ဖေဖော်ဝါရီလထဲမှာ အခွေနှစ်ခွေဆက်တိုက် ထွက်ဖို့ရှိတဲ့အကြောင်း ဖွင့်ဟလိုက်တဲ့ ဖြိုးပြည့်စုံ

10660541_1688124784779766_479425621_n.jpg

Melody World ၂၀၁၀ မှာ ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို စတင် ၀င်ရောက်လာခဲ့တဲ့ ဖြိုးပြည့်စုံက ၂၀၁၃ ခုနှစ်မှာ ပထမဆုံး တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို စတင်ကြိုးစားခဲ့ပြီး ၂၀၁၅ မှာမျှော်နိုင်သမျှဆိုတဲ့ နာမည်နဲ့ ထွက်ရှိကာ ၂၀၁၅ ခုနှစ်မှာပဲ ရွှေ FM ရဲ့ တစ်နှစ်တာလုံးတေးသီချင်းတောင်းဆိုခံရဆုံး ဆုကိုလဲ ရရှိပိုင်ဆိုင်ခဲ့တာမို့ ဖြိုးပြည့်စုံနဲ့တွေ့ဆုံခိုက် သူ့ရဲ့ ဂီတရေးရာများကို မေးမြန်းဖြစ်တဲ့အခါ

-အခုလက်ရှိ ဂီတလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

ကိုယ်ကအခု မျှော်နိုင်သမျှတော့ ထွက်ထားတယ်။ ငါးလလောက်ရှိပြီ။  အဲ့ဒီမျှော်နိုင်သမျှကိုပဲ Audio ကနေ အမ်တီဗီထွက်ဖို့ကြိုးစားနေတယ်။ ၂၀၁၆ တစ်လပိုင်းမှာ အမ်တီဗီစရိုက်ဖြစ်မယ်။ ဒီကြားထဲမှာ အယ်လ်ဘမ်လေးနှစ်ခု ထွက်ဖို့ရှိတယ်။ တစ်ခုက ကိုယ်နဲ့ Melody World က ညီမလေး ၀တ်ရည်ထက်နဲ့အတွဲလေးထွက်ဖို့ရှိတယ်။ ဖေဖော်ဝါရီ အမှီပေါ့။ ဒါပေမဲ့ ချစ်သူများနေ့အတွက်သီးသန့်တော့မဟုတ်ဘူး။ Mini အတွဲခွေလေးပေါ့။ ခြောက်ပုဒ်လောက် ပဲပါမယ်။ နောက်တစ်ခုက ဆရာမင်းချစ်သူ စီစဉ်ပြီးတော့ ကျော်သီဟ၊ နီနီခင်ဇော်၊ ရွှေရည်ဖြိုးမောင်၊ အားမာန် ၊ ၀တ်ရည်ထက်၊ အစ်ကို ခြောက်ယောက်ပါတဲ့ Group album လေး တစ်ခုထွက်ဖို့ရှိတယ်။ အဲ့ဒီအခွေလေးကိုလဲ ဖေဖော်ဝါရီလောက်ထွက်နိုင်အောင်ကြိုးစားနေပါတယ်။

-မျှော်နိုင်သမျှက ဆုလဲရခဲ့တော့ ဒီအပေါ်မှာ အားရကျေနပ်မှုက ဘယ်လိုရှိလဲ။

အဓိကကတော့ FM တွေက လွှင့်ပေးတယ်ပေါ့။ ဒီဖက်ခေတ်မှာ ပရိသတ်နဲ့ဆက်ဆံရေးက အစ်ကိုတို့အတွက်အွန်လိုင်းဖေ့စ်ဘုတ်ရှိမယ်။ Page ရှိမယ်။ အဲ့ဒီကနေ Feedback ကို အဓိကကြားရတယ်။ ကျန်တာကတော့ ရှိုးဆိုမှ သိရတာဆိုတော့လေ ရှိုးကနေရတဲ့ Feedback ထက်စာရင် ပထမဦးဆုံး နဲ့လက်လှမ်းအမှီဆုံးရတဲ့ Feedback ကဘာလဲဆိုရင် ဒီဖေ့စ်ဘုတ် Page တွေပဲပေါ့။ ပရိသတ်ဆီကပြန်ကြားရတာကတော့ လရိပ်နဲ့မျှော်နိုင်သမျှနှစ်ပုဒ် ကိုတော့ သူတို့ကြိုက်ကြတယ်။ ပိုပြီးတော့ကောင်းသွားတာကတော့ ရွှေ FM ကနေချီးမြှင့်တဲ့ဆုကို ရခဲ့တယ်ပေါ့။ အစ်ကိုထွက်တာ ငါးလလောက်ပဲရှိသေးပေမဲ့ အွန်လိုင်းကနေ တစ်နှစ်တာလုံးမှာ ပရိသတ်တောင်းဆိုမှု အများဆုံးဆု ကိုရခဲ့တယ်။ အစ်ကိုပိုပြီးတော့ကျေနပ်တယ်။

-မျှော်နိုင်သမျှ တစ်ခွေလုံးက သီချင်းအေးအေးလေးတွေများတယ်နော်။

ဟုတ်တယ်။ ကိုးဆယ်ရာခိုင်နှုန်းလောက်က သီချင်းအေးအေးလေးတွေကြီးပဲဖြစ်သွားတယ်။ အဲ့ဒါကလဲ အေးပါစေဆိုပြီး လုပ်တာတော့မဟုတ်ဘူး။ အစ်ကိုစပြီး အခွေလုပ်တော့ ရွေးထားတဲ့ သီချင်းက အပုဒ်နှစ်ဆယ်ကျော်လောက်ရှိတယ်။ ပြီးတော့ တီးတာကလဲ Iron Cross နဲ့တီးတော့ တခြားကဏ္ဍတွေမှာ ပင်ပန်းစရာတွေ အများကြီးရှိတယ်။ ပြန်ရွေးတဲ့အခါမှာ အခွေလုပ်တဲ့အချိန်က သုံးနှစ်လောက်ကြာတဲ့ အတွက်ကြောင့် ပြန်ရွေးတဲ့ သီချင်းတွေက အအေးတွေများသွားတယ်။ အခွေထွက်မှလဲကိုယ့်ကိုကိုယ်သတိထားမိတာ။

-၀တ်ရည်ထက်နဲ့လုပ်မဲ့အခွေမှာရော မြူးဆစ်ပုံစံတွေပြောင်းလဲဖို့ရှိဦးမလား။

ပေါ့ပ်ကိုမှ ပေါ့ပ်ချိုချိုလေးပဲ။ မြူးရင်တောင်မှ ဟဲဗီးကြမ်းတာမျိုးကြီးတွေမြူးတာမျိုးကြီးတွေပါမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အစ်ကိုတို့ကအချစ်သီချင်း၊ စုံတွဲသီချင်း၊ အလွမ်းသီချင်း၊ ဒါမျိုးတွေကို အဓိက အခြေခံသွားမှာပါ။ စုံတွဲဆိုတော့ ချစ်တာရှိမယ်။ လွမ်းတာရှိမယ်။ ဒီနှစ်မျိုးကိုပဲ အဓိကသွားမှာပါ။ ပြီးတော့ သီချင်းဟောင်းလေးတွေလဲပါမယ်။ ဖန်တီးမှုကတော့ မြူးဆစ်တောင်မှတော်တော်လေးပြင်ထားတယ်။ Full band မဟုတ်ဘူး။ player နှစ်ယောက်နဲ့ပဲဖြစ်အောင် တည်ဆောက်ထားတာမျိုးလေးတွေ ပါတယ်။ ညိမ့်ညိမ့်ညောင်းညောင်းမျိုးလေးတွေပါမယ်။

-တေးရေးတွေကရော ဘယ်သူတွေပါမလဲ။

ဆရာကေအေတီ၊ ဆရာမြင့်မိုးအောင်၊ ဆရာမင်းချစ်သူ၊ နောက်အစ်ကို ကိုယ်တိုင်ရေးထားတာပါမယ်။ ပြီးတော့ ကိုမိုးမင်းအိမ်ပါမယ်။ နောက်လရိပ်ရေးပေးထားတဲ့ စည်သူမင်းပါမယ်။

-ဆရာမင်းချစ်သူ စီစဉ်တဲ့အခွေကျတော့ ဘယ်တော့လောက်ဖြစ်မလဲ။

အခုတော့ အားလုံးအချောသတ်ပြီးနေပြီ။ Final Master Mixing အတွက် အစ်ကိုတို့စောင့်ဆိုင်းနေတယ်။ အဲ့ဒီအတွက် တိုင်ပင်နေကြတယ်။ ဖေဖော်ဝါရီထွက်ဖို့ကိုကြိုးစားနေတယ်။ မတ်လနဲ့ဧပြီလဆို သင်္ကြန်ရှိတဲ့ အတွက် ဘယ်လိုမှထွက်ဖို့အဆင်မပြေနိုင်ဘူး။

-တစ်ယောက်ကို ဘယ်နှစ်ပုဒ်စီလောက်ပါမလဲ။

ပျမ်းမျှကတော့ တစ်ယောက်ကို နှစ်ပုဒ်စီပေါ့။ ဒါပေမဲ့ နီနီခင်ဇော်ကတော့ တစ်ပုဒ်ပဲရတယ်။ Group Sound လေးတစ်ပုဒ်ပါမယ်။ အဲ့ဒီမှာတော့ နီနီပြန်ပါမယ်။ အဖွဲ့လိုက်ဆိုမဲ့ သီချင်းလေးက အတ္တနဲ့ယာယီပျက်ဆဲခြင်းပေါ့။ ရေဘေးပြီးတုန်းက တစ်ခါထွက်ဖူးတယ်။ အခုအမှတ်တရအနေနဲ့ပြန်ထည့်ထားတာပေါ့။

-မျှော်နိုင်သမျှ အခွေကိုရော အပုဒ်အားလုံးကို အမ်တီဗီရိုက်မှာလား။ လျှော့မဲ့ အပုဒ်တွေရောပါဦးမလား။

အစ်ကိုက အခုလောလောဆယ် အစ်ကိုလုပ်နေတာက မျှော်နိုင်သမျှပါ ပါမယ်ဆိုရင် အခွေက သုံးခုဖြစ်နေတယ်။ ပြီးတော့ ဒုတိယအယ်လ်ဘမ်အတွက်လဲ စဉ်းစားနေရတယ်။ အခုက ၄ခွေစာခေါင်းထဲ ထည့်နေရတဲ့အတွက်မျှော်နိုင်သမျှအတွက်ကို နံပတ်တစ်က စပွန်ဆာနဲ့ညှိနေတယ်။ အားလုံးအဆင်ပြေရင် မျှော်နိုင်သမျှကိုအကုန်ရိုက်မယ်။ စပွန်ဆာမရှိဘူးဆိုရင်တော့ အစ်ကိုအားလုံးကိုမရိုက်ဘူး။ လျှော့မယ်ပေါ့။

-အခုဆိုဂီတသက်တမ်းဘယ်လောက်ရှိသွားပြီလဲ။

Melody World မှာဝင်ပြိုင်တာက ၂၀၁၀ တကယ် ပရိသတ်ရှေ့ကိုသီချင်းချပြတာက ၂၀၁၂ အဲ့ဒီကနေမယ်လိုဒီဝေါထွက်ပြီး အချစ်ဦးသီချင်းလေးထွက်လာတယ်။ နောက်ပိုပိုအခွေထွက်လာတော့ စုံတွဲသီချင်းလေးတွေ ဆိုဖြစ်တယ်။ ဒါလေးတွေနဲ့လူက နည်းနည်းလေး သတိထားမိတယ်လို့အစ်ကိုခံယူတယ်။ ပထမဦးဆုံးအခွေထွက်တာကကျတော့ ၂၀၁၅ မှထွက်တော့ သုံးနှစ်ကြာတယ်။

-ပရိသတ်ကိုပြောပြချင်တာများရှိသေးရင်။

ဒီကာလကတော့ အားလုံးကလဲပြောင်းလဲချိန်တန်ပြီ လို့ပြောနေကြတဲ့ အချိန်ပေါ့။ ပြောင်းလဲတဲ့နေရမှာအကုန်လုံးပြောင်းလဲရမှာ လူမှုရေး၊စီးပွားရေး၊နိုင်ငံရေးအားလုံးပေါ့။ အဲ့ဒီထဲမှာ ဒီအင်တာတိန်းမန့်ဆိုတဲ့အရာက တစ်ခန်းတစ်ကဏ္ဍကနေပါဝင်တယ်။ အနုပညာရှင်ဖက်ကလဲပြောင်းလဲရမယ်။ ပရိသတ်ဖက်ကလဲပြောင်းလဲရမယ်။ ကိုယ်တို့နိုင်ငံမှာလိုအပ်တဲ့လိုအပ်ချက်တွေကို အနုပညာရှင်တွေကဖြည့်ဆည်း ပေးမယ်။ ပရိသတ်ဖက်ကလဲဖြည့်ဆည်းပေးမယ်ဆိုရင် ဂီတလောကတစ်ခုမှာ တင်တိုးတက်ပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်တယ်လို့ မျိုးဆက်သစ် တစ်ယောက်အနေနဲ့အစ်ကိုကတော့ ယုံကြည်တယ်။ အစ်ကို့ကို ဒီအတိုင်းအတာလေးမှာ အသိအမှတ်ပြုပေးတာကို အစ်ကိုကတော့ ကျေးဇူးတင်တယ်။ ပြီးတော့ မသိသေးတဲ့သူတွေကိုလဲ သိလာအောင်အစ်ကိုဆက်ကြိုးစားမယ်။ ကြိုးစားတာကိုလဲ အားလုံးကမျှဝေခံစားပေးဖို့အစ်ကို ဆန္ဒပြုပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.