၂၀၁၆ ရဲ့ပထမဆုံးပြောင်းလဲမှု ဆံပင်အတိုလေး ညှပ်လိုက်တဲ့ ဆုမြတ်နိုးဦးက ၂လပိုင်းမှာ မလေးရှားကို ဖျော်ဖြေရေးအနေနဲ့သွားဖို့ရှိကြောင်းပြောပြ

12607306_1697818907143687_1837218771_n.jpg

၂၀၁၆ မှာ ပြောင်းလဲမှုအနေနဲ့ ဆံပင်အတိုလေး ညှပ်လိုက်တဲ့ ဆုမြတ်နိုးဦးက ကျိုက်ထီးရိုးကိုလဲ ပရဟိတအနေနဲ့သွားခဲ့သေးသလို ၂လပိုင်းမှာလဲ ဖျော်ဖြေရေးအနေနဲ့ မလေးရှားမှာ သီချင်းသွားဆိုဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မကြီးစန်းရှိုးလည်း လျှောက်ဖြစ်သေးတယ်လို့ ဆိုလာတာကြောင့် သူမရဲ့ အနုပညာလှုပ်ရှားမှုအကြောင်း မေးကြည့်လိုက်တော့

"ဒီလထဲမှာ ပုသိမ်မှာ သီချင်းသွားဆိုဖို့ရှိတယ်။ နောက်လထဲမှာတော့ မလေးရှားမှာ သီချင်းသွားဆိုဖို့လက်ခံထားတယ်။ ညီမရယ် သွန်းဆက်၊ ကိုထွန်းကို၊ကိုပေါက်၊ ကိုဒိန်းဒေါင်ရယ် အဲ့ဒါပဲ မှတ်မိတယ်။ သရုပ်ဆောင်ဖက်ကပေါ့။ ကျန်တဲ့သူတွေကတော့ ဘယ်သူတွေ ပါဦးမလဲမသိသေးဘူး။ သီချင်းကတော့ ဆိုဖို့ကြိုးစားနေတာပေါ့။ လောလောဆယ် နည်းနည်းပါးပါးလေ့ကျင့်ထားတယ်။ အရင်ကတော့ သိပ်မဆိုဖြစ်ဘူး။ ဘောလုံးပွဲမှာတော့ တစ်ခါဆိုပေးဖူးတယ်။ အခုမှ ပွဲလေးတွေ လက်ခံပြီးဆိုဖြစ်တာပေါ့။ နောက် ပြည်ပက ဒါပထမဆုံးအကြိမ် သီချင်းသွားဆိုရမှာပေါ့။ အရမ်းလဲစိတ်လှုပ်ရှားတယ်။ သီချင်းဆိုရတာကိုလဲ ၀ါသနာပါတယ်။ မြတ်နိုးတို့လို သရုပ်ဆောင်တွေကျတော့ ပရိသတ်နဲ့ထိတွေ့ဖို့အတွက်စင်ပေါ်မှာ အိုက်တင် သွားလုပ်ပြနေတာ ထက်စာရင် သီချင်းဆိုတာက ပိုပြီးထိတွေ့ခွင့်ရဖို့ပိုအဆင်ပြေမယ်ထင်လို့ပါ။ အဲ့ဒါကြောင့် သီချင်းဆိုဖြစ်တာပါ"လို့ သူမက ပြောပြသွားပါတယ်။

ကားရိုက်ပိုင်းနဲ့ပတ်သက်ပြီးတော့လဲ "ကားရိုက်ကတော့ ညီမပုံမှန်လေးတွေရိုက်ဖြစ်တယ်။ ဒီနှစ်ထဲမှာတော့ ညီမကားမရိုက်ခင် အခုဖျော်ဖြေရေးတွေ လက်ခံထားတယ်ပေါ့။ ကားရိုက်တော့ မှားရင်ပြန်ရိုက်လို့ရတယ်။ သီချင်းဆိုတာကကျတော့ မှားသွားရင် ပြန်ဆိုလို့မရဘူး။ ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့တာဆိုတော့လေ အဲ့ဒါလေးတွေတော့ကွာတယ်။ ကားရိုက်နဲ့ပတ်သက်ပြီး နောက်ဆုံးရိုက်ခဲ့တဲ့ကားက ယက္ကန်း ( ၂ ) ပါ။ ဒါရိုက်တာက ကိုညို၊ ကိုစိုးရန်အောင်ရယ်။ မြတ်နိုးရယ်။ မနန်းခင်ဇေယျာရယ်ပါ။ ကားရိုက်တဲ့အပိုင်းကိုလဲ အဆင်ပြေရင်ပြေသလို မြတ်နိုးဆီလာတဲ့ဇာတ်တွေကို အတတ်နိုင်ဆုံးအကောင်းဆုံးနဲ့လက်ခံရိုက်ကူးသွားမှာပါတဲ့။ ကျိုက်ထီးရိုးမှာ အလှူသွားလုပ်ဖြစ်တာနဲ့ပတ်သက်ပြီးတော့လဲ ကိုရဲမွန်တို့ကိုဇော်ဇော်အောင်တို့ဖွဲ့ထားတဲ့ တစ်နိုင်တစ်ပိုင်ပရဟိတအဖွဲ့လေးနဲ့အတူ ကျိုက်ထီးရိုးရေတံခွန်ဆင်းတဲ့လမ်းတောက်လျှောက်မှာရှိတဲ့ ဘုရားတွေအားလုံးက ထီးတော်တွေ ပျက်စီးနေတဲ့ဟာကို ပြန်ပြီးတော့ ထီးတော်အသစ်တင်ပေးတာပေါ့။ အဲ့ဒါအတွက် အလှူလိုက်သွားတာပါ။ မြတ်နိုးကိုယ်တိုင်က ပရဟိတလုပ်ရတာကိုပျော်တယ်။ အခုသွားတာဆိုရင်လဲတော်တော်ပင်ပန်းပါတယ်။ ညတစ်နာရီလောက်ကြီး ဒီကနေထွက်ကြတယ်။ နောက် အရမ်းအေးတယ်။ ဟိုကနေရေတံခွန်ထိဆင်းတဲ့လမ်းဆိုတော့ အရမ်းဝေး တယ်။ နောက်ကားနဲ့ သွားလို့ရပေမဲ့ ခြေလျင် သွားရတာဆိုတော့ ခြေလျင်လမ်း ကတော်တော်လေးဝေးတယ်။ အဲ့ဒါကိုမှ တက်လိုက်ဆင်းလိုက်နှစ်ခါလောက် လုပ်လိုက်ရတယ်။ အဖွဲ့လိုက်ဆင်းတာဆိုတော့ ပင်ပန်းပေမဲ့ ပျော်ပါတယ်။ ပီတိပေါ့နော်။ ကိုယ်ဘာရလိုက်လဲဆိုတာထက် ပရဟိတလုပ်ရတဲ့ပီတိပေါ့။ အရမ်းကိုစိတ်ချမ်းမြေ့ဖို့ကောင်းပါတယ်"တဲ့။

၂၀၁၆ မှာ ပထမဆုံးပြောင်းလဲမှုအနေနဲ့ ဆံပင်ပုံစံချိန်းဖြစ်သွားတာကိုတော့ "ညီမအစက ဆံပင်အရှည်ထားမို့ပဲ။ ဒါပေမဲ့ မြတ်နိုးရဲ့ဆံပင်အောက်အနားတွေက မြန်မာဝတ်စုံရိုက်တဲ့အခါ ကော်တွေဖြန်းလို့အရမ်းပျက်စီးနေတယ်။ အဲ့ဒါနဲ့ဆံပင်လေးကို ဒီလောက်ထိတိုအောင် ညှပ်ဖို့စိတ်ကူးမရှိဘူး။ အဖျားတွေပဲတိမယ်ပေါ့။ ဒါပေမဲ့ ဆုမြတ်နိုးကျော်ဖွင့်ထားတဲ့ Sheshido ဆိုင်အတွက်ရိုက်ပေးတော့ Treatment အတွက် ဂျင်ဆင်းနဲ့ပေါင်းတာ ကိုခေါ်ရိုက်တော့ မြတ်နိုးကလဲ ဂျင်ဆင်းနဲ့ပေါင်းပြီး ထိုင်စောင့်နေရင်းနဲ့ လက်ထဲကို ဆံပင်စတိုင်တွေပါတဲ့ စာအုပ်ကိုလာပေးတော့ အခုမြတ်နိုးညှပ်ထားတဲ့ ကာလာနဲ့ပုံကို အရမ်းကြိုက်ပြီး ညှပ်ချင်တယ်ဆိုတော့ အခုသူတို့ဆရာက စင်ကာပူကရောက်နေတယ်ပေါ့။ နောက်တစ်ခေါက်မှ ညှပ်မယ်လို့ပြောလိုက်ပေမဲ့ သုံးလလောက်ကြာဦးမယ်ဆိုလို့ မစောင့်ပဲနဲ့ချက်ချင်းညှပ်ခဲ့တာပါ။" လို့သူမရဲ့ ပထမဆုံးပြောင်းလဲမှု တစ်ခုကို ပြောပြခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.