ပြီးခဲ့သည့် နိုဝင်ဘာ(၁၅)ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆယ်လ်မြို့တွင် အိမ်ရှင် ဘယ်လ်ဂျီယံနှင့် ဧည့်သည်ကိုလံဘီယာအသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲကစားခဲ့ကြရာ ဧည့်သည်အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိသွားခဲ့သည်။ ထိုပွဲတွင် နာမည်ကျော်တိုက်စစ်မှူး ရွမ်ဒါးမဲလ်ဖဲလ်ကာအိုက အဖွင့်ဂိုးသွင်းယူနိုင် ခဲ့ပြီး ယင်းပွဲစဉ်သို့ ချဲလ်ဆီးနည်းပြ မော်ရင်ညိုလာရောက်ကြည့်ရှုခဲ့သဖြင့် တွေးစရာများရှိလာခဲ့သည်။ ထိုပွဲတွင် ချဲလ်ဆီးကစားသမားများဖြစ်သော ကယ်ဗင်ဒီဘရိုင်နီနှင့် အီဒင်ဟာဇက်တို့ပါဝင်ခဲ့ကြသဖြင့်မော်ရင်ညိုလာ ကြည့်ခဲ့ခြင်းဖြစ်ဖွယ်ရှိသလို လာမည့်ဇန်န၀ါရီအပြောင်းအရွေ့ကာလတွင် စတန်းဖို့ဒ်ဘရစ်ခ်ျအခြေစိုက်အသင်း ဆီသို့ ခေါ်မည်ဟုသတင်းထွက်နေသည့် ကိုလံဘီယာသားတိုက်စစ်မှူးအား အနီးကပ်သွားကြည့်ခဲ့ခြင်းလည်း ဖြစ်ဖွယ်ရှိကြောင်း အမျိုးမျိုးပြောဆိုလျက်ရှိကြသည်။
ထူးခြားမှုအနေဖြင့် ထိုပွဲကစားနေစဉ်အတွင်း မော်ရင်ညို၏ပုံအား ကွင်းအတွင်းမှ တီဗွီဖန်သားပြင်ကြီးပေါ်တွင် ပြသလိုက်သည့်အခါ ဘယ်လ်ဂျီယံပရိသတ်များက ၀ိုင်းအော်ကာ လှောင်ပြောင်ခဲ့ကြသည်။ အကြောင်းမှာ ချဲလ် ဆီးသို့ ယခုနှစ်မှခေါ်ယူထားခဲ့သည့် ဘယ်လ်ဂျီယံလက်ရွေးစင် ကယ်ဗင်ဒီဘရိုင်နီအား မော်ရင်ညိုက ပွဲထွက်ခွင့် မပေးဘဲ ချောင်ထိုးထားခဲ့ခြင်းကို မကျေနပ်ကြသောကြောင့်ဖြစ်သည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။