အခြားဆိုင်တွေမှာ မရှိတဲ့ Branded တွေကို အဓိက ထားတင်ရောင်းတဲ့ လင်းဇာနည်ဇော်ရဲ့ Lynn Fashion Place အကြောင်းတစ်စေ့တစ်စောင်း

12633264_1702472856678292_96371034_o.jpg

လှပတဲ့ ဖက်ရှင်များနဲ့ ခေတ်မှီဆန်းသစ်တဲ့ Branded အိတ်မျိုးစုံ အင်္ကျီမျိုးစုံနဲ့ Accessories အစရှိတဲ့ ဖက်ရှင်ပစ္စည်းများကို စိတ်ဝင်စားကြတဲ့ ပျိုမေတွေအတွက် သရုပ်ဆောင် လင်းဇာနည်ဇော်ရဲ့ Lynn Fashion Place ဆိုင် လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အခြားဆိုင်တွေမှာ မရှိသေးတဲ့ branded တွေကို သင့်တင့်တဲ့ဈေးနှုန်းနဲ့ ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် No 1 D , သာယာရွှေပြည်လမ်း၊ သာယာရွှေပြည်ရိပ်မွန်၊ ( ၁၆ ) ရပ်ကွက်မှာရှိတဲ့ Lynn Fashion Place ဆိုင်လေးကို သွားရောက်ရင်း ထိုဆိုင်လေးနဲ့ပတ်သက်သမျှကို မေးမြန်းဖြစ်ခဲ့တာကတော့

-Lynn Fashion Place ဆိုတဲ့ ဆိုင်လေး စဖွင့်ဖြစ်ခဲ့ပုံလေး ကို အရင်ပြောပြပေးပါဦး။

အထွေအထူးတော့ မရှိပါဘူး ညီမရယ်။ အစ်မက စီးပွားရေးလုပ်ငန်းလေး လုပ်ချင်တယ်။ ဘာလုပ်ငန်း စလုပ်ရမှန်းလဲ မသိဘူး။ ကျန်တဲ့ စီးပွားရေးတွေကျတော့လဲ ကိုယ်နဲ့ အရမ်းစိမ်းလွန်းအားကြီးတယ်။ လုပ်ချင်တာပဲရှိတယ်။ ဘာလုပ်လို့လုပ်ရမှန်း မသိဘူး။ အဲ့ဒါကြောင့် ဖက်ရှင်ဆိုင်လေးကျတော့ အ၀တ်အစားဝယ်တာတို့၊ အလှအပပစ္စည်းလေးတွေ ၀ယ်တာတို့က အနုပညာအလုပ်နဲ့မစိမ်းဘူးလေ။ ကားရိုက်တုန်းကလဲ ဒီပစ္စည်းလေးတွေက ၀ယ်သုံးနေရတာပဲဆိုတော့ အထွေအထူး မရှိတဲ့အတွက် ကိုယ်နဲ့လက်လှမ်းမှီရာ ဒီအလုပ်လေးကစပြီး စီးပွားရေးလောကထဲကို ၀င်ကြည့်တာပါ။ သမီးက သြစတေးလျမှာ ကျောင်းတက်နေတယ်။ သမီး ကျောင်းသွားတက်တာကို ခဏလိုက်သွားရင်း ကိုယ့်အတွက်ကို ဟိုမှာအိတ်ကလေးတွေ ၀ယ်ရင်းကနေ ဒီအိတ်လေးတွေ ၀ယ်ပြီးရောင်းလိုက်ရင် ဆိုတဲ့အတွေးနဲ့ အိတ်ကနေ အင်္ကျီတွဲမိရင်းနဲ့မှ ဒီဆိုင်လေးကိုဖွင့်ဖြစ်သွားတာပါ။

-ဒီဆိုင်မှာ ဘာတွေအဓိကရလဲ။

အဓိက ပိုက်ဆံအိတ်တွေ တင်တယ်။ အိတ်ကတော့ အစ်မ brand တွေတင်တယ်။ အစကတော့ ပိုက်ဆံအိတ်ပဲရောင်းမလို့လုပ်ရင်းကနေ သြော် ပိုက်ဆံအိတ် လာဝယ်တဲ့သူတွေက အ၀တ်အစားလေးပါရှိမယ်ဆိုရင် တစ်နေရာထဲ မှာပဲ တစ်ချက်ခုတ်နှစ်ချက်ပြတ်သွားမယ်ဆိုပြီး အ၀တ်အစားပါ ဆက်တင်ဖြစ်တယ်။ တခြား Accessories သေးသေးမွှားမွှားလေးတွေလဲ ရှိတယ်ညီမရယ်။ အခုမှဆိုင်က စဖွင့်ကာစဆိုတော့ ဖြေးဖြေးချင်းတော့ ထည့်သွားမယ်။ ဒါပေမဲ့ ကိုယ်မနိုင်ပဲနဲ့လဲ အစချင်းမှာ အများကြီး သိပ်မလုပ်ချင်သေးလို့ပါ။

-ဒီဆိုင်လေးကိုရော ဘယ်နေ့တုန်းကစဖွင့်တာလဲ။

၁လပိုင်း  ၂၄ ရက်နေ့ကပေါ့။

-ဒီဆိုင်မှာရတဲ့ အိတ် brand လေးတွေကိုလဲ သိချင်ပါတယ်။

အိတ်က Oroton  သူကကျတော့ လောလောဆယ် သြစတြေးလျမှာနာမည်ကြီးနေတာပေါ့။ သြစတြေးလျက အဖြူတွေကအစ အဲ့ဒီတံဆိပ်ကို တော်တော်ကိုင်ကြတယ်။ အရည်အသွေးကောင်းတယ်။ အကြမ်းခံတယ်။ နောက် CK ၊novo ၊ Guess၊ Colette ၊ cellini အပြင် အခြားအခြား Brand တွေလဲ ရှိပါတယ်။ သူများတွေကတော့ မေးတယ်။ ဘာလို့ဒီမှာသုံးတဲ့ Brand တွေကို မတင်လဲပေါ့။ Coach တို့ကျတော့ ဒီမှာဆိုင်ရှိနေတဲ့အတွက် အစ်မ မတင်ချင်ဘူး။ Oroton ကျတော့ ဒီမှာရောက်ကို မရောက်သေးဘူး ထင်တယ်။ တခြားဆီမှာ မရနိုင်တဲ့ဟာကို တင်ချင်တဲ့ အတွက်ရှိပြီးသား Brand တွေကိုတော့ သိပ်မတင်ဖြစ်ဘူး။

-အင်္ကျီတွေကျတော့ရော Brand ပဲလား။

အကျီင်္ကတော့ သြစတြေးလျကလဲယူတယ်။ ကိုရီးယားမိတ်ရှိမယ်။ ထိုင်ဝမ်မိတ်ရှိမယ်။ ယိုးဒယားမိတ်ရှိမယ်။

-ဈေးနှုန်းအနည်းဆုံးကနေအများဆုံးကိုလဲသိချင်ပါတယ်။

အိတ်ဆိုရင်လဲ Brand ကိုင်မယ်ဆိုလဲ Brand ဈေးပေါ့။ အင်္ကျီဆိုရင်လဲ သြစတြေးလျမိတ်ဆို နည်းနည်းဈေးကြီးမယ်။ ဥပမာ ယိုးဒယားဆိုရင်လဲ အလယ်အလတ်ပေါ့။ ပြီးတော့ထိုင်ဝမ်၊ ပြီးရင်ကိုရီးယားပေါ့။ ဈေးနှုန်းတွေကိုတော့ သင့်တင့်အောင် လုပ်ထားတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကိုတိုင်ကိုက ဈေးဝယ်တာကို သိထားတဲ့အခါကျတော့ ကိုယ်ကိုတိုင်မှလဲ ဈေးသွားဝယ်ရင် လှလှပပလေးနဲ့ဈေးသက်သက်သာသာလေးရရင်ပျော်တာပေါ့နော်။ ကိုယ့်ဆိုင်ကို လာပြီးဝယ်တဲ့သူတွေလဲ ပျော်ပြီး ထွက်သွားတာကိုပဲ လိုချင်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ အစ်မအတွက်လဲ အဆင်ပြေမဲ့ဈေး၊ ကာစတမ်မာအတွက်လဲ အဆင်ပြေတဲ့ဈေးဖြစ်အောင်လုပ်ပေးထားပါတယ်။ အင်္ကျီလေးတွေဆို အနည်းဆုံး ၁၀၀၀၀ အောက်ကနေ အမြင့်ဆုံး အခုလောလောဆယ်ဆို ၁၀၀၀၀၀ လောက်ထိပဲ ရှိပါတယ်။ အိတ်ကတော့ ၃၀၀၀၀ ကျော်လောက်ကနေ ၆၀၀၀၀၀ ကျော်လောက်ထိ ရှိပါတယ်။ အခြား Accessories သေးသေးလေးတွေကတော့ ဘယ်သူမဆို ကောက်ပြီး ၀ယ်လို့ရတဲ့ဈေးလေးတွေပါ။

-ပစ္စည်းတွေကို အစ်မကိုယ်တိုင်ပဲသွားဝယ်တာလား။

အစ်မကိုယ်တိုင်ပဲသွားဝယ်တာပါ။

-ဒီဆိုင်လေးအောင်မြင်သွားတဲ့အခါ အခြားဆိုင်ခွဲတွေရော ထပ်ဖွင့်ဖို့ရှိဦးမလား။

ဒါဆန်းလုပ်ကြည့်တာပေါ့။ အောင်မြင်လို့ထပ်ဖွင့်နိုင်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

-ဒီဆိုင်က အိမ်နဲ့တွဲနေတဲ့အခါကျတော့ အနုပညာအသိုင်းအ၀ိုင်းကလူတွေပဲ လာဝယ်ကြတာများမလား။ အပြင်ကာစတမ်မာတွေအနေနဲ့ရော အဆင်ပြေနိုင်ပါ့မလား။

အမှန်အတိုင်းပြောရရင် အစ်မက လူစည်ကားတဲ့နေရာမှာ ဖွင့်ချင်တာ။ ဒီအိမ်မှာဖွင့်ဖို့ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမဲ့ဘာလို့ဖွင့်ဖြစ်သွားတာလဲဆိုတော့ အစ်မ အဖေက အသက် ၈၈ ရှစ်ရှိပြီ။ ကျန်းမာရေးကလဲ သိပ်မကောင်းဘူး။ အစ်မကိုယ်တိုင်မှစပြီး အရင်နှစ်တွေက ပွင့်လင်းချိန်တွေဆို သီချင်းထွက်ဆိုဖြစ်တယ်။ အခုဆို အစ်မခရီးရက်ရှည် မထွက်နိုင်တော့ဘူး။ အဖေ့ကျန်းမာရေးက အရေးကြီးနေပြီ။ အဖေ့ကို ဂရုစိုက်ရမဲ့ အချိန်ရောက်နေပြီဆိုတော့ အစ်မ ဒီလိုခရီးဝေးတွေသွားနေမဲ့အတူတူ အိုးမကွာ အိမ်မကွာဆိုရင်တော့ ကိုယ်အလုပ်လဲ လုပ်ရမယ်။ အဖေ့ကိုလဲကြည့်နိုင်တယ်ဆိုပြီးတော့ ဖွင့်ဖြစ်သွားတာပါ။ အဲ့ဒီအတွက်ကြောင့် ခုနကပြောသလို အပြင်မှာ ဖွင့်ရတဲ့ ဆိုင်မဟုတ်ဘူး။ အတွင်းလဲ ကျတဲ့အခါကျတော့ အပြင်ကာစတမ်မာတွေသိဖို့အတွက်ကျတော့ နည်းနည်းခဲယဉ်းတာပေါ့ ညီမရယ်။ ကိုယ့်မိတ်နဲ့ကိုယ်တော့ရှိတာပေါ့။ အဲ့ဒါကြောင့် မနက်ဖြန် ၂ ရက်နေ့ အစ်မခရီးထွက်မယ်။ ၅ ရက်နေ့ပြန်ရောက်မယ်။ အဲ့ဒီနေ့ တစ်ခါတည်း ၆ ရက်နေ့ဆို ပစ္စည်းအသစ်တွေရောက်ပါပြီ။ အဲ့ဒီကပြန်လာရင် အစ်မကိုယ်တိုင် Marketing ဆင်းဖို့အတွက်လဲ စီစဉ်ထားတယ်။ အခုလောလောဆယ်မှာပြောရရင် ဒီဆိုင်လေး က သွေးနုသားနုဖြစ်နေတဲ့အတွက် အစ်မလာဝယ်တဲ့ ကာစတမ်မာတွေကို ကိုယ်တိုင်ရောင်းချင်တယ်။ အပြင်ထွက်ပြီဆိုရင်လဲ နောက်ဆံတင်းနေရတယ်။ ကာစတမ်မာတွေလာလား။ အဆင်ပြေရဲ့လားနဲ့ ဖုန်းလှမ်း ဆက်ပြီးမေးနေရ တယ်။ ဆိုင်လာရင် အစ်မက ပစ္စည်းများများစားစားနဲ့ အားရပါးရရွေးတာကို အစ်မကဖြစ်စေချင်တာပေါ့။ အဲ့ဒါကြောင့် အခုဒီရက်ထဲမှာ ချက်ချင်းသွားဖို့ရည်ရွယ်ချက် မရှိသေးပေမဲ့ဆိုင်ဖွင့်ပွဲ မှာ အရမ်းပစ္စည်းတွေပြတ်သွားတော့ မနက်ဖြန် ချက်ချင်းသွားရ မှာပေါ့။

-ဒီကိုလာဝယ်ကြတဲ့သူတွေက အနုပညာရှင်တွေပဲလား။ အပြင်က ကာစတမ်မာတွေရော ပါဦးမလား။

အပြင်က ကာစတမ်မာတွေလဲ လာကြတယ်။ အားလုံးကိုလဲကျေးဇူးတင်ပါတယ်။အစ်မ ဒီအလုပ်လေး စလုပ်တဲ့အချိန်မှာ ဒီအလုပ်လေးက သူများတွေထက်စာရင် အများကြီးသေးကွေးတဲ့ အလုပ်ဆိုပေမဲ့ အစ်မအတွက်ကတော့ မလုပ်ဖူးတဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် ခေါင်းတော့နည်းနည်းကြီးတာပေါ့။ ဖွင့်ပွဲမှာဆိုလဲ အနုပညာမောင်နှမတွေကို ဖိတ်တယ်။ သူတို့မှလာပါ့မလားပေါ့။ မျိုးစုံကို ပူပန်တယ်။ဒါပေမဲ့ တကယ့်တကယ် ဖွင့်ပွဲကို အများကြီး လာကြတယ်။ လာတဲ့သူတွေကလဲ ဖေ့စ်ဘုတ်တွေမှာလဲ တင်ပေးတယ်။ အဲ့ဒါကြောင့် လူတွေ ပိုသိသွားတယ်။ အဲ့ဒီအတွက် အရမ်းကို ကျေးဇူးတင်တယ်။ အနုပညာအသိုင်းအ၀ိုင်းအပြင် အပြင်လူတွေလဲ အများကြီးလာဝယ်ကြပါတယ်။

-ဆိုင်ဖွင့်စဖြစ်တဲ့အတွက် ပရိုမိုးရှင်းပေးထားတာရောရှိမလား။

အ၀တ်အစားတွေကတော့ အတတ်နိုင်ဆုံး လျှော့ထားတယ်။ အိတ်တွေကတော့ သူတို့ကဒ်ဈေးအတိုင်းပဲ ရောင်းထားတယ်။ နောက်ပိုင်းကျရင်တော့ တစ်မျိုးပေါ့။ အခုကျတော့ ကိုယ့်တွက်မချန်ပဲ သူတို့ ကဒ်ဈေးအတိုင်းပဲရောင်းထားပါတယ်။

-ဆိုင်လိပ်စာလေးကိုလဲ ပြောပြပေးပါဦး။

No 1 D, သာယာရွှေပြည်လမ်း၊ သာယာရွှေပြည်ရိပ်မွန်၊ ( ၁၆ ) ရပ်ကွက်ပါ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.