကားကို ရိုက်ပြီးရင် ၂ နှစ် ၃ နှစ်လောက် အထိ စောင့်ရတယ်။ အဲ့ဒီအခါကျတော့ ကိုယ်တို့အနေနဲ့ဇာတ်လမ်းတွဲက ကိုယ်တို့မြန်မာနိုင်ငံမှ မဟုတ်ဘူး။ အာရှပတ်လည်မှာ အရမ်းကို အားကောင်းပြီး ထိုင်းဇာတ်လမ်းတွဲတို့၊ ကိုရီးယားဇာတ်လမ်းတွဲတို့ဆိုရင်နိုင်ငံခြားတွေထိသွားပြတဲ့ အနေအထားကိုရောက်နေပြီ။ ကိုယ်တို့မြန်မာနိုင်ငံကတော့ ဇာတ်လမ်းတွဲကိုကြည့်ရှုတဲ့ ပရိသတ်အပြည့်ရှိပေမဲ့ ကိုယ့်မြန်မာနိုင်ငံက ဇာတ်လမ်းတွဲတွေက MRTV 4 တို့ Sky Net တို့ကလွဲရင် ကျန်တဲ့ဟာတွေကများများ စားစားရိုက်ရင်ကောင်းမယ်ဆိုတဲ့ အိုင်ဒီယာလေးလဲ ရတယ်။ ဒီဖက်က မြန်မာမီဒီယာ 7 အုပ်စု ကအနုပညာရှင်တွေ အားလုံးကိုတိုင်ပင်ပြီးတော့ ဇာတ်လမ်းတွဲတွေရိုက်ကြမယ်ဆိုပြီး စဉ်းစားဖြစ်တယ်။ အဲ့ဒီမှာ ပထမဆုံး ဇာတ်လမ်းတွဲအနေနဲ့ ဒါရိုက်တာကိုသားညီနဲ့၂လပိုင်းအစမှာ Charm ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်တယ်။ ၃လပိုင်းအကုန်ဆို MNTV Channal လိုင်းမှာပြမယ်။ တနင်္ဂနွေနေ့တိုင်း ည ၇ နာရီမှာပြမယ်။ ပြန်လွှင့်တာကိုတော့ Channal 9 မှာ အပတ်စဉ်သောကြာနေ့တိုင်းပြန်လွှင့်မယ်။ ပြီးတော့ သင်္ကြန်အပြီးမှာဒါရိုက်တာ သြရသနဲ့ရွှေမိုးငွေမိုးသွန်ဖြိုးလို့ရွာဆိုတဲ့ ဇာတ်လမ်းကိုရိုက်မယ်။ အဲ့ဒီနှစ်ခုပြီးရင်တော့ နောက်ထပ်ဇာတ်လမ်းတွဲတွေထပ်ပြီးဖန်တီးဦးမှာပါ။

-Let’s Go program အနေနဲ့ရော ဘယ်တွေသွားဖို့ရှိဦးမလဲ။

Let’s Go အနေနဲ့က ၆လပိုင်း ၁၀ ရက်နေ့မှာ ပြင်သစ်ကို ထွက်မယ်။ Let’s Go to Europe ဆိုတဲ့ နာမည်နဲ့ ပြင်သစ်၊ အင်္ဂလန်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ စကော့တလန် သွားမယ်။ အဲ့ဒီနိုင်ငံ ငါးနိုင်ငံကိုသွားမယ်။ ၆လပိုင်း ၁၀ ရက်ကနေ ၂၅ ရက်နေ့ထိပါ။ ပရိုဂရမ်က ၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ နည်းနည်းဆန်းဆန်းလေးလုပ်ချင်တာနဲ့ ၄ နှစ်တစ်ခါကျင်းပတဲ့ ဥရောပဘောလုံးပြိုင်ပွဲကို ပြင်သစ်မှာ ဒီနှစ်ကျင်းပမှာဆိုတော့ အဲ့ဒီကိုဘောလုံးပွဲကြည့်ရင်းသွားမှာပါ။ Let’s Go ရိုက်ရင် ပါကျဖြစ်တဲ့ ဒါရိုက်တာဝင်းလွင်ထက်၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ နန်းမြတ်ဖြိုးသင်း၊ နန်းသူဇာ၊ bobby Soxer ပေါ့။

-ဗီယက်နမ်မင်းသမီးနဲ့ရိုက်မဲ့ကားကရော ဘယ်တော့လောက် စရိုက်ဖြစ်မလဲ။

အဲ့ဒါကတော့ ကျွန်တော်တို့ ၆လပိုင်း ၁၈ ရက်နေ့ကို စရိုက်ပါမယ်။ အစက ထိုင်းဒါရိုက်တာနဲ့ရိုက်မလို့ပဲ။ ဒါပေမဲ့ အခုကျွန်တော်တို့ဆီက ဒါရိုက်တာသြရသနဲ့ရိုက်မယ်။ အစက၂လပိုင်းရိုက်မလို့ပဲ။ ဒါပေမဲ့ ကိုနေတိုးကသြစတြေးလျခရီးစဉ်ရှိတဲ့အတွက်နောက်ဆုတ်ရင်းနောက်ဆုတ်ရင်း ၆လပိုင်းဖြစ်သွားတယ်။ ဒါပေမဲ့ မင်းသမီးက ၂၃ ရက်နေ့မှရောက်မယ်။ စရိုက်မှာက ၁၈ရက်နေ့ပါ။ ရန်ကုန်မှာပဲရိုက်မယ်။ အချစ်ရိုမန့်စ်ပဲ။ ကိုနေတိုးကကုမ္ပဏီပိုင်ရှင်သူဌေးတစ်ယောက်၊ ကောင်မလေးကတော့ ဗီယက်နမ်မင်းသမီးပဲ။ ထိုင်းဒါရိုက်နဲ့မရိုက်ဖြစ်တာက ဘာသာစကားသုံးမျိုးဖြစ်နေမှာစိုးလို့ အဲ့ဒါကြောင့်မို့အကုန်လုံးကိုမြန်မာ၊သူတစ်ယောက်တည်းကို ဗီယက်နမ်လုပ်လိုက်ရပါတယ်။

-အခုလက်ရှိမှာ ဖွင့်ဖြစ်နေတဲ့ဆိုင်လေးတွေအကြောင်းလဲသိချင်ပါတယ်။

အင်းလျားလမ်းမှာဖွင့်ထားတဲ့ Pastamania ကတော့ ကိုယ့်ရဲ့ပါတနာအုပ်စုကတစ်ယောက်ဖွင့်ထားတာပါ။ ကိုယ်ဖွင့်မှာကတော့ သိမ်ဖြိုမှာစားသောက်ကုန်နဲ့ပတ်သက်တဲ့ဆိုင်ဖွင့်မယ်။ အဓိကကိုယ်တို့ကုမ္ပဏီက တခြားတခြားလုပ်ငန်းတွေလဲ လုပ်ထားတာရှိပါတယ်။ အဓိက စားသောက်ကုန်လုပ်ငန်းက မ၀တ်ရင်နေမစားလို့ မရဘူးဆိုတဲ့ သဘောမျိုးနဲ့ဖွင့်ဖြစ်တာပေါ့။ ကိုယ့်ရဲ့ဆိုင်ကတော့ သေးသေးလေးကစပြီး အားလုံးရတယ်။ လူတန်းစားမျိုးစုံစားလို့ရတဲ့ ဆိုင်ပေါ့။ ရွှေစင်တဲ့ သိမ်ဖြိုမှာ ဖွင့်မှာပေါ့။ အဲ့ဒါကကိုယ့်ရဲ့သုံးဆိုင်မြောက်ဆိုင်ပါ။ ရှေ့နှစ်ဆိုင်က ပထမတစ်ဆိုင်ကရွှေရည်ဝင်းတဲ့ ယုဇနပလာဇာမှာဖွင့်ထားတယ်။ နောက်ရွှေမန်းကတော့ မန်းလေးမှာဖွင့်ထားတာပါ။ အခုအင်းလျားလမ်းမှာကိုယ့်ညီဖွင့်ထားတဲ့ Pastamania ဆို အနုပညာရှင်တွေတော်တော်များများဖွင့်တဲ့ဆိုင်လို့တောင်ပြောလို့ရတယ်။ အဲ့ဒါကဖွင့်တာ ၃ပတ်လောက်ပဲရှိသေးတယ်။ သိမ်ဖြူကဆိုင်ကတော့ ၁၂ ရက်နေ့ဖွင့်မှာပါ။ အမှတ် ၁၂ ၊ ၁၂၈ လမ်းထိပ်၊ ဦးအောင်မြတ်လမ်းမှာ ဖွင့်မှာပါ။ Pasamania ကကျတော့ အမှတ် ၇ ၊ အင်းလျားမြိုင်လမ်းမှာပါ။ နောက်တစ်ခုအနေနဲ့ချဲ့ထွင်ပြီး လုပ်ဖို့ရှိသေးတယ်။ အဲ့ဒါက အထည်လုပ်ငန်းပေါ့။ ဖြိုးလေးကလဲ Genius ဆိုင်ကလဲအရမ်းအောင်မြင်နေတော့သူနဲ့ကိုယ်နဲ့ပေါင်းပြီး brand အသစ်တစ်ခုလုပ်ဖို့ကိုတိုင်ပင်နေပါတယ်။

-မီဒီယာ 7  အနေနဲ့ ဆက်လုပ်သွားဖို့ရှိတဲ့ လုပ်ငန်းစဉ်လေးတွေကိုလဲ ပြောပြပေးပါဦး။

အလုပ်တွေကတော့ တောက်လျှောက်လုပ်ဖို့ရှိပါတယ်။ အခုပွင့်လင်းလာတဲ့အချိန်မှာ အားကောင်းတဲ့ မီဒီယာလုပ်ငန်းတစ်ခုကိုရပ်တည်နေတာဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အသစ်အဆန်းဖြစ်စေမဲ့အရာတွေ အားလုံးကိုဆက်လက်ပြီး လုပ်ဖို့ရှိတယ်။ ရုပ်ရှင်ဇာတ်ကားတွေလဲ အများကြီးလုပ်ဖို့ရှိတယ်။ ဇာတ်လမ်းတွဲတွေလဲ အများကြီးဖန်တီးဖို့ရှိတယ်။ ဆန်းသစ်တဲ့ကြော်ငြာတွေလဲအများကြီးရှိတယ်။ တေးသီချင်းအယ်လ်ဘမ်တွေ ထုတ်ဖို့လဲအများကြီးရှိပါတယ်။ ပြည်သူတွေဆီကို တိုက်ရိုက်သွားမှာဖြစ်သလိုပြည်သူတွေအတွက် လိုအပ်တဲ့ပရဟိတလုပ်ငန်းတွေကိုလဲ တောက်လျှောက်လုပ်ဖို့ရှိပါတယ်။ မျက်နှာသစ်တွေကိုလဲ တင်မြှောက်ဖို့ရှိပါတယ်။ အဲ့ဒါကြောင့်စောင့်မျှော်ကြည့်ရှုအားပေးပါဦးလို့ပြောပြချင်ပါတယ်။ 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.