ပရိသတ်စိတ်နဲ့ပဲ အသက်ရှင်ချင်တဲ့ အေးမြတ်သူက သူ့ကို အဓိက ထိန်းကျောင်းပေးနေတာ ပရိသတ်ပါတဲ့

12650716_1703926666532911_916449137_n.jpg

ပရိသတ်တွေအတွက် အသစ်အသစ်တွေကို ချပြလေ့ရှိတဲ့ ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးတဲ့ ပုံမှန်ကာရိုက်တာ မဟုတ်သလို ရိုက်နေကျ ဇာတ်လမ်းမျိုးမဟုတ်တဲ့ မေထုန်ရာသီဖွားဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင် သရုပ်ဆောင်နေတဲ့ အေးမြတ်သူက ရှေ့မှာ သူများ ငြင်းသွားတဲ့ ဒီဇာတ်ကားကို ဘာ့ကြောင့်များ သရုပ်ဆောင်ဖြစ်သွားလဲဆိုတာကို မေးကြည့်လိုက်တော့ သူမက

"အခုရိုက်နေတဲ့ ကားလေးက မေထုန်ရာသီဖွားတဲ့ ဒါရိုက်တာက ကိုညို၊ မင်းသားက ဥက္ကာမင်းမောင်ပါ။ ဒီကားလေးကို လက်ခံဖြစ်တာက ကိုယ်သည် ဒီမိန်းမနေရာကို စိတ်ဝင်စားတယ်။ ဒီလို ကာရိုက်တာမျိုးက ရှားတယ်။ မြန်မာမိန်းမတော်တော်များများက ကိုယ့်အိမ်ထောင်ရေး အဆင်မပြေရင်တောင် အပြင် ထုတ်မပြောကြတာ၊ ဒီလိုကိစ္စမျိုးဆို ပိုတောင်ဆိုးတယ်ကွာ။ ထိန်းသိမ်းကြတယ်။ အဲ့ဒီရဲ့အိုက်တင်၊ အဲ့ဒီရဲ့ mood ၊ အဲ့ဒီရဲ့ စိတ်လှုပ်ရှားမှုကို အေးမြတ်သူ စိတ်ဝင်စားတယ်။ အဲ့ဒါကြောင့် ဒီကားကို လက်ခံဖြစ်ခဲ့တာပါ။ နောက်တစ်ခုက ဇာတ်ကား တစ်ကားကိုရိုက်ရင် အေးမြတ်သူတို့က ဒါရိုက်တာပဲ ဦးတည်တယ်။ ဒါရိုက်တာရဲ့ ညွှန်ကြားမှုအောက်ကပဲ သွားကြတာဆိုတော့ နောက်ပြီးကိုဥက္ကာကလဲ အေးမြတ်သူထက်တောင် စီနီယာကျပါသေးတယ်။ ဒီကားက ကိုညိုနဲ့ကားကြီးက ပထမဆုံးပေါ့။ အေးမြတ်သူ ဒီကားကို ဒါရိုက်တာကိုပဲ ပုံအပ်လိုက်တယ်။ ဒီကာရိုက်တာနဲ့ပတ်သက်တဲ့ Mood ကရှာဖွေရတာ ခက်တယ်။ အေးမြတ်သူ နိုင်ငံခြားကားလေးတွေကြည့်ပြီး စူးတော့ စူးစမ်းပါတယ်။ ဒါပေမဲ့ကိုယ်လိုချင်တဲ့ အိုက်တင်မျိုးတွေတော့ မရခဲ့ဘူး။ ပတ်ဝန်းကျင် ကိုတော့ လေ့လာဖြစ်တယ်။ နိုင်ငံခြားမှာဆို ဖော်လိုက်မှာ ဒါပေမဲ့ ဒီကားမှာက ကိုယ့်ယောကျာ်းကိုချစ်တယ်။ ဂုဏ်သိက္ခာလဲရှိတယ်ဆိုတော့လေ။ နောက်ပြီး ကိုညိုသင်တဲ့အပေါ်မှာလဲမူတည်ဦးမယ်။ ကိုညိုကိုလဲပြောထား တယ်။ အေးမြတ်သူ ဘာမှမတွေးထားဘူး။ ပလိန်းထားထားတယ်ဆိုတော့ သူကလဲ ရပါတယ်။  ကားက အေးမြတ်သူ ဒါရိုက်တာကို ၁၀၀ ပါဆန့် အေးမြတ်သူအားကိုးပြီးတော့ ရိုက်တဲ့ကားပါ။ ဒီကားမှာ တစ်ခုကောင်းတာက ကိုယ်ဘာမှ မစီစဉ်ရဘူး။ အားလုံး Crew နဲ့လုပ်ပေးတယ်။ မိတ်ကပ်တွေ၊ အ၀တ်အစားတွေ အားလုံးစီစဉ်ပေးတယ်။ ကိုယ်ကလူကြီးပဲ လာရုံပါပဲ။ အဲ့ဒီကားလေးရုံတင်တဲ့အခါလဲ ပရိသတ်အားလုံး စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်။"လို့ ဆိုပါတယ်။

၂၀၁၆ နှစ်စပိုင်းမှာ ကားကြီးတွေပဲ ရိုက်ကူးနေရတာနဲ့ပတ်သက်ပြီးတော့ သူမက "အေးမြတ်သူ ၂၀၁၆ ထဲမှာ အခုရိုက်တာနဲ့ဆို ၃ကားမြောက်ပေါ့။ အရှေ့မှာ ကိုပြေတီတို့နဲ့ နှစ်ပတ်အလိုဆိုတဲ့ ကားလေးရှိတယ်။ နောက် ကြားထဲမှာ အောင်ရဲလင်းနဲ့ငပလီမှာ တစ်ကားရှိမယ်။ အခု ဒီကားရှိမယ်။ ၂၀၁၅ အကုန်နဲ့ ၂၀၁၆အစမှာ အေးမြတ်သူကားကြီးတော်တော်များများ ရိုက်ရတယ်။ အဲ့ဒီအတွက်လဲ ကိုယ့်ကို ခေါ်ခိုင်းတဲ့ ဒါရိုက်တာတွေ ၊ ပရိုဂျူဆာတွေကို ကျေးဇူးအရမ်းတင်ပါတယ်။ ကိုယ့်အနုပညာကို ချပြခွင့်ရတယ်ပေါ့နော်။ ဒီကားပြီးရင်အေးမြတ်သူ ကြော်ငြာလေးတစ်ခု ရိုက်ဖို့ရှိတယ်။ ပြီးရင် နယ်ကိုသီချင်းသွားဆိုဖို့လက်ခံထားပါတယ်"တဲ့။

အခုနောက်ပိုင်းမှာ ခပ်မိုက်မိုက်ပုံတွေတင်ဖြစ်နေတာနဲ့ပတ်သက်ပြီးတော့လည်း သူမကို ပရိသတ်တွေက ပိုစိတ်ဝင်စားလာကြပါတယ်။ "အဲ့ဒါက Social Network ပေါ့။ အရင်ကတော့ အေးမြတ်သူ အရမ်းမသုံးဖြစ်ဘူး။ နောက်ပိုင်းမှာ အေးမြတ်သူကို fan Page တွေ လုပ်ပေးတယ်။ We Love Group လဲရှိတယ်ဆိုတော့ မတင်လဲ မတင်ဖြစ်ဘူး။ မသုံးလဲမသုံးဖြစ်ဘူး။ ဒါပေမဲ့ အခုကျတော့ သူငယ်ချင်းတွေ အများကြီးဖြစ်လာတဲ့ အခါကျတော့ သူတို့တွေနဲ့ ခင်မင်ချင်တယ်။ ဖက်လှဲတကင်းဖြစ်ချင်တဲ့အတွက် ပုံလေးတွေအေးမြတ်သူပြန်တင်ဖြစ်တယ်။ ပြောရရင် သူငယ်ချင်းတွေ များလာတဲ့အတွက် သူတို့ကို ပြန်ပြီး ဂရုစိုက်ဖြစ်တဲ့သဘောပါ။ ဒါပေမဲ့ အေးမြတ်သူပုံတွေ တင်မိတဲ့အခါ ပရိသတ်ကချစ်တော့ နည်းနည်းလေးပြောတယ်။ ကိုယ်ကလဲချစ်တဲ့အတွက် အနေအထိုင်ပြန်ဆင်ခြင်ဖြစ်တယ်။ တစ်ခါတစ်လေကျရင် အေးမြတ်သူရဲ့ အယူအဆနဲ့ပရိသတ်ရဲ့ အယူအဆလွဲသွားတာလေးတွေရှိတတ်တယ်။ ရှိလဲရှိခဲ့တယ်။ အဲ့ဒါလေးတွေကိုလဲ အေးမြတ်သူတောင်းပန်ပါ တယ်။ အေးမြတ်သူကိုဝေဖန်ပေး ပါ။ အေးမြတ်သူပြောင်းလဲလာတဲ့ အမူအကျင့်တွေ အားလုံးကပရိသတ်ကြောင့်ပါ။ အေးမြတ်သူကို အဓိကထိန်းကျောင်းပေးနေတာ ပရိသတ်ပါ။ ပရိသတ်တွေမကြိုက်ရင်အေးမြတ်သူပြင်တာများပါတယ်။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုထက် ပရိသတ်စိတ်နဲ့ပိုပြီး အသက်ရှင်နေထိုင်ချင်ပါတယ်"လို့ သူမက ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.