၂၀၁၆ ထဲမှာ တစ်ကိုယ်တော် အခွေထွက်ဖို့ရှိတဲ့ ပန်းရောင်ခြယ်

12540309_1694838614108383_551438817_n.jpg

လက်ရှိမှာ ကျောင်းတစ်နှစ် နားထားပြီး ရန်ကုန်ကိုပြန်လာကာ ဂီတလှုပ်ရှားမှုတွေနဲ့ အသားကျနေတဲ့ ပန်းရောင်ခြယ်က ရှိုးပွဲလေးတွေလဲ ဆိုဖြစ်နေသလို Wake Up Daddy ဒီဗီဒီနဲ့ နောက်ထပ် တစ်ကိုယ်တော်အခွေ ဖန်တီးဖို့အတွက် ရန်ကုန်ကို ပြန်လာတာလို့သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်သမျှကတော့

-အခုလက်ရှိ လုပ်ဖြစ်နေတဲ့ ဂီတလှုပ်ရှားမှု လေးကိုလဲ သိချင်ပါတယ်။

အခုလက်ရှိက Wake Up Daddy ! အခွေရဲ့ ကျန်နေတဲ မြူးဆစ် ဗီဒီယို ခြောက်ပုဒ်ကို ရိုက်ဖို့ စတည်နေပါပြီ။ ဒီကြားထဲ ပွဲလေးတွေလဲ သွားဆိုဖြစ်ပါတယ်။ နောက်ထပ် တစ်ကိုယ်တော်ခွေကို လဲ စတည်နေပါပြီ။ တခြားအခွေထဲမှာ ဆိုထားတဲ့ သီချင်းအသစ်လေးတွေလဲ ထွက်ဖို့ရှိပါတယ်။

-ဘယ်အရွယ်မှာရော သီချင်းကိုစလုပ်ဖြစ်တာလဲ။

ညီမငယ်ငယ်လေးကတည်းက သီချင်းဆိုတာကို ၀ါသနာပါတယ်။ သြစတြေးလျ ကို ညီမအသက် ၁၁ မှာ စပြီးကျောင်းသွားတက်တယ်။ Primary School မှာရော High School မှာရော အခု တက္ကသိုလ် ရောက်တော့ရော မြူးဆစ်နဲ့ပတ်သက်တာတွေကို လက်လှမ်းမှီသလောက် လုပ်တယ်။ School Choir တို့Rock Bands တို့ကျောင်းက Talent Show တို့မှာ အမြဲပါဝင်ဖြစ်တယ်။ High School မှာလဲ Vocal Scholarship ရခဲ့ဖူးတယ်။ ကျောင်းလခ နည်းနည်းသက်သာပြီး Vocal Teacher နဲ့Lessons တွေ အလကား သင်ခဲ့ရတယ်။ မြူးဇစ်ကိုလဲ Subject အနေနဲ့ High School မှာယူခဲ့တယ်။ uni ရောက်တော့ Glee Club အတွက် Audition သွားလုပ်တယ်။ Audition အောင်ပြီး uni ကတခြား မေဂျာ အစုံက မြူးဇစ်ကိုချစ်တဲ့ ကျောင်းသားတွေနဲ့အတူ တစ်ပတ်တစ်ခါ သီချင်းတွေ တိုက်တယ်။ Mini Concert လေးတွေအတွက်ပြင်ဆင်ကြတယ်။ အသက်အရွယ် အတိအကျတော့ မမှတ်မိပေမဲ့ ငယ်ငယ်လေးကတည်းက မြူးဇစ်ကို ၀ါသနာပါတယ်။ လေ့လာတယ်။ အမှတ်တရလေးတစ်ခုကတော့ အသက်ကိုးနှစ်လောက်က ယင်းမာတေးသံသွင်းက ထုတ်တဲ့ ကလေးသီချင်းခွေထဲမှာ Twinkle Twinkle Little Star ဆိုပြီး ဘဲလေးအက ကခဲ့ဖူးတယ်။

-သီချင်းတွေစလုပ်ဖြစ်သွားရတဲ့ အကြောင်းအရင်းကရော ဘာများဖြစ်မလဲ။

ငယ်ငယ်ကတည်းကတော့ အဆိုတော်ဖြစ်ချင်တယ်။ မာမီ ကိုလဲ အခွေထုတ်ပေးဖို့ပူဆာခဲ့တယ်။ ဒါပေမဲ့ mummy က high school ပြီးမှ ထုတ်ပေးမယ်လို့ပြောတယ်။ ဒယ်ဒီ၊ မာမီနဲ့ညီမလေးက၂၀၁၃ နှစ်လယ်လောက်ကတည်းကမြန်မာပြည်ကိုပြန်လာတယ်။ ပန်းရောင်ကတော့ ဟိုမှာအဆောင်နေပြီးကျောင်းဆက်တက်ဖို့ကျန်ခဲ့တယ်။ Daddy ပြန်ရောက်တော့ တစ်ကိုယ်တော်အခွေ မထွက်တာလဲ ခုနစ်နှစ် ရှစ်နှစ်ရှိပြီဆိုတော့ တစ်ကိုယ်တော်အခွေလုပ်မယ်လို့ စိတ်ကူးတဲ့အချိန်မှာ မာမီ က အကြံစပေးတာ ။ သမီးကြီး ဒယ်ဒီနဲ့အတူ ၀င်ဆိုပါလားဆိုပြီးပြောတယ်။ ၂၀၁၃ ခုနှစ်က ပန်းရောင် ၁၂ တန်းပြီးတဲ့နှစ်ဆိုတော့ ကွက်တိပဲဖြစ်သွားတာ။ အဲ့ဒါနဲ့ဒယ်ဒီရဲ့တစ်ကိုယ်တော်အခွေကနေ ပန်းရောင်းနဲ့ Duet အခွေလိုလေးဖြစ်သွားတာပါ။ Wake Up Daddy သီချင်းကလဲ မာမီရဲ့အိုင်ဒီယာလေးပါပဲ။ Australia ကပန်းရောင်တို့မိသားစုရဲ့ တကယ့်ဘ၀အစစ်အမှန်လေးကို သီချင်းအနေနဲ့သမီးတို့သားအဖနှစ်ယောက်ဆိုပါလားဆိုပြီး မာမီ နဲ့ ဒယ်ဒီ က ဦးရွှေဂျော်ဂျော်ကို ပန်းရောင်တို့ရဲ့ Life Style အကြောင်းလေးကိုပြောပြပြီး ဦးရွှေနဲ့ ဒယ်ဒီ က အဲ့ဒီသီချင်းလေးကိုရေးခဲ့တာပါ။

-အဖေကိုယ်တိုင်က နိုင်ငံကျော် အဆိုတော်မို့လို့ ဂီတလိုင်းဖက်ကို ၀င်လာခဲ့တာလား။

ပန်းရောင်မွေးကတည်းက ဂီတနဲ့နီးစပ်တာကြောင့် ဂီတကို တကယ်ဝါသနာပါတာလဲဖြစ်မှာပါ။ ဒါပေမဲ့ အဖေက အဆိုတော်မို့လို့ ၊ မိဘကတိုက်တွန်းလို့၊သီချင်းဆိုတာတော့ လုံးဝမဟုတ်ပါဘူး။။ ပန်းရောင်တကယ်ပျော်ရွှင်တဲ့ အလုပ်တစ်ခုမို့လို့လုပ်ချင်တာပါ။

-အဖေနဲ့အမေကရော ဘယ်လိုအကြံဥာဏ်တွေပေးပြီးကူညီပံ့ပိုးပေးလဲ။

ဒယ်ဒီ နဲ့ မာမီ ကပန်းရောင်ကို အမြဲအဖက်ဖက်ကနေ ပံ့ပိုးကူညီပေးတယ်။ ခွန်အားတွေလဲပေးတယ်။ နှစ်ယောက်လုံးက သီချင်းဆိုလည်း ကူရွေးပေးတယ်။ အကြံဥာဏ်တွေလဲပေးတယ်။ Daddy ကလဲ သီချင်းဆိုတဲ့အပိုင်းနဲ့ပတ်သက်ရင် အချိန်တစ်ခုသတ်မှတ်ပြီး ပုံမှန်၊ Lesson ကြီးတစ်ခုလို မသင်ပြဖြစ်ပေမဲ့ အမြဲ အမှားရှိရင်ပြင်ပေးတယ်။ ဘယ်လိုပိုကောင်းအောင်လုပ်လို့ရလဲဆိုတာပြောပြပေးတယ်။ Daddy ရဲ့အဆိုတော်ဘ၀မှာကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကိုဝေမျှပေးတယ်။ ဥပမာ daddy သုံးလေးနှစ်ကြာမှရတဲ့ သင်ခန်းစာတစ်ခုက ပန်းရောင်ခဏလေးနဲ့ရသွားတာမျိုးလေးတွေပေါ့။ အိမ်မှာ home studio လေးလဲလုပ်ထားတော့ အသံဖမ်းတဲ့ အပိုင်းကိုလဲ သင်ပေးထားတယ်။ Wake Up Daddy ! အခွေလေးထဲမှာ ကိုယ့်ဘာသာကိုယ်ဆိုပြီး သွင်းထားတဲ့သီချင်းလေးတွေလဲ ပါပါတယ်။ မိဘနှစ်ပါးလုံးကတော့ပန်းရောင်ကိုအများကြီးပံ့ပိုးပေးပါတယ်။

-အဖေ့ရဲ့အောင်မြင်မှုကြောင့်ပန်းရောင်ကိုလူပိုသိသွားတယ်လို့ပြောလို့ရလား။

ပြောလို့ရတာပေါ့ရှင်။ ပန်းရောင်ကို ဂီတလောကထဲက အသစ်တစ်ယောက်အနေနဲ့ စိတ်ဝင်စားပြီး ပန်းရောင်အသံကို နားထောင်ပေးခဲ့တဲ့ သူတွေအများစုက Daddy ရဲ့ပရိသတ်တွေပဲဖြစ်မှာပါ။

-လက်ရှိပညာရေးအခြေအနေလေးကိုလဲသိချင်ပါတယ်။

လက်ရှိမှာ ပန်ေးရောင် Australia , Perth မြို့မှာရှိတဲ့ University of Western Australia ( UWA ) မှာ Architecture and Integrated Design တက်နေပါတယ်။ First Year ပါ။ အခုတော့ ရန်ကုန်မှာ အကြာကြီးရှိပါဦးမယ်။ Aussie က ပညာရေး System ကခွင့်ပေးတဲ့အတွက်ကြောင့် ခွင့်တစ်နှစ် ယူထားပါတယ်။ အဓိကကတော့  Wake Up Daddy ! အခွေ ဒီဗီဒီထွက်ဖို့နဲ့တစ်ကိုယ်တော်ခွေလေးစလုပ်ချင်လို့ပါ။

-Wake Up Daddy ! အခွေထဲမှာ ပရိသတ်နဲ့အပေးအယူတည့်ခဲ့တဲ့သီချင်းလေးတွေကဘာတွေဖြစ်မလဲ။

Wake Up Daddy !ရယ်၊ ဒိုင်ယာရီလေးသက်သေရယ်၊ အသဲကွဲသူရယ်ဖြစ်မယ်လို့ထင်ပါတယ်။

-ဂီတအမျိုးအစားက pop ချိုချိုလေးတွေပဲသွားမှာလား။ ပြောင်းလဲပြီး ပရိသတ်ကို ဖန်တီးပြဖို့ရောရှိဦးမလား။

အဓိကကတော့ pop နဲ့ R&B ကို ပန်းရောင်ကြိုက်ပါတယ်။ တခြား Music Genre တွေလဲကြိုက်ပါတယ်။ သီချင်းကောင်းရင် ဘာဖြစ်ဖြစ် ကြိုက်ပါတယ်။ ဒါပေမဲ့ ပန်းရောင် အသံနဲ့လိုက်တာက pop နဲ့ R&B မို့လို့အဲ့ဒီနှစ်ခုကိုပဲ အဓိကထားဆိုဖြစ်မှာပါ။

-သီချင်းရေးတာကိုရောဝါသနာပါလား။

သီချင်းရေးတာကိုလဲ ၀ါသနာပါပါတယ်။ အခုလည်းရေးထားတာလေးတွေ တစ်ကိုယ်တော်အခွေအတွက် စစုထားမိနေပါပြီ။

-အခွေထွက်ပြီးနောက်ပိုင်း ရှိုးဆိုတာတွေ့ရတယ်။ အဲ့ဒီအတွေ့အကြုံလေးကိုလဲ ဝေမျှပေးပါဦး။

အခွေထွက်ပြီးနောက်ပိုင်း ပန်းရောင်ရှိုးလေးတွေဆိုဖြစ်တယ်။ ပွဲကြီးလေးတွေ ပွဲသေးလေးတွေဆိုဖြစ်တယ်။ ပွဲကြီးကိုပထမဆုံးဆိုဖူးတာက ၂၀၁၃ daddy ရဲ့ One man show မှာပါ။ အဲ့ဒီတုန်းကတော့ အကြောက်အလန့်မရှိပဲပေါ့ပေါ့ပါးပါးဆိုဖြစ်ခဲ့တယ်။ အခုနောက်ပိုင်းကျတော့ နည်းနည်း ပိုဂရုစိုက်မိလာတယ်။ မဆိုခင် စိတ်ပူတာလေးတွေ၊ ပိုရင်ခုန်တာလေးတွေဖြစ်လာတယ်။ အဲ့ဒါနဲ့လည်းတစ်ပြိုင်တည်းပိုပြီး Enjoy စြဖ်ပြီး ပျော်ရွှင်လာတာကိုလဲ ကိုယ့်ကိုကိုယ်တွေ့လာရပါတယ်။

-အသစ်ဆိုပေမဲ့ သီချင်းဆိုတာအရမ်းကောင်းတော့ အခွေမထွက်ခင် အဆိုသင်တန်းတွေဘာတွေရောတက်ခဲ့ဖူးလား။

အဆိုသင်တန်းရယ်လို့မတက်ခဲ့ဖူးဘူးရှင့်။ ဒီလိုပဲ လက်လှမ်းမှီသလောက်လေ့လာတယ်။ သီချင်းတွေအများကြီးနားထောင်တယ်။ High School တုန်းက Vocal Lessons တွေရခဲ့တယ်။ daddy ကသင်ပြအကြံဥာဏ်ပေးတယ်။ ဒီလောက်ပါပဲ။

-Guide Line ချပေးတဲ့ Vocal Guide ရှိရင်လဲသိချင်ပါတယ်။

Vocal Guide မရှိပါဘူး။ သီချင်းဆိုရင် ကိုယ်တတ်သလောက်နဲ့ daddy အကြံပေးတာလေးတွေနဲ့ပဲ ဆိုတာပါ။

-ပရိသတ်ကလဲ တော်တော်လေး လက်ခံလာခဲ့တော့ ဂီတပိုင်းနဲ့ပတ်သက်ပြီး ဘယ်လိုလေးတွေဆက်လုပ်သွားဖို့ရှိလဲ။

ပန်းရောင်အများကြီးကြိုးစားရပါဦးမယ်။ အရင်ဆုံးတစ်ကိုယ်တော်အခွေလေးလုပ်နေတယ်။ ပရိသတ်လက်ခံလာရင်တော့ သီချင်းပဲ အမြဲဆိုသွားချင်ပါတယ်။

-၂၀၁၆ အတွက်ရော ဘယ်လို plan တွေဆွဲထားလဲ။

၂၀၁၆ မှာ Wake Up Daddy ဒီဗီဒီထွက်မယ်။ တစ်ကိုယ်တော် အခွေထွက်နိုင်ဖို့ကိုလဲ ကြိုးစားမယ်။ Wake Up Daddy ဒီဗီဒီထွက်ရင်လဲ အားပေးကြပါဦးလို့ပြောချင်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.