၂၅ နှစ်ပြည့် မွေးနေ့က ပရိသတ်တွေကြောင့် ပျော်ရွှင်ခဲ့ရပါတယ်ဆိုတဲ့ အိချောပို

12527645_1693427054249539_765312826_n.jpg

မကြာသေးခင်ကမှ ကျရောက်ခဲ့တဲ့ ၂၅ နှစ်ပြည့်မွေးနေ့ပွဲကို ပရိသတ်တွေနဲ့အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ အိချောပိုက သူမမွေးနေ့ အမှတ်တရ ဖြတ်သန်းမှုများနဲ့ လက်ရှိမှာ ရိုက်ကူးနေတဲ့ ကောင်းကင်တစ်ခုအလိုရှိသည် ဇာတ်ကားအကြောင်းကို ပြောပြလာတဲ့အခါ

-အခုရိုက်နေတဲ့ ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

 ကောင်းကင်တစ်ခုအလိုရှိသည်ဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒါရိုက်တာက ဦးဇော် ( အရုဏ်ဦး ) မင်းသားက ကိုခန့်နဲ့အောင်ရဲလင်း နောက် မင်းသမီးက အိချောနဲ့ပက်ထရစ်ရှာပါ။ ဒီကားလေးက အရင်က ဦးဇော် ဗီဒီယိုရိုက်ခဲ့တဲ့ကားလေးကို ကားကြီးအနေနဲ့ နည်းနည်းလေးပြောင်းပြီး ပြန်ရိုက်ဖြစ်တာပေါ့။

-ဒီကားလေးထဲမှာ အိချောရဲ့ ကာရိုက်တာက ဘယ်လိုလေးများလဲ။

အိချောက နိုင်ငံခြားမှာ ဘွဲ့ရလာတဲ့ သူဌေးသမီးတစ်ယောက်၊ shopping centre တွေပိုင်တယ်။ အရမ်းထက်တယ်။ လုပ်ငန်းအပေါ်မှာလဲ ဦးစီးနေတဲ့အတွက် ရည်းစားအပေါ်မှာလဲ နိုင်တယ်။ အရမ်းထက်လွန်းအားကြီးတော့ တိကျမှကြိုက်တယ်။ ချစ်သူကလဲ ဦးနှောက်နဲ့ပတ်သက်တဲ့ရောဂါဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ကိုမပြောရက်ဘူး။ သူ့ကိုမုန်းအောင်လို့ဆိုပြီး တခြားကောင်မလေးတစ်ယောက်နဲ့တွဲပြတယ်။ နောက်မှ ကိုယ်ကပြန်သိရတာပေါ့။

-ဒီကားထဲမှာ အိချောရဲ့ ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီး  ရှေးခေတ်နည်းနည်းဆန်တာကိုတွေ့ရတယ်နော်။

ဒီကားထဲမှာက သူဌေးမ အဆင့်အတန်းရှိရှိ ပုံစံလဲဖြစ်ရမယ်ဆိုတော့ အိချော ပုံစံအပြောင်းအလဲလေးလဲဖြစ်ချင်တာနဲ့ဟိုဖက်ခေတ်ဒီဇိုင်းနဲ့ ဒီဖက်ခေတ်ဒီဇိုင်းကို ရောပြီး ထွင်ချုပ်ခိုင်းထားတာပါ။

-ရှေ့မှာသင်္ကြန်ကားရိုက်ထားတယ်လို့လဲသိရတယ်။

ဟုတ်ကဲ့။ သင်္ကြန်ကားနီးပြီဆိုတော့ သင်္ကြန်ကားလေး ရိုက်ဖြစ်တာပေါ့။ အိချောတို့ငယ်ငယ်တုန်းကဆိုရင်လဲ သင်္ကြန်ကားလေးတွေကြည့်ချင်သလို သင်္ကြန်သီချင်းလေးတွေလဲ နားထောင်ဖြစ်တယ်။ အဲ့ဒီဇာတ်ကားလေးက သင်္ကြန်မှာ ပျော်ကြပါးကြရင်း မှားတတ်တဲ့ အကြောင်းလေးကို ရိုက်ပြထားတာပေါ့။ ဖန်စီလေးပါပဲ။ တစ်နေ့လုံးတော့ ရေတွေရွှဲနေတယ်။ ကန်တော်ကြီးထဲမှာ မဏ္ဍပ်ထိုးပြီး ရိုက်ကြတာပေါ့။ ပျော်ဖို့ကောင်းပါတယ်။

-ကိုညိုနဲ့မေထုန်ရာသီဖွားဆိုတဲ့ ကားလေးကို လက်ခံထားတယ်လို့သိရတယ်။

ဟုတ်ပါတယ်။ အခုလက်ရှိ ဒီကားပြီးရင် ကိုနေတိုးနဲ့ ဒါရိုက်တာကျော်နှင်းဆီနဲ့ကားလေးဆက်ရိုက်မယ်။ အဲ့ဒါပြီးတာနဲ့ ကိုမြင့်မြတ်နဲ့ကားဝင်မယ်။ ပြီးရင်ကောင်းပြည့်နဲ့ အဲ့ဒီကားဝင်မယ်ပေါ့။ အဲ့ဒီကားက ယောကျာ်းလေးနှစ်ယောက်ကြိုက်ခဲ့တဲ့ ဇာတ်လမ်းမျိုး ကိုယ်က ကောင်းပြည့်ရဲ့ မိန်းမ ၊ ကိုယ့်ယောကျာ်းက အရင်ကကြိုက်ခဲ့တာပေါ့။ ကိုယ်ကမသိပဲ ယူလိုက်တယ်ပေါ့။ အဲ့ဒီလိုဇာတ်လမ်းလေးပါ။

-အဲ့ဒီကား လာကမ်းလှမ်းတော့ရော စဉ်းစားဖြစ်သေးလား။

အိချောကတော့ ဘာအကန့်မှမရှိသလို ဇာတ်လမ်းလေးကလဲ ဆန်းတော့ အိချောလက်ခံဖြစ်တယ်။ အဓိကက သူတို့ယောကျာ်းလေးနှစ်ယောက်ကြိုက်ကြတာဆိုတော့လေ ပရိသတ်အတွက် အသစ်အဆန်းဖြစ်မယ် ထင်လို့လက်ခံဖြစ်ခဲ့တာပါ။

-ရုပ်ရှင်ကားကြီး ရိုက်ကူးမှုအနေနဲ့ အရင်ကထက်ပိုများလာတာကိုလဲတွေ့ရတယ်။

ဟုတ်ကဲ့။ ကားကြီးကတော့ များလာပါတယ်။ ဒါပေမဲ့ အိချောတစ်ယောက်တည်း မဟုတ်ပါဘူး။ အားလုံးက အခုချိန်မှာ ဗီဒီယိုထက်ကားကြီးကို ပိုပြီး ဦးစားပေးရိုက်လာကြတယ်။ ဗီဒီယိုလဲရှိတော့ရှိတယ်။ နည်းတယ်ပေါ့။

-၂၅ နှစ်ပြည့်မွေးနေ့နဲ့ ပတ်သက်ပြီးတော့ရော အမှတ်တရဘာရှိခဲ့လဲ။

အိချော ကတော့မသိဘူး။ ဘုန်းကြီးကျောင်းမှာ အိချောက စနေနေ့ဆို ဆရာတော်ကျောင်းမှာ ဘုရားပွဲလဲ အဓိဌာန်ဝင်ပြီး တော်တော်မိုးချုပ်မှပြန်လာနေကြ ။ ပြန်ရောက်တဲ့အချိန်က ည ၁၂နာရီမှ အိမ်ရောက်တော့ ဧည့်ခန်းထဲမှာ ပရိသတ်တွေကရောက်နေတယ်။ သူတို့ပြင်ပေးဆင်ပေးထားပြီး အိချောကို အံ့သြအောင်လုပ်ကြတယ်။ တချို့ကျတော့လဲ ရှုတင်ထိလာပြီး လာကြတယ်။ ကိုယ့်ဟာကိုယ်တော့ ပွဲမလုပ်ဖြစ်ဘူး။ ရှုတင်တွေနဲ့မအားလို့ပါ။

-We Love အိချောပို အဖွဲ့ကလဲ အိချောရဲ့ အနုပညာတော်တော်များများကို အသေးစိတ်အားပေးတာတွေ့ရတယ်နော်။

အိချောရဲ့ We Love အိချောပိုအဖွဲ့ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအဖွဲ့မှမဟုတ်ဘူး။ အိချောကိုအားပေးနေတဲ့ ပရိသတ်များအားလုံးကို အိချောကျေးဇူးတင်ပါတယ်။ ဒီလို We Love အိချောပိုအဖွဲ့ဆိုလဲ အိချောကိုပျော်အောင်မွေးနေ့မှာ လာလုပ်ပေးကြတယ်။ ရှုတင်လာတဲ့ သူတွေရော၊ အိမ်ထိလာတဲ့သူတွေရော၊ ဒီရန်ကုန်ကတင် မဟုတ်ဘူး။ နယ်ကနေလာတဲ့ သူတွေရော အများကြီးပါပဲ။ အိချောမွေးနေ့လေးကို လုပ်ပေးချင်လွန်းလို့ တကူးတကလာပြီး သူတို့အချိန်မတော်ပြန်သွားကြတယ်။ ကျေးဇူးလဲတင်တယ်။ ပျော်လဲပျော်တယ်။ တချို့ဆို နိုင်ငံခြားမှာ ရှိနေပေမဲ့ ဒီမှာရှိတဲ့ Fan တွေကို လက်ဆောင်ပေးခိုင်းတာတို့ ဒီပွဲလေးကို သူတို့ဟာသူတို့စီစဉ်ပြီးလုပ်ပေးကြတယ်။ အရမ်းကို ပျော်ရွှင်ဖို့ကောင်းခဲ့ပါတယ်။

-၂၀၁၅ ကိုသုံးသပ်ကြည့်မိသလောက်ဆို ဘာတွေဖြစ်မလဲ။

အိချော အတတ်နိုင်ဆုံး ဒီအလုပ်ကို ကြိုးစားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမှားအယွင်းတွေ အားနည်းချက်တွေလဲ ရှိခဲ့ပါတယ်။ ကိုယ့်ဟာကိုယ်လဲ သိတယ်။ ကိုယ်လိုအပ်မယ်ထင်တဲ့ အရာလေးတွေကိုလဲ ကိုယ့်ဟာကိုယ်ပြန်ပြီး ကြိုးစားကြည့်နေပါတယ်။

-၂၀၁၆ မှာရော ဘယ်လိုမျိုး plan ဆွဲထားလဲ။

အခုလောလောဆယ် ကတော့ ကားရိုက်တွေချိတ်ထားတာပဲ ရှိကြောင်း ပြောပြခဲ့ပေးပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.