အကြောင်းအမျိုးမျိုးကြောင့် ပရိုမိုးရှင်းမလုပ်ဖြစ်သေးတဲ့ ကမ္ဘာဦးရည်းစား အခွေပိုင်ရှင်ပိုပိုဟေသာနဲ့တွေ့ဆုံခြင်း

12825322_1716994315226146_465999037_n.jpg

ဖေဖော်ဝါရီ ၂၃ မှာထွက်ရှိခဲ့တဲ့ ပိုပိုဟေသာရဲ့ ကမ္ဘာဦးရည်းစားဆိုတဲ့ အခွေလေးဟာ အကြောင်းအမျိုးမျိုးကြောင့် ပရိုမိုးရှင်း မလုပ်ဖြစ်သေးပေမဲ့ သိတဲ့ ပရိသတ်တော်တော်များများရဲ့ ချစ်ခင်အားပေးမှုကြောင့် လူသိများတယ်လို့ဆိုရမလိုပါ။ တေးသံရှင်ပိုပိုဟေသာဟာ ဂီတသက်တမ်းနှစ်နှစ် နီးပါးဖြတ်သန်းရောက်ရှိပြီးဖြစ်သလို ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အများစုရဲ့ အားပေးမှုကိုခြူယူခဲ့သူလဲ သုံးသပ်ရင်လဲမမှားပါဘူး။ လက်ရှိမှာ YUFL ကိုရီးယား ဒုတိယနှစ်ကို တက်ရောက်သင်ကြားနေသလို မတ်လ ၁၈ ရက်နေ့မှာရှိတဲ့ စာမေးပွဲကြောင့် တစ်ကိုယ်တော်ခွေထွက်ထားပြီး ပရိုမိုးရှင်းမလုပ်ရသေးတဲ့ ပိုပိုဟေသာနဲ့တွေ့ဆုံခိုက်သူမရဲ့ ဂီတလမ်းကြောင်းတစ်လျှောက်ကို လှမ်းမျှော်ကြည့်ဖြစ်တဲ့အခါ

-အခုလက်ရှိမှာ ထွက်ရှိထားတဲ့ ကမ္ဘာဦးရည်းစား ဆိုတဲ့ အခွေလေးအကြောင်း ကိုအရင်ပြောပြပေးပါဦး။

အခုလောလောဆယ်က ကမ္ဘာဦးရည်းစားဆိုတဲ့ အခွေလေးထွက်ထားတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကပေါ့။ ပရိုမိုးရှင်းတောင် မလုပ်ဖြစ်လိုက်ဘူး။ ၁၈ ရက်နေ့မှာ ဟေသာ  စာမေးပွဲရှိတဲ့အတွက် ဒီကြားထဲမှာ ဘာမှလုပ်ဖြစ်မှာ မဟုတ်သေးဘူး။ စာမေးပွဲပြီးရင်တော့ ပရိုမိုးရှင်းက လုပ်ဖြစ်ရင်လဲလုပ်ဖြစ်မယ်ပေါ့။ ဘာလို့လဲဆိုတော့ အခုက သုံးလပိုင်းရောက်နေပြီဖြစ်တဲ့အတွက်နောက်လဆို သင်္ကြန်ရောက်ပြီဆိုတော့ အဆင်ကမပြေပြန်ဘူး။ ပြီးတော့ ဟေသာ အခွေထဲမှာလဲ Featuring အနေနဲ့က ကိုအားတီတစ်ယောက်ပဲပါတဲ့အတွက် ပရိုမိုးရှင်းလုပ်ရင် တခြားအနုပညာရှင်တွေကိုလိုက်ဖိတ်ရတာမျိုးတွေရှိမယ်။ အခုပွင့်လင်းရာသီ သင်္ကြန်နားနီးရင် အနုပညာရှင်တော်တော်များများက မအားကြတာများတယ်။ အဲ့ဒါကြောင့် အခုစာမေးပွဲကို အရင်ဖြေနေတယ်။ စာမေးပွဲပြီးရင်တော့ လုပ်ဖြစ်မလုပ်ဖြစ်က တိတိကျကျသိရပါပြီ။

-ထွက်ထားတဲ့ အခွေလေးနဲ့ပတ်သက်ပြီး ပရိသတ် Feedback ကရော ဘယ်လိုရှိလဲ။

ပရိသတ်တော်တော်များများကြိုက်ကြပါတယ်။ သိတဲ့သူတော်တော်များများပေါ့လေ။ ဟေသာ အခွေထဲက သီချင်း တော်တော်များများကိုကြိုက်ကြတယ်။ အခွေက ပရိုမိုးရှင်းမလုပ်ထားတဲ့အခါကျတော့ ဆိုင်ပေါ်မှာ တင်ရောင်းရတာပေါ့လေ။ ဒါပေမဲ့ ဟေသာက အသစ်တစ်ယောက် လဲဖြစ်တယ်။ ပရိုမိုးရှင်းလဲ မလုပ်ထားတာတောင် သိတဲ့ ပရိသတ်တွေကအားပေးကြတယ်။ အခုဆို အခွေက ဒုတိယတစ်ခါထပ်မှာလို့ပို့ပြီးသွားပြီပေါ့။ အဲ့ဒီအပေါ်ကျေနပ်မိပါတယ်။ သီချင်းကတော့ မထပ်ပါဘူး။ ပရိသတ် တစ်ယောက်တစ်မျိုးပေါ့။ နွေ၊ နောက်မလာပါနဲ့ မညာပါနဲ့ ၊ လွမ်းငွေ့ဝေေ၀၊ Star Online အဲ့ဒီသီချင်းလေးတွေတော့ပြောကြတယ်။

-ဂီတလောကထဲကို စ၀င်ဖြစ်တာကရော ဘယ်လိုအကြောင်းမျိုးကြောင့်လဲ။

ဂီတကို သာ ငယ်ငယ်လေးကတည်းက ၀ါသနာပါတယ်။ ဖေဖေလဲရှိတော့ ဒီလောကနဲ့ကလဲ မစိမ်းဘူးပေါ့။ ဟေသာ ၁၄ နှစ်အရွယ်မှာ ဟေသာ့ ကို ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းလေးဆိုဖို့အတွက် 9' Night ပရိုဂျူဆာ ဖြစ်တဲ့ ဦးရွှေကနေ ကမ်းလှမ်းတယ်။ ဦးရွှေနဲ့ကလဲ ငယ်ငယ်လေးကတည်းကခင်တာဆိုတော့ ဦးရွှေကိုလဲ ဆိုပြဖြစ်တယ်။ အဲ့ဒီမှာ ဦးရွှေက ငါနင့်ကိုစောင့်တော့မယ်ဆိုပြီးပြောတယ်။ အဲ့ဒါနဲ့ပဲ ဟေသာ အဲ့ဒီချစ်တဲ့စိတ်ဆိုတဲ့ သီချင်းလေးကိုစပြီးဆိုဖြစ်တယ်ပေါ့။

-ချစ်တဲ့စိတ်ဆိုပြီး နောက်တစ်ဆင့်အနေနဲ့ ပရိသတ်တစ်စတစ်စ သိလာပုံလေးကိုလဲပြောပြပေးပါဦး။

ချစ်တဲ့စိတ်ထွက်ပြီး ရေဒီယိုမှာလွှင့်တာများတယ်။ အတောင်းတွေလဲ တက်တယ်။ အဲ့ဒီမှာတော်တော်သိလာကြရင်း နွေရာသီအကောင်းဆုံး သီချင်းဆုရတဲ့အခါ  လူတော်တော်များများထပ်သိသွားတယ်။ အဲ့ဒီနောက်ပိုင်းမှာ အသည်းစကားဆိုတဲ့ သီချင်းလေးကို Cherry FM ၂ နှစ်ပြည့်မှာဆိုဖြစ်ပါတယ်။ နောက်အတွဲလေးတွေလဲဆိုဖြစ်တယ်။ ဟေသာ အတွဲသီချင်းက ထွက်ပြီးသား ၃ ပုဒ်ရှိပါတယ်။ မြို့ထဲဆိုတဲ့ ဦးနီတာနဲ့ဆိုထားတဲ့ သီချင်းလေးရယ်၊ နောက်မခေးခေးနဲ့လူညာဆိုတဲ့သီချင်းလေးရယ် ကိုAr-T နဲ့ဆုံနိုင်ခွင့်ဆိုတဲ့ သီချင်းလေးရယ်ပေါ့။ သုံးပုဒ်လုံးကိုလဲပြောကြတယ်။ အားပေးကြတဲ့အတွက်လဲဝမ်းသာပါတယ်။

-ကမ္ဘာဦးရည်းစားဆိုတဲ့ အခွေလေးကိုဘယ်လိုကနေဘယ်လိုစလုပ်ဖြစ်သွားတာလဲ။

ဟေသာချစ်တဲ့စိတ်ဆိုတဲ့ သီချင်းနဲ့ဆုရသွားပြီးတဲ့နောက်ပိုင်းမှာ အခွေလုပ်ဖို့စဉ်းစားတယ်။ ခင်တဲ့သူတွေ၊ သိတဲ့သူတွေတော်တော်များများကလဲ အခွေလုပ်ဖို့ပြောလာတယ်။ အဖေကလဲ မှတ်မှတ်ရရဖြစ်အောင် အခွေလေး လုပ်ခိုင်းတယ်။ ဟေသာက UFL မှာတက်နေတယ်။ အစက UFL ပြီးမှ အခွေထုတ်ဖို့စဉ်းစားထားတာ ချစ်တဲ့စိတ်သိပြီး သိပ်မကြာခင်မှာ လူတွေလက်ခံသွားတော့ အခွေလေးတော့ လုပ်လိုက်တော့မယ်လို့စိတ်ကူးဖြစ်ပြီး လုပ်ဖြစ်ခဲ့တာပါ။ အဲ့ဒီအခွေလေးထဲမှာ သီချင်းအားလုံးပေါင်း ၁၂ပုဒ်ပါပါတယ်။ အဖေရေးတာက ၄ပုဒ်ပါတယ်။

-လက်ရှိပညာရေးအေကြာင်းလေးကိုလဲ ပြောပြပေးပါဦး။

အခုက YUFL မှာကိုရီးယားမေဂျာ ဒုတိယနှစ်တက်နေပါတယ်။ ပညာရေးကတော့ အဲ့ဒါပါပဲ ။ တစ်ခြားကတော့ ဂစ်တာသင်တာတို့စန္ဒယားသင်တာတို့လုပ်နေပါတယ်။ ကိုယ့်ဟာကိုယ်တီးပြီးဆိုရတာကိုသဘောကျလို့ပါ။

-ဟေသာ့အသံကို ပရိသတ်တော်တော်များများက ချိုတယ်။ နားထောင်ကောင်းတယ်ဆိုပြီး သုံးသပ်ကြတာမျိုးကိုတွေ့ရတယ်။ အဲ့ဒီအပေါ်မှာရော ကိုယ့်အသံနဲ့ပတ်သက်ပြီး ဘယ်လိုဂရိုစိုက်မှုတွေလုပ်ဖြစ်လဲ။

ဟေသာက ချစ်တဲ့စိတ်မှာတုန်းက ကလေးသံလို့ပြောလို့ရတယ်။ ဒီအခုထွက်ထားတဲ့ ကမ္ဘာဦးရည်းစားအခွေထဲမှာတော့ ဟေသာ့အသံက ကလေး အသံကနေ လူကြီးအသံပြောင်းသွားတဲ့အသံပေါ့။ အဲ့ဒီလို အသံကပဲ သူများတွေအတွက်ထူးခြားမှုဖြစ်နေတယ်လို့ ထင်ပါတယ်။ အသံပိုင်းနဲ့ပတ်သက်ပြီး ထိန်းသိမ်းတာကတော့ အခုတောင်အသံကတော့ နာနေတယ်။ အအေးရှောင်တယ်။ ဆေးတွေလဲသောက်ဖြစ်ပါတယ်။ အစားအသောက်ကတော့ မရှောင်ဘူး။ အကုန်စားပါတယ်။

-ဟေသာ့အသံကရော ဘယ်လိုမြူးဆစ်အမျိုးအစားနဲ့လိုက်ဖက်တယ်လို့ထင်မိလဲ။

ဟေသာသီချင်းအမျိုးအစား စုံစုံလင်လင် မဆိုဖူးဘူး။ pop လေးတွေဆိုဖူးတယ်။ R&B ဆိုဖြစ်တယ်။ ဒါပေမဲ့ နောက် ဒီအခွေလေးထဲမှာဆိုဖြစ်တာကတော့ Indie ပုံစံ Retro ပုံစံလေးတွေများပါတယ်။

-ပိုပိုဟေသာဆိုပြီး လူပိုသိသွားတာက တေးရေး ဇ၀ါကြောင့်လို့ပြောလို့ရလား။

အဓိကက ချစ်တဲ့စိတ်သီချင်းဆုရသွားတဲ့အပေါ်မှာလဲ အတိုင်းအတာတစ်ခုထိ လူသိသွားတယ်။ ပြီးတော့ ဆုမရခင်အချိန်မှာလဲ ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းကရေဒီယိုမှာ အတောင်းတတ်တော့လူသိတယ်လို့ပြောလို့ရတယ်။ ဖေဖေ့ကြောင့်လဲ အများကြီးပါပါတယ်။ ဟေသာနဲ့ဖေဖေကကျတော့ တေးရေးဇ၀ါရဲ့သမီးပိုပိုဟေသာ၊ ပိုပိုဟေသာရဲ့အဖေတေးရေးဇ၀ါဆိုပြီး တွဲသိကြတာများပါတယ်။

-အသံပိုင်းနဲ့ပတ်သက်ပြီး Vocal Trainer တွေနဲ့သင်ကြားတာမျိုးရောရှိမလား။

ဟေသာ ဆယ်တန်းပြီးခါစတုန်းက တော့ Vocal နဲ့ပတ်သက်တဲ့ သင်တန်းမျိုးတွေတက်ဖြစ်တယ်။ အခုကကျောင်းကိစ္စနဲ့ရော အခွေကိစ္စနဲ့ရှုပ်နေလို့ခဏရပ်ထားပါတယ်။

-ဂီတကိုလုပ်လာတဲ့တစ်လျှောက်စိတ်ကျေနပ်မှုအတိုင်းအတာအနေနဲ့လဲ ဘယ်လိုရှိလဲဆိုတာသိချင်ပါတယ်။

၂ နှစ်ရှိပြီပေါ့။ ဟေသာကျေနပ်ပါတယ်။ အများကြီးလဲဆက်လုပ်ရဦးမယ်။ အခုလက်ရှိမှာဟေသာထွက်ထားတဲ့အခွေလေးက အခုလက်ရှိအချိန်မှာ ဟေသာလုပ်နိုင်တဲ့အရာလေးတစ်ခုပေါ့။ ဒီထဲမှာ ပါဝင်ကူညီထားတဲ့သူတွေ အားလုံးကလဲ သူတို့အစွမ်းကုန်ကြိုးစားပေးထားတဲ့အခွေလေးပါ။

-ဂီတနဲ့ပတ်သက်တဲ့ ခံယူချက်လေးကိုရော ဘယ်လိုထားဖြစ်လဲ။

ဟေသာ ခံယူချက်ကတော့ ဟေသာအလုပ်တစ်ခုကိုအကောင်းဆုံးလုပ်ချင်ပါတယ်။ ဒီအပေါ်မှာ ရလာတဲ့ အဖြေက ကောင်းတာပဲလာလာ၊ ဆိုးတာပဲလာလာ ကံတရားတွေကလဲရှိသေးတယ်လေနော်။ အဲ့ဒါကြောင့် အောင်မြင်တာတွေမအောင်မြင်တာတွေထက်အကောင်းဆုံးလုပ်ဖို့စဉ်းစားထားပါတယ်။ ချစ်တဲ့စိတ်စဆိုတုန်းကကလေးပဲ။ ဒီလိုမျိုးလူသိသွားမယ်လို့လဲမထင်မိဘူး။ ဘာမှလဲမမျှော်လင့်ဘူး။ အကောင်းဆုံးပဲလုပ်ပေးခဲ့တာပါ။

-အိမ်ကမိသားစုကရော ဟေသာ့ကိုဘယ်လိုမျိုးကူညီပံ့ပိုးပေးလဲ။

ဖေဖေကတော့ ဆရာလိုသူငယ်ချင်းလိုမိဘတစ်ယောက်လိုသင်ကြားပေးရမဲ့အရာတွေ အားလုံးကိုသင်ကြားပေးတယ်။ မေမေကလဲ အကုန်လုံးဟေသာ လိုသမျှဖြည့်ဆည်းပေး တယ်။ ဖေဖေရော၊ မေမေရော နှစ်ယောက်စလုံးကဟေသာ့အတွက် ခွန်အားတွေဖြစ်စေပါတယ်။

-ဂီတအပြင် အခြားဘာတွေကိုရောဝါသနာပါသေးလဲ။

ဟေသာက ပန်းချီဆွဲတာ၊ စာရေးတာတွေကိုအရမ်းကြိုက်တယ်။ သီချင်းဆိုတာ ၊ တီးတာ၊ နောက်ရေးတာလဲ ၀ါသနာပါပါတယ်။ ဒါပေမဲ့ရေးတာက ကိုယ်ကိုကိုယ်အားမရသေးတဲ့အပိုင်းမှာတော့ ရှိနေတယ်။ သရုပ်ဆောင်တာလဲကြိုက်တယ်။ သူများ သရုပ်ဆောင်တာကြည့်ရတာကိုကြိုက်တယ်။ အမ်တီဗီရိုက်ရတာကို ၀ါသနာပါပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.