အနုပညာကို အနုပညာလို မမြင်တဲ့ ပရိသတ်ရဲ့ ဝေဖန်မှုတချို့ကို ခေါင်းထဲ မထည့်ဖြစ်တော့ဘူးလို့ ဆိုလာတဲ့ သင်ဇာဝင့်ကျော်

12576233_1698862240372687_946705946_n.jpg

လက်ရှိမှာ ရင်တွင်းရေးပြသနာဆိုတဲ့ ဇာတ်လမ်းတွဲ ဒုတိယပိုင်းကို ရိုက်ကူးနေတဲ့ သင်ဇာဝင့်ကျော်က ၂၀၁၅ ထဲမှာ ကားကြီးတော်တော်များများ ရိုက်ကူးခွင့်ရတယ်လို့သိရပြီး ၂၀၁၆ တွက်လဲ အကောင်းဆုံးနဲ့အမိုက်ဆုံးသော အနုပညာဖန်တီးမှုတွေကို ချပြမယ်လို့ပြောပြလာပါတယ်။ အခုနောက်ပိုင်းမှာ ကော်မာရှယ်ကြော်ငြာတော်တော်များများ ရိုက်ကူးလာရသလို ဓာတ်ပုံရိုက်တဲ့အခါမှာ အလန်းဆုံးပြင်ဆင်လေ့ရှိတဲ့သူမရဲ့ ဖက်ရှင်များကြောင့်လဲ ပရိသတ်ရဲ့ ဝေဖန်မှုကို လက်ရှိမှာ ခံနေရဆဲပါ။ ဒါ့အပြင် သူမကိုယ်တိုင်သုံးနေတဲ့ Instagram မှာ တင်ထားတဲ့ ခပ်လန်းလန်း နဲ့ ခပ်မိုက်မိုက်ပုံများကြောင့် နားလည်သော ပရိသတ်များရဲ့ ချစ်ခင်မှုနဲ့အတူ အချို့သော ပရိသတ်များရဲ့ ဝေဖန်ခံရမှုနဲ့ပတ်သက်ပြီး သူမရဲ့ အမြင်များကို မေးမြန်းဖြစ်တဲ့အခါ

"အရင်က သင်ဇာ ဖေ့စ်ဘုတ်လဲမသုံးဘူး။ Instagram လဲမသုံးဘူး။ အဲ့ဒီအခါကျတော့ ကိုယ့်ရဲ့ ဓာတ်ပုံတွေက သိပ်မပျံ့နှံ့ ဘူးလို့ပြောရမှာပေါ့။ ဒီမဂ္ဂဇင်းတို့ ၊ ဂျာနယ်တို့လောက်ပဲ ရိုက်တဲ့အခါကျတော့ ကြော်ငြာရှင်တွေမျက်စိထဲ မရောက်လို့နေမှာပေါ့နော်။ အခုကျတော့ ဖေ့စ်ဘုတ်တွေ Instagram တွေပြန်သုံးတဲ့အခါကျတော့ ကြော်ငြာရှင်တွေလဲ ကိုယ့်ကိုတွေ့ပြီးသဘောကျလို့ လာငှားတယ်လို့ပဲပြောရမှာပေါ့။ သင်ဇာပုံတွေ တင်တဲ့အချိန်မှာလဲ အကောင်းဆုံးဖြစ်မယ် ထင်ပြီးတော့ တင်ခဲ့တယ်။ အဲ့ဒီအပေါ်မှာမှ ဝေဖန်တဲ့ ပရိသတ်ကလဲ မျိုးစုံရှိမှာပေါ့။ အဲ့ဒါကြောင့်မို့လဲကြိုက်သလိုဝေဖန်ကြပါ။ ရပါတယ်။  ဒါပေမဲ့ တချို့ကျတော့လဲ အဖေတွေ၊ အမေတွေပါ ထည့်ပြီးပြောကြတယ်။ မိဘက မဆုံးမဘူးလား။ ဘာလား။ ညာလားပေါ့။ သင်ဇာတို့ ဒီအနုပညာအလုပ်လုပ်တယ်ဆိုတာ ဆေးစက်ကျရာ အရုပ်ထင်ရတာလေ။ movie ရိုက်ရတဲ့ အခန်းတွေမှာလဲ ကြက်မအခန်းဆိုလဲ လုပ်ရတယ်။ မဖြစ်မနေ ချွတ်ရတော့မယ်။ ဖော်ရတော့မယ် အဲ့ဒါမျိုးတွေလဲ ရှိတယ်။ ဒီအနုပညာအလုပ်နဲ့ပဲ ကိုယ်တွေက ရပ်တည်နေရတာ။ မလုပ်လို့လဲမရဘူး။ ဓာတ်ပုံဆိုလဲ အဲ့ဒီလိုပဲ။ ကိုယ့်ကို ကြော်ငြာရှင်က လာငှားတယ်။ ဒီလိုပုံစံမျိုး လိုချင်တယ်။ ကိုယ်ငြင်းချင်လဲငြင်းလို့ ရပါတယ်။ ဒါပေမဲ့ မဖြစ်မနေ choice လုပ်ရတော့မယ်ဆိုရင် လုပ်လိုက်ရတာမျိုးတွေလဲ ရှိတယ်။ ဒီဟာကို သူတို့အနေနဲ့အနုပညာတစ်ခုအနေနဲ့ပဲကြည့်ကြပါ။ ပုဂိုလ်ရေးတွေမပါပဲနဲ့ ပေါ့။ အနုပညာအရကြည့်မယ်ဆိုရင် ဒါအမြင်မရိုင်းပါဘူး။ နားလည်ပေးလို့ရတယ်။ ဒါတွေကိုတချို့က နားလည်ပေးတဲ့သူရှိတယ်။ နားလည်မပေးတဲ့သူလည်း ရှိပါတယ်"လို့ သူမက ပြောလာပါတယ်။

ဒါ့အပြင် သူမက ဆက်ပြီး "ပုံမြင်တာနဲ့သူများက ပုတ်ခတ်တာနဲ့ငါလဲ ၀င်ပုတ်ခတ်လိုက်မယ်ဆို သူတို့ပြောလိုက်တဲ့ စကားတစ်ခွန်းက ဘယ်အထိရောက်သွားတယ်ဆိုတာမသိဘူး။ အဲ့ဒီလိုပြောခံရတဲ့အတွက် အရင်တုန်းကတော့ ထိခိုက်ခံစားရတယ်။ အခုနောက်ပိုင်းကျတော့ အရည်လဲထူလာပြီ။ သူတို့ပြောလိုက်တဲ့ စကားတစ်ခွန်းနဲ့လဲကိုယ့် Image က ကျမသွားဘူး။ လတ်တလောမှာဖြစ်နေတဲ့ ကိုယ့်ရဲ့ အခြေအနေက ဘာမှပြောင်းလဲမသွားဘူး။ တခြားသင်ဇာ့လိုပဲ အပြောခံရတဲ့သူတွေလဲ စိတ်ပျက်အားမငယ်သွားပဲ လုပ်စရာရှိတာကို ဆက်လုပ်ကြပါလို့။ သင်ဇာကတော့ပြောချင်ပါတယ်။ နောက်ပိုင်းကျတော့ဒါတွေကိုလဲ သိပ်ခေါင်းထဲမထည့်ဖြစ်တော့ဘူး။ ကိုယ်လုပ်စရာရှိတာပဲ ကိုယ်ဆက်လုပ်မယ်။ ဒါမျိုးပုံတွေ တက်လာလို့ပြောကြဆိုကြတာကို မခံနိုင်လို့မရိုက်ပဲငြင်းလိုက်ရင် ကိုယ်မရရင် ကိုယ်ပဲ ငတ်သေမှာလေ။ ကိုယ်ငတ်သေရင် ဘယ်သူမှလာပြီး ထမင်းကျွေးမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုတော့ ဆက်လုပ်ရမှာပဲ။ တင်စရာရှိရင်လဲ ဆက်တင်မှာပဲ။ လုပ်စရာရှိရင်လဲ လုပ်မှာပဲ။ အားပေးတဲ့ပရိသတ်တွေရော၊ သင်ဇာ့ဖက်က နာပေးကြတဲ့ ပရိသတ်တွေကိုရော ကျေးဇူးအရမ်းတင်တယ်။ ဒါပေမဲ့သင်ဇာ့ရဲ့ယုံကြည်မှုနဲ့သင်ဇာ့ရဲ့ခံယူချက်ကိုတော့ နားလည်ပေးကြပါလို့ပြောချင်ပါတယ်"တဲ့။

တင်သမျှပုံတွေကို ချစ်ပြီး အားပေးတဲ့ ပရိသတ်တွေအပေါ်သူမရဲ့စိတ်ခံစားချက်နဲ့ပတ်သက်ပြီး "သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေမှာ ဖုန်းဘေလ်အကုန်ခံ၊ အလုပ်ပျက်ခံပြီး တော့ကိုယ့်အတွက်နာပြီးဖြေရှင်းပေးတဲ့ပရိသတ်ကြီးကို သင်ဇာအရမ်းကိုကျေးဇူးတင်တယ်။ ဒီကျေးဇူးတင်တဲ့ စကားထက်ပိုပြီးတန်ဖိုးရှိတဲ့ စကားမျိုးရှိရင်လဲပြောချင်ပါတယ်။ အဲ့ဒီလိုပရိသတ်တွေရှိတဲ့အတွက်လဲ တကယ်ကြီးကို သင်ဇာဝမ်းသာလို့မဆုံးပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးဆိုတော့ အားလုံးကို သင်ဇာနားလည်ပေးလို့ရပါတယ်"လို့ သူမက ပြောပြသွားပါတယ်။

လက်ရှိမှာ သင်ဇာဝင့်ကျော်က ဒါရိုက်တာဟိန်းစိုး၊ နိုင်းနိုင်း၊ နန်းမြတ်ဖြိုးသင်းတို့နဲ့အတူ ရင်တွင်းရေး ပြသနာဆိုတဲ့ ဇာတ်လမ်းတွဲဒုတိယပိုင်းကို ရိုက်ကူးနေပြီး နှစ်ကိုယ်ခွဲသရုပ်ဆောင်နေတယ်လို့ သိရပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.