အောင်ရဲလင်းနဲ့အတူ တွဲသရုပ်ဆောင်ထားတဲ့ ငါတို့အတွဲ အမ်တီဗီကို ၀ိုင်းစုခိုင်သိန်းကြောင့် ရိုက်ပေးခဲ့တာပါလို့ နန်းဆုဦး ဖွင့်ဟ

12507077_1693515614240683_25687769_n.jpg

အနုပညာသက်တမ်း ၂ နှစ်ကျော်လာပြီဖြစ်တဲ့ နန်းဆုဦးက လက်ရှိ ၂၀၁၆ နှစ်စပိုင်းမှာ ဒါရိုက်တာ ညိုမင်းလွင်ရိုက်ကူးတဲ့ တနင်္ဂနွေညကျောင်းဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ သတင်းထောက်မလေးအနေနဲ့ပါဝင်သရုပ်ဆောင်နေပြီး ဘန်ကောက်မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ ဗီဒီယိုကားများအကြောင်း သူမ ဖန်တီးကြိုးစားချင်တဲ့ အနုပညာအကြောင်းနဲ့ လက်ရှိရိုက်ကူးဖြစ်နေတဲ့ သရဲကားအကြောင်းကို ပြောပြလာတဲ့အခါ

-အခုရိုက်နေတဲ့ ကားကြီးအကြောင်းကို အရင်ပြောပြပေးပါဦး။

 တနင်္ဂနွေ ညကျောင်းတဲ့။ ဒါရိုက်တာ ဦးညို ၊ ထားဝယ်ထုတ်လုပ်ရေးအတွက်ရိုက်တာပါ။ မင်းသားက အောင်မင်းခန့်ပေါ့။ ဒီကားထဲမှာ ညီမရဲ့ ကာရိုက်တာက သတင်းထောက်ကောင်မလေး ၊ အပြင်မှာ သတင်းထောက်ကို ၀ါသနာပါလို့လုပ်တယ်။ သတင်းထောက်ဆိုတော့ သူ့ရဲ့ ကာရိုက်တာက စပ်စုတယ်။ သိချင်တယ်။ စူးစမ်းတယ်။

-သတင်းထောက်ကာရိုက်တာအနေနဲ့ ဒီကားကြီးက ဘယ်နှစ်ကားမြောက်ဖြစ်မလဲ။

ကိုဘုန်းသိုဏ်နဲ့ဇာတ်လမ်းတွဲ တစ်ခုမှာ သတင်းထောက်ပုံစံမျိုးလုပ်ဖူးတယ်။ အခုဒီကားနဲ့ဆို နှစ်ကားရှိပြီပေါ့။

-ဒီကားလေးက သရဲကားလို့လဲသိရတယ်။

ဟုတ်ပါတယ်။ သရဲကားပါ။ သူတို့သွားတက်တဲ့ သင်တန်းတစ်ခုမှာဖြစ်တဲ့ အမှုအခင်းတစ်ခုကနေ စတင်တယ်။ အဲ့ဒီမှာ သင်တန်းကိုပိတ်ပြီး သူတို့ သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ် ခရီးထွက်ကြမယ်ဆိုပြီး ခရီးထွက်ရင်းနဲ့မှ သင်တန်းမှာဖြစ်တဲ့ အဖြစ်အပျက်တွေက ခရီးထိပါလာတာပေါ့။

-အခုလက်ရှိက သရဲကားရိုက်နေတာဆိုတော့ အပြင်လူနေမှုဘ၀မှာ သရဲတွေဘာတွေကိုအယုံအကြည်ရှိလား။

ညီမတစ်ခါမှတော့ မမြင်ဖူးဘူး။ ကိုယ်ကိုတိုင် မမြင်ဖူးတော့ ယုံရတော့ ခက်တာပေါ့။ ဒါပေမဲ့ တစ်ယောက်တည်းနေကြည့် သွားကြည့်ဆိုရင်တော့ကြောက်တယ်။ ဒါပေမဲ့ သရဲကိုကြောက်တာလားဆိုတော့လဲ မဟုတ်ဘူး။ သရဲရှိလားဆိုတော့ သရဲကို ကိုယ်ကိုတိုင်မမြင်ဖူးတဲ့အတွက် သိပ်တော့ အယုံအကြည်မရှိပါဘူး။

-၂၀၁၆ နှစ်စပိုင်းမှာ ကားကြီးရိုက်ရတယ်ဆိုတော့ ဒီနှစ်အတွက် တာထွက်ကောင်းတယ်လို့ပြောလို့ရမလား။

ဟုတ်တယ်နော်။ ဒီရုပ်ရှင်ကားကြီးရိုက်တာက မှတ်မှတ်ရရ ဇန်န၀ါရီ ပထမပတ်မှာ ရိုက်တာဆိုတော့ လပ်ကီးကောင်းတယ်လို့လဲပြောလို့ရပါတယ်။ ပြီးတော့ ၂၀၁၆ မှာ ပထမဆုံးရိုက်ရတဲ့ ရုပ်ရှင်ကားကြီး နောက်နန်းဆုလေးစားအားကျရတဲ့ ဦးညိုနဲ့တူတူလက်တွဲပြီး အလုပ်လုပ်ရတာ ကျေနပ်ပါတယ်။ ၀မ်းသာပါတယ်။

-အရှေ့မှာ ဘန်ကောက်သွားရိုက်တယ်လို့လဲသိရတယ်။ အဲ့ဒီကားလေးတွေအကြောင်းကို ပြောပြပေးပါဦး။

ကိုဇေရဲထက်နဲ့ပါ။ တစ်ကားက ဂျစ်ပစီနှစ်ပါးသွား၊  အဲ့ဒီကားလေးက ခပ်မိုက်မိုက် ဂျစ်ပစီစတိုင်ပေါ့။ လေလွင့်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံစံမျိုး နောက်တစ်ကားက ကျတော့ ကာရိုက်တာအရ ထူးဆန်းမှုမရှိဘူး။ ဒီကနေပြီး ဟိုမှာကျောင်းသွားတက်တဲ့ ကောင်မလေးပုံစံပါပဲ။

-ဘယ်လိုအတွေ့အကြုံတွေရောရခဲ့လဲ။

နိုင်ငံခြားမှာ သွားရိုက်တော့ နည်းနည်းအခက်အခဲတော့ ရှိတယ်။ တစ်ခါတစ်လေ Lighting တွေထိုးလို့မရတာတို့ တချို့နေရာတွေက မရိုက်ခင်ကတည်းကကြိုပြီးခွင့်ယူရတာတို့ တချို့နေရာတွေကျတော့ ရိုက်ကူးခွင့်မပေးတာတို့ အဲ့ဒါလေးတွေတော့ ရှိတယ်။ နောက် Traffic တွေရှိတယ်။ တစ်ခါလေးရိုက်ဖို့ကို တစ်ဆင်း နှစ်ဆင်း ရိုက်ဖို့ကို ၃ နာရီလောက်အချိန်ပေးပြီး သွားရတာမျိုးရှိတယ်။

-တခြား အလည်အပတ်တွေရော သွားဖြစ်ခဲ့သေးလား။

အလုပ်နဲ့မို့လို့ ရှုတင်သွားတာပဲရှိတယ်။ တခြား အလည်အပတ်တွေတော့ မသွားဖြစ်ခဲ့ဘူး။ အချိန်ကလဲ မရှိတော့ ရိုက်ရင်းနဲ့သွားလိုက်တာမျိုးပဲရှိပါတယ်။

-ငါတို့အတွဲ သီချင်းလေးကို ရိုက်ထားတာကို ပရိသတ်တော်တော်များများသဘောကျနေကျတယ်။

ဟုတ်ကဲ့။ အဲ့ဒီတုန်းက မ၀ိုင်းစုက ငါတို့အတွဲ သီချင်းလေးရိုက်ဖို့ရှိတယ်။ ရိုက်ပေးပါဆိုတာနဲ့ မ၀ိုင်းစုဆိုတော့ ရိုက်ပေးဖြစ်သွားတာပါ။ ဒါရိုက်တာက ကိုဝင်းလွင်ထက်လဲဖြစ်တယ်။ အဲ့ဒါကြောင့်လဲ ရိုက်ဖြစ်ခဲ့တာပါ။

-ဒါပြီးရင်ရော ဘာတွေလက်ခံထားတာရှိဦးမလဲ။

ဇာတ်လမ်းတွဲတစ်ခု ပြောထားတာရှိမယ်။ ဆုံးဖြတ်ချက်တော့မချရသေးဘူး။ ရိုက်ဖြစ်မယ်ဆိုရင် နှစ်လပိုင်းလောက်ရိုက်ဖြစ်မယ်။ နောက်ဦးညိုနဲ့ အနန္ဒရိုက်ထားတာလဲ မပြီးသေးဘူး။ ဆက်ရိုက်ရမယ်။ ဒီကားက ပြင်ဦးလွင်မှာ သွားရိုက်ဖို့ရှိသေးတယ်။ အဲ့ဒါပြီးရင် တော့ ဗီဒီယိုလေးတွေ လက်ခံထားတာလဲရှိပါသေးတယ်။

-ဇာတ်လမ်းတွဲ ရိုက်ရတာကိုရော စိတ်ဝင်စားလား။

ဇာတ်လမ်းတွဲကို နန်းဆု တစ်ခါပဲ ရိုက်ဖူးတယ်။ ပြီးတော့ ဒီမှာက ဇာတ်လမ်းတွဲကို သိပ်ပြီး ရိုက်လေ့ရိုက်ထမရှိကြဘူး။ ဘာလို့လဲဆိုတော့ အချိန်တွေလဲ အရမ်းပေးရတယ်။ ကြာလဲကြာတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့လေ။ ဒါပေမဲ့ နန်းဆုက ဇာတ်လမ်းတွဲကို ရိုက်ကြည့်ချင်တယ်။ ကာရိုက်တာတစ်ခုတည်းကို အချိန်အကြာကြီး စိတ်သွင်းပြီး လုပ်ကြည့်ချင်တယ်။ ဒီဟာတွေကျတော့ ရိုက်တယ်။ ၅ ရက် ၆ ရက်လောက်ဆိုပြီးသွားတယ်။ အဲ့ဒါကြောင့် ဇာတ်လမ်းတွဲကို ရိုက်ကြည့်ချင်တာပါ။

-နန်းဆုကို ဟာသကားနဲ့သိပ်မတွေ့ရဘူး ။ အမြဲတမ်း ဇာတ်ရုပ်အမာ ဒရာမာမျိုးတွေနဲ့ပဲတွေ့ရတာများတယ်နော်။

ဟုတ်တယ်။ ပထမတစ်ချက်က နန်းဆုကို လာကမ်းလှမ်းတဲ့အထဲမှာ ဟာသကား တစ်ကားမှမပါဘူး။ ဒရာမာပါတယ်။ ဖန်စီအချစ်ကားလေးတွေလဲ ပါတယ်။ ကိုယ့်ဟာကိုယ် ထုတ်ရိုက်တုန်းကလဲ ဒရာမာပဲဆိုတော့ အားလုံးက ဒရာမာနဲ့လိုက်တယ်ဆိုပြီး အဲ့ဒါတွေပဲ လာငှားကြတာများတယ်။

-ပရိသတ်အတွက်ရော ထူးထူးခြားခြားအနေနဲ့ ဘာတွေပြောပြချင်သေးလဲ။

၂၀၁၆ မှာ နန်းဆုရဲ့ကားတွေအများကြီး ထွက်ဖို့ရှိတယ်။ တစ်နှစ်နဲ့တစ်နှစ် တစ်ကားထက်တစ်ကားလဲ ပိုပြီးတော့ တိုးတက်လာအောင်ကြိုးစားမယ်။ နန်းဆု ပရိသတ်တွေ နန်းဆုကားကိုကြည့်ပြီး တစ်ခုခုတော့ ကျန်နေရမယ်။ ထွက်သမျှကားတွေကိုလဲ ကြည့်ပြီး ဝေဖန်ပေးကြပါလို့ပြောချင်ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.