ပရိသတ် အားလုံး သွားသတိ လာသတိ စားသတိ နဲ့နေကြပါလို့ မှာတမ်းခြွေလိုက်တဲ့ X-Box က သင်္ကြန်အပြီးမှာ တစ်ကိုယ်တော် ထွက်ဖို့အတွက်ကြိုးစား

12665905_1703892863202958_1783669992_n.jpg

မကြာသေးခင်ကမှ ဘုန်းကြီးတစ်လ၀တ်ပြီး ထွက်လာတဲ့ X-Box က လက်ရှိမှာ ဂီတလှုပ်ရှားမှုတွေ ပြန်လည်လုပ်ကိုင်လာပြီဖြစ်သလို တစ်နေ့ဆိုတဲ့ သီချင်းလေးကိုလဲ အွန်လိုင်းကနေတစ်ဆင့် ပရိသတ်တွေအတွက် ပေးထားတာကိုတွေ့ရပါတယ်။ လက်ရှိမှာ ရှိုးတွေ လက်ခံထားပြီး တစ်ကိုယ်တော်ခွေအတွက်လဲပြင်ဆင်နေသလို အရင်နဲ့မတူတော့တဲ့ X-Box ရဲ့ စိတ်ခံစားချက်ပြောင်းလဲမှု၊ ရင့်ကျက်မှုများနဲ့ လက်ရှိမှာ ဖန်တီးဖြစ်နေတဲ့ ဂီတအကြောင်းအရာများအကြောင်းကို စုစည်းမေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

လောလောဆယ်ကတော့ ကျွန်တော် ဖေဖော်ဝါရီတစ်ရက်နေ့ကတော့ တစ်နေ့ဆိုတဲ့ သီချင်းအသစ်လေးတစ်ပုဒ်ကို အွန်လိုင်းကနေဖြန့်ထားတယ်။ အဲ့ဒီသီချင်းလေးကိုလဲ ကျွန်တော့ကို အားပေးတဲ့ပရိသတ်တွေကြိုက်ကြတယ်။ ပြီးတော့ ကျွန်တော် သင်္ကြန်တွေကိုလဲ မဏ္ဍပ်တွေမှာ သီချင်းဆိုမယ်။ ပြီးတော့ သင်္ကြန်ခွေတွေလဲ ဆိုဖြစ်မလားတော့ မသိဘူး။ ပြောထားတာတွေတော့ ရှိတယ်။ နောက်ပြီး ရှိုးပွဲတွေတောက်လျှောက် ကျွန်တော် လက်ခံထားတယ်။ ကျွန်တော်သင်္ကြန်ပြီးတဲ့ အချိန်ကျရင်လဲ ကျွန်တော့ တစ်ကိုယ်တော်အခွေ ထွက်နိုင်အောင်ကြိုးစားနေတယ်။

-လက်ခံထားတဲ့ ရှိုးပွဲလေးတွေကိုလဲ ပြောပြပေးပါဦး။

ချစ်သူများနေ့ ကိုဘိုစန်းတို့ဆီမှာ ရှိမယ်။ နောက် မြန်မာဘီယာ မန်းလေးတစ်ပွဲ၊ ရန်ကုန်တစ်ပွဲရှိတယ်။ နောက်တခြားပွဲလေးတွေလဲ ကျွန်တော်လက်ခံထားပါသေးတယ်။

-တစ်နေ့ဆိုတဲ့ သီချင်းလေးကရော ဘာအဓိပ္ပါယ်နဲ့ပရိသတ်ကိုပေးဖြစ်တာလဲ။

ဘ၀အကြောင်းပါပဲ။ လူတိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးပါ။ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ နားထောင်လို့ကောင်းတဲ့သီချင်းလေးပါ။ အဲ့ဒီသီချင်းလေးက အွန်လိုင်းကနေ အလကားပဲ ပရိသတ်ကို ပေးခဲ့တာပါ။

-ဖေ့စ်ဘုတ်မှာ သိပ်မတွေ့ရတော့သလိုပဲ။

ကျွန်တော့်အကောင့် အဟက်ခံထားရလို့ပါ။ အဲ့ဒါကြောင့် မသုံးဖြစ်တာပါ။ အခုလောလောဆယ် Instagram တော့သုံးဖြစ်တယ်။ အဲ့ဒါကိုပဲ ကျွန်တော်ရအောင် password ပြန်ရှာပြီး ကြိုးစားနေပါတယ်။

-လက်ရှိ 4 Album အခွေလေးကရော ဘယ်လောက်အနေအထားရှိနေပြီလဲ။

4 Album က ၂၀၁၄ ခုနှစ်ကထွက်ထားတယ်။ ၂၀၁၅ မှာ ကျွန်တော်တို့ဒီဗီဒီမထွက်ဖြစ်ဘူး။ ဒါပေမဲ့အခု ၂၀၁၆ မတ်လမှာတော့ ဒီဗီဒီထွက်နိုင်အောင်ကြိုးစားနေပါတယ်။ ရိုက်ထားတာတွေလဲအားလုံးပြီးသွားပါပြီ။ အမြဲတမ်းအသစ်ကို ကိုစည်သူ ( ချိုကြီး ) ရိုက်ထားပေးပါတယ်။ နောက် စိတ်ဆိုတဲ့ သီချင်းကို မမေဘရဏီ ရိုက်ပေးထားပါတယ်။ နောက် စနေ ၊ ဗုဒဟူးကိုတော့ ကျွန်တော်ရယ် ရဲရင့်အောင်ရယ် ၀င်သရုပ်မဆောင်ထားဘူး။ တခြားသူကို သရုပ်ဆောင်ခိုင်းလိုက်တယ်။ အဲ့ဒီတစ်ပုဒ်ပဲ ကျွန်တော်မပါတာပါ။ အဲ့ဒါကို သီဟဒိုင်နို ရိုက်ပေးထားပါတယ်။ နောက် အရှိုက်တည့်တည့်ဆိုတဲ့ သီချင်းကို Green box media က ရိုက်ပေးထားပါတယ်။

-ရှိန်ကိုဘာလို့မရိုက်တာလဲ။

အဲ့ဒီသီချင်းကို ဖြုတ်လိုက်တယ်။ ကျွန်တော်အရင်က ရဲရင့်အောင်နဲ့ လုပ်ထားပြီး အွန်လိုင်းမှာ ဖြန့်ခဲ့တဲ့ စနေ ဗုဒ္ဓဟူးကို ထည့်လိုက်တယ်။ အဲ့ဒါကလွဲလို့ ကျန်တဲ့သုံးပုဒ်က ဒီအတိုင်းပဲ။ ကျွန်တော်တို့ကို သီချင်းပဲကြားဖူးပြီး မမြင်ဖူးသေးတဲ့ ပရိသတ်တွေအတွက်ရော မြင်ဖူးပြီး စောင့်ကြည့်မဲ့ ပရိသတ်တွေအတွက်ရော အကောင်းဆုံးဖန်တီးထားပါတယ်။ သေချာတာကတော့ လူငယ်တွေအကြိုက်တွေ့မဲ့ အမ်တီဗီပါ။

-4 Album ပါဝင်တဲ့သူတွေဆို ရွှေထူးကလဲ အခွေထွက်နေပြီ။ Lil ‘z တို့ဆိုလဲ လုပ်နေကြပြီဆိုတော့ အစ်ကို့တစ်ကိုယ်တော်ခွေကိုလဲ ပရိသတ်တွေကမျှော်လင့်နေကြတယ်။

တစ်ကိုယ်တော်အခွေက ၄၀ ရာခိုင်နှုန်းလောက်ပြီးသွားပါပြီ။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက တီးလုံးတွေ လိုက်အပ်နေပါတယ်။ တစ်ခါတစ်လေ ကျွန်တော်မရေးနိုင်တဲ့ မယ်လိုဒီတွေကို ကျန်တဲ့ တေးရေးဆရာတွေကိုအပ်နေတယ်။ အဓိကက လက်ရှိထွက်နေတဲ့ အခွေတွေနဲ့ကွဲပြားအောင်ဖန်တီးဖို့အတွက်ကို ကျွန်တော်ဗဟုသုတလေးတွေ ရှာဖွေနေတဲ့ အချိန်ဖြစ်နေတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက သူများနဲ့မတူတဲ့ အိုင်ဒီယာလေးတွေ ကျွန်တော် ရှာဖွေနေတဲ့ အချိန်ပေါ့နော်။ ဒါပေမဲ့ သင်္ကြန်အပြီးလောက်ဆိုရင်တော့ ထွက်လို့ရပါပြီ။ အခုလောလောဆယ် ကျွန်တော့် ရက်ပ်တွေကတော့ ကျွန်တော်ရေးတယ်။ featuring ဆိုပေးမဲ့ အပိုင်းတွေလဲ ကျွန်တော်ရေးလို့နိုင်တဲ့ အနေအထားဆို ကျွန်တော်ရေးတယ်။ ဒါပေမဲ့ တချို့အပုဒ်တွေက ကျွန်တော်ရေးတာထက် ကျွန်တော်ထက်ရေးနိုင်တဲ့သူရေးရင် ပိုအဆင်ပြေမယ်လို့ထင်ရင်ကျွန်တော်ရေးခိုင်းလိုက်တယ်။

-အရှေ့မှာ ဘုန်းကြီးဝတ်လိုက်တာလား။

ဟုတ်ကဲ့။ ၀တ်လိုက်ပါတယ်။ တစ်လနီးပါးဝတ်ဖြစ်တယ်။ ဘုန်းကြီးဝတ်ဖြစ်သွားတာကတော့ ကျွန်တော် ပဉ္ဖင်းတစ်ခါမှ မတက်ဖူးလို့ဝတ်လိုက်တာပါ။ အဲ့ဒီသဘောပါပဲ။

-ဘုန်းကြီးလူထွက်လိုက်တဲ့အချိန် ပြောင်းလဲသွားတဲ့ ပြောင်းလဲမှုတွေရော ရှိမလား။

နည်းနည်းပါးပါး တည်ငြိမ်သွားတယ်။ ကျန်တာကတော့ ကိုယ့်သီချင်းလုပ်မြဲလုပ်စဉ်တိုင်းကို လုပ်နေတာပါပဲ။ အရမ်းကြီးပြောင်းလဲသွားတာတော့မရှိပါဘူး။ လူငယ်ကလူငယ်ပါပဲ။

-ဂီတသက်တမ်းရော ဘယ်လောက်ရှိသွားပြီလဲ။

ကျွန်တော် ၂၀၀၉ ခုနှစ်ကနေ recording စလုပ်တယ်။ အဲ့ဒီမတိုင်ခင်ကလဲ ကျွန်တော် ရက်ပ်တွေရေးခဲ့တယ်။

-လက်ရှိရရှိနေတဲ့ နေရာတစ်ခုကရော အစ်ကို့အတွက်ကျေနပ်စရာကောင်းရဲ့လား။

အခက်အခဲတွေလဲ အများကြီးကြုံခဲ့ရတယ်။ အတိုက်အခံတွေရော ၊ အတားအဆီးတွေရော အများကြီးကြုံခဲ့ရပြီး ၂၀၁၆ ကိုရောက်လာခဲ့တယ်။ အခု ၂၀၁၆ မှာ ရနေတဲ့အတိုင်းအတာအတွက် ကျွန်တော်ဘာမှမမျှော်လင့်ထားဘူး။ ၂၀၁၆ က X-Box က ၂၀၁၅ ထက်ပိုကောင်းနေရမယ်။ ၂၀၁၆ က X-Box က ၂၀၁၇ မှာ ပိုကောင်းအောင်ကြိုးစားမယ်။ ပိုပြီးကောင်းအောင်ပဲကြိုးစားသွားမယ်။ အဲ့ဒီအတွက် ဘာမှမမျှော်လင့်ပါဘူး။ ရလာတဲ့ အခွင့်အရေးတွေ အားလုံးကို အကျိုးရှိရှိ အသုံးချသွားမယ်။

-စီနီယာတွေကြိုက်တဲ့ လူငယ်အဆိုတော်ထဲမှာ ပါဝင်တဲ့ လူတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ်ပြန်လည်သုံးသပ်မိတဲ့ အပိုင်းလေးတွေရှိရင်လဲ သိချင်ပါတယ်။

ချီးမွမ်းတာဆိုရင်လဲ ကျေနပ်ပါတယ်။ ဝေဖန်တာဆိုရင်လဲကျေနပ်ပါတယ်။ အရာအားလုံးကိုလက်ခံနိုင်ပါတယ်။ အရင်ကဆိုရင်တော့ ကိုယ့်ကို မကောင်းပြောရင် ပြန်ပြီးတော့ ထိုးနှက်လိုက်မယ်။ ဆိုတဲ့စိတ်ရှိတယ်။ အခုတော့ အဲ့ဒီလိုစိတ်တွေ မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူလဲ တစ်ဖြေးဖြေးနဲ့လူလတ်ပိုင်းအရွယ်ရောက်လာတယ်။ အသက်၂၀ကျော်လာတယ်။ ပြီးတော့ အရွယ်ရောက်လာတဲ့ အချိန်မှာ ခိုက်ရန်ဖြစ်ပွားတဲ့စိတ်တွေ၊ ၀ူးဝါးဝူးဝါးဖြစ်တဲ့ စိတ်တွေ သိပ်မရှိတော့ဘူး။ ရင့်ကျက်လာတဲ့အတွက် ချီးကျူးရင်လဲ အရမ်းကြီးမမြောက်တော့ဘူး။ ကဲ့ရဲ့တယ်ဆိုရင်လဲ ဘယ်တော့မှ စိတ်ဓာတ်မကျတော့ဘူး။

-သီချင်းရေးတဲ့အခါမှာရော ဘယ်လိုမျိုး စကားလုံးရှာလေ့ရှိလဲ။

စာအုပ်ဖတ်တယ်။ ကိုယ့်ဟာကိုယ် တကယ်ကြုံတွေ့နေရတဲ့ ဘ၀ထဲက ရလာတဲ့ဟာတွေလဲ ကျွန်တော်သုံးတာများတယ်။ လူတွေပြောနေကျစကားမျိုးတွေ၊ စာအုပ်ထဲကဟာတွေကို ပြန်ကူးချပြီးရေးတာထက် ကိုယ်တကယ်ကြုံတွေ့နေရတာတွေကို တိုက်ရိုက်ပေးပို့တဲ့နည်းကိုပိုအသုံးပြုပါတယ်။

-တစ်ကိုယ်တော်အခွေမှာ ပရိသတ်အကြိုက်နဲ့အစ်ကို့အကြိုက် ဘယ်ဟာကို ဦးစားပေးပြီးလုပ်ထားလဲ။

အမှန်အတိုင်းပြောရရင် ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ်ဆိုတဲ့ဇောနဲ့ပဲ သီချင်းတော်တော်များများကို ဖန်တီးခဲ့တယ်။ ပရိသတ်အကြိုက်ကို လှည့်မကြည့်ခဲ့ဘူး။ ဒါပေမဲ့ပြန်စဉ်းစားကြည့်တဲ့အချိန်မှာ ကျွန်တော် ပရိသတ်တစ်ယောက်အနေနဲ့ သီချင်းတွေကို ခံစားတဲ့အချိန်မှာ ကျွန်တော်မကြိုက်တဲ့ သီချင်းဆို ကျွန်တော်ကျော်ပစ်တယ်။ အဲ့ဒီလိုမျိုးပဲ ကျွန်တော့်သီချင်းတွေကိုလဲ ကျွန်တော့်ပရိသတ်တွေက အဲ့ဒီလိုပဲနားထောင်မှာပဲ။ တိုက်ဆိုင်ရင်တော့ နားထောင်လိမ့်မယ်။ မကြိုက်ရင်ကျော်လိမ့်မယ်။ ဒါမှမဟုတ် ကျွန်တော့်အကြိုက်တွေကိုပဲ လုပ်ထားတဲ့ အခွေဆိုရင်တော့ အဲ့ဒီအခွေက ကျွန်တော့်ကို အမြဲအားပေးနေတဲ့ပရိသတ်ဆိုရင်တော့ တစ်ရာ ရာခိုင်နှုန်းအပြည့် နှစ်သက်နိုင်မှာ မဟုတ်ဘူး။ တစ်ခါတစ်လေကျရင် သူတို့အကြိုက်ကို ကျွန်တော်မလိုက်နိုင်ဘူး။ သူတို့ဘာကြိုက်လဲဆိုတာကို သူတို့ရင်ထဲကို ကျွန်တော်ဝင်မကြည့်နိုင်ဘူး။ ကျွန်တော့်ရင်ထဲမှာဖြစ်ပျက်နေတာ ကိုပဲ သူတို့ကို ပြောပြနေတာများတယ်။ ကြာလာတော့ ပရိသတ်က ကိုယ်ဖြစ်နေတာတွေကြီးပဲသူတို့ကို ပေးတဲ့အခါကျတော့ ပရိသတ်အတွက် ရိုးလာတယ်။ အချိတ်အဆက်လဲ သိပ်မမိတော့ပဲ ဘောင်ကျော် သွားတာမျိုးတွေရှိတတ်တယ်။ အဲ့ဒါကြောင့်နောက်ပိုင်းမှာ ကျွန်တော်လမ်းကြောင်းကို ပြန်တည့်ပြီး လက်ရှိလူငယ်တွေ၊လူကြီးတွေဘာတွေဖြစ်နေလဲဆိုတာကို ၀င်ကြည့်ဖြစ်တယ်။ လိုက်မေးနေတာတော့ မဟုတ်ဘူး။ ဖေ့စ်ဘုတ်ကနေလေ့လာ ယူရတာပေါ့။ သူတို့ဖြစ်နေတာတွေကို status တွေကိုလိုက်ကြည့်တယ်။ အဲ့ဒါတွေက သူတို့ရဲ့ခံစားချက်တွေဒါတွေကို ခြုံငုံသုံးသပ်ပြီး သီချင်းတစ်ပုဒ်ဖန်တီးလို့ရှိရင် စိတ်ဓာတ် ခွန်အားဖြစ်စေမဲ့ သီချင်းဆိုလို့ရှိရင် သူတစ်ပါးကို မထိခိုက်အောင်ရေးတယ်။ အချစ်သီချင်းဆိုရင်လဲ အကြောင်းအရာ မသွေဖီသွားအောင်ရေးတယ်။ အဲဒါကြောင့် အခုနောက်ပိုင်းသီချင်းရေးရင်ပိုကြာလာတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ဖက်ရော၊ သူတို့ဖက်ရော ခွပြီးကြည့်ရတာဖြစ်တဲ့အတွက် သီချင်းရေးရတာ ပိုကြာလာတယ်။ လေးလဲလေးနက်သလို ပိုပြီးတော့ထုထည်လဲကြီးမားတယ်။

-တချို့ကျတော့ ပရိသတ်အနောက်လိုက်တဲ့ အဆိုတော်က ဒီလောကမှာ ကြာကြာရပ်တည်ခွင့်မရဘူးလို့လဲပြောကြတယ်။

ပရိသတ်နောက်လိုက်တယ်ဆိုတာ အဓိက အဲ့ဒီအဆိုတော်က ကိုယ့်ရင်ထဲက ခံစားချက်ကို ပရိသတ်ကိုချပြချင်တာထက် ဒီလူတွေဘာကြိုက်လဲဆိုတာကို သီချင်းအဖြစ်လုပ်တာများပြီး ကိုယ်ဖြစ်ချင်တာတွေကို မဖန်တီးနိုင်တော့တဲ့ အချိန်မှာ အနုပညာတွေကဈေးပေါလာတယ်။ ပရိသတ်ကြိုက်တာပဲ လုပ်တယ်ဆိုတာ အဓိကကတော့ အဆိုတော်တွေ အနုပညာတွေကြားမှာထွက်လာတဲ့ poppin စကားပေါ့။ အဲ့ဒီစကားက ကိုယ်ကိုတိုင်ဖန်တီးတဲ့ အနုပညာသမားအပေါ်မှာပဲမူတည်ပါတယ်။ နားထောင်တဲ့ ပရိသတ်ကလဲ သူကြိုက်တာကိုပဲ သူဆွဲပြီးနားထောင်မှာပဲ။ အနုပညာကိုဖန်တီးတဲ့ အနုပညာသမားနဲ့ပဲဆိုင်ပါတယ်။ ဘာမှအများကြီးခေါင်းထဲထည့်မထားနဲ့။

-လက်ရှိမှာ ဘယ်သူ့သီချင်းတွေရော နားထောင်ဖြစ်နေလဲ။

ငယ်ငယ်ကတည်းကနေ ခုချိန်ထိ Eminem ပဲ နားထောင်တယ်။ ဒါပေမဲ့ နိုင်ငံခြားက ကပ္ပလီတော်တော်များများရဲ့ သီချင်းကို နားထောင်တာများပါတယ်။ အရင်ကလို အကြောင်းအရာထပ်စေမဲ့ သီချင်းတွေဆိုရင်တော့ သိပ်နားမထောင်ဖြစ်ဘူး။ လေးနက်တဲ့အကြောင်းအရာ ခိုင်လုံတဲ့ သီချင်းမှန်သမျှ ကျွန်တော်နားထောင်တယ်။ ဒီကဆိုရင်တော့ ကိုဝေလနားထောင်တယ်။ IC နားထောင်တယ်။ ငယ်ငယ်လေးကတည်းကကြိုက်လို့ပါ။ ကိုဝေလကတော့ ရှိုးတွေမှာလဲ ဆုံတယ်။ သူ့စာသားတွေ၊ သူ့မြူးဆစ်တွေက ကျွန်တော်မသိတာကြီးတွေကို ချချပြနေသလို ခံစားရလို့နားထောင်ဖြစ်တယ်။ ကျွန်တော်တို့လိုင်းကဆိုရင်တော့ ကိုဂျေမီသီချင်းတွေ အဟောင်းတွေကို ပြန်ပြန်ပြီး နားထောင်တယ်။ အဲ့ဒီသီချင်းတွေကကျွန်တော့်အတွက်ရွှေပါပဲ။

-အချစ်သီချင်းတစ်ပုဒ်ပေးမယ်ဆိုတာကရော ဘာများလဲ။

အဲ့ဒါကကျွန်တော့်သူငယ်ချင်းသီချင်းမှာ ကျွန်တော် featuring ၀င်ဆိုပေးထားတာပေါ့။ အောင်ရဲထိုက်ဆိုတဲ့ အဆိုတော်သူ့ရဲ့ သီချင်းမှာ ၀င်ဆိုပေးထားတာပါ။ အဲ့ဒါကလဲ အွန်လိုင်းကနေပေးမှာပါ။ သူ့အကောင့်ကနေပဲ သူတင်မယ်ပြောပါတယ်။

-ပရိသတ်ကို ထပ်ပြီးပြောပြချင်တာရောဘာများရှိဦးမလဲ။

ကျွန်တော့ကို အားပေးတဲ့ ညီအစ်ကိုမောင်နှမပရိသတ်တွေအားလုံး သွားသတိ၊ လာသတိ၊စားသတိနဲ့အမြဲတမ်းနေကြပါ။ ကျွန်တော်ထွက်လာမဲ့ သီချင်းတွေကိုလဲ ဂရုတစိုက် နားထောင်ပေးကြပါ။ ကျွန်တော့မှာရှိတဲ့ အားနည်းချက်တွေ အကုန်လုံးကိုလဲ ပြင်ဆင်သွားပါ့မယ်။ တစ်ခုက ကျွန်တော့်အခွေကနောက်ကျခဲ့တဲ့အတွက် စိတ်ရှည်သည်းခံပြီးစောင့်ပေးကြပါ။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.