MRTV – 4 ကပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ ပိုးကြာဖြူခင်

12386502_1685633085028936_484230476_n.jpg

၂၀၀၉ ခုနှစ်မှာ Star & Model အေဂျင်စီကနေ အနုပညာလောကထဲကို ရောက်ရှိလာပြီး လက်ရှိ MRTV – 4 ကထုတ်လွှင့်ပြသနေတဲ့ ၀င်္ကဘာစံအိမ် ဇာတ်လမ်းတွဲမှာ မာရီလို့ အများကသိကြတဲ့ ပိုးကြာဖြူခင်က  MRTV – 4 က ပထမဆုံးစင်တင်ရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေခိုက် သိလိုသမျှကို မေးမြန်းကြည့်တဲ့အခါ

-အခုရိုက်နေတဲ့ကားလေးအကြောင်းကိုပြောပြပေးပါဦး။

ကားနာမည်ကတော့ အတည်မပြုရသေးပါဘူး။ MRTV – 4 ကပထမဆုံးရိုက်တဲ့ရုပ်ရှင်ကားကြီးပေါ့။ ဒါရိုက်တာက ဦးအောင်သြဘာ ပါ။ ညီမအပြင် မြတ်သူဇင်၊ ခေးဆက်သွင်၊ မေဧကရီထူး၊ ကိုကျော်ဆု၊ ကိုဘုန်းဆက်သွင်၊ ဟန်လင်းသန့်နဲ့ ထွန်းထွန်းဝင်း ရယ်ပါ။

-ဘယ်လိုဇာတ်လမ်းမျိုးလေးလဲ။

တက္ကသိုလ်ကျောင်းသူကျောင်းသားတွေပေါ့။ အဲ့ဒီမှာမှ ဖေ့စ်ဘုတ်ကို အခြေခံပြီးရိုက်ထားတဲ့ကားလေးပါ။ ဖေ့စ်ဘုတ်ကို မသုံးတတ်ရင် ဘယ်လိုဒုက္ခရောက်တတ်တယ်ဆိုတာကို ပညာပေးအနေနဲ့ရိုက်ကူးထားတာပါ။

-ကျောင်းသူကာရိုက်တာဆိုတော့ အထွေအထူးပြင်ဆင်ရတာမျိုးရှိမလား။

ဝင်္ကဘာစံအိမ်ကတော့ ရှေးခေတ်ပုံစံပေါ့။ အခုကားကတော့ ကျောင်းသူပုံစံဆိုတော့ လက်ရှိအပြင်ကပုံစံနဲ့နည်းနည်းနီးစပ်တယ်။ ပေါ့ပေါ့ပါးပါးပါပဲ။ ပြီးတော့ Stylist မအိငယ်လဲရှိတဲ့အတွက်အားလုံးအဆင်ပြေပါတယ်။

-ကျောင်းသူဆိုပေမဲ့ ဘောင်းဘီဝတ်တာတွေ့ရတယ်နော်။

တက္ကသိုလ်တက်တယ်ဆိုပေမဲ့ ဒီပလိုမာတန်းပုံစံမျိုးပေါ့။ ကျောင်းခန်းထဲဆို မြန်မာဝတ်စုံ၊ အပြင်ခန်းဆိုရင်တော့ လွတ်လပ်ပေါ့ပါးတဲ့ဟာပဲဝတ်ပါတယ်။

-အနုပညာလောကထဲကိုရော ဘယ်လိုကဘယ်လိုရောက်ရှိလာတာလဲ။

ညီမ၂၀၀၉ ခုနှစ်ကနေစပြီး ဆရာဂျွန်လွင်ဆီကနေ မော်လ်ဒယ်သင်တန်းတက်ရင်းနဲ့ရောက်ရှိလာတာပါ။

-MRTV – 4 နဲ့ကျတော့ ရော ဘယ်လိုစာချုပ်ချုပ်ဖြစ်တာလဲ။

MRTV – 4 ကကျတော့ အမြဲတမ်း talent ခေါ်တယ်လေ။ အဲ့ဒီမှာညီမ၀င်လျှောက်ရင်းနဲ့ အဆင့်ဆင့်ပြိုင်ပြီးတော့မှ Talent ၂၅ ယောက်ရွေးတဲ့အချိန်မှာ ညီမပါသွားခဲ့တယ်။ သင်တန်း၃လပေးတယ်။ အဲ့ဒီမှာ ထိုင်းဒါရိုက်တာကနေ ညီမကိုသဘောကျပြီး ၀င်္ကဘာစံအိမ်ကားမှာသရုပ်ဆောင်ဖို့အတွက်အရွေးခံခဲ့ရတာပါ။

-၀င်္ကဘာစံအိမ်က ညီမလေးရဲ့ ပထမဆုံး သရုပ်ဆောင်တဲ့ကားလို့ပြောရမှာပေါ့။

ဟုတ်ပါတယ်။ ပထမဆုံးပါပဲ။ အရင်ကလဲသင်တန်းတွေတက်ပြီးရိုက်ခဲ့တာတွေတစ်ခုမှမရှိဘူး။

-ပြိုင်ပွဲတွေရော ဘယ်နှပွဲလောက်ပြိုင်ခဲ့လဲ။

ညီမရှိုးပွဲတွေအများကြီးလျှောက်ခဲ့ဖူးပါတယ်။ အင်တာနေရှင်နယ်ပြိုင်ပွဲတွေအများကြီးလဲပြိုင်ခဲ့ဖူးပါတယ်။ ၂၀၁၄ Miss Universe Myanmar  ပွဲမှာ Miss Attractive ဆုကိုရခဲ့ပါတယ်။ အဲ့ဒီအရှေ့မှာ ဆုပေါင်း ၁၅ ဆုရရှိခဲ့တယ်။ ပြိုင်ပွဲပေါင်း ၂၀ ကျော်ဝင်ပြိုင်ခဲ့ဖူးပါတယ်။

-၀င်္ကဘာစံအိမ်ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးပရိသတ်ကို ပြောချင်တာတစ်ခုခုများရှိနေမလား။

ဝင်္ကဘာစံအိမ်က ပထမဆုံးရိုက်တဲ့ကားလေးဖြစ်တဲ့အတွက်အများကြီးတော့မမျှော်မှန်းဘူးပေါ့။ ကိုယ်ကအသစ်လဲဖြစ်တယ်။ ဒါပေမဲ့ ပရိသတ်ဖက်ကနေကိုယ်ထင်ထားထက်အများကြီးပိုပြီးအားပေးကြတယ်။ အဲ့ဒီအတွက်ပရိသတ်တွေအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်။ ပရိသတ်တွေစိတ်တိုင်းကျဖြစ်အောင်လို့လဲ အစွမ်းကုန်ကြိုးစားသွားမှာပါ။

-၀င်္ကဘာစံအိမ်ရိုက်ခဲ့တုန်းကအမှတ်တရအနေနဲ့ရော ဘာတွေရှိလဲ။

ကိုအောင်မင်းခန့်နဲ့သရုပ်ဆောင်ရတာ အခက်အခဲတော့သိပ်မရှိဘူး။ ငယ်ငယ်လေးကတည်းကလဲသူငယ်ချင်းဆိုတော့လေ။ ကိုယ်မသိတာမတတ်တာရှိရင်လဲသင်ပေးတယ်။ ဒါရိုက်တာတွေကလဲစိတ်ရှည်ကြတယ်။ အမှတ်တရတွေကတော့ မြင်းစီးရတယ်ပေါ့။ မြင်းစီးသင်ဖို့က၈ရက်ပဲအချိန်ရတယ်။ နယ်မှာမြင်းတွေကခိုင်းတဲ့မြင်းတွေစီးတဲ့မြင်းတွေမဟုတ်တဲ့အတွက်နည်းနည်းတော့ရိုင်းတယ်ပေါ့။ ရိုက်နေရင်းနဲ့မြင်းခါချလို့မင်းသားရော မင်းသမီးရောပြုတ်ကျတယ်။ အဲ့ဒါတွေကတော့ အမှတ်တရတွေပေါ့။

-MRTV- 4 အပြင် အခြားတိုက်တွေနဲ့ရော ရိုက်ခွင့်ရှိလား။

ဟုတ်ကဲ့။ ရိုက်လို့ရပါတယ် ။MRTV – 4 နဲ့ကတော့ ရေရှည်လက်တွဲဖြစ်မှာပါ။

-ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ကားကြီးရိုက်ရတာ ညီမလေးအတွက်ဘယ်လိုကွာခြားမှုရှိလဲ။

အခုကကျတော့ မြန်မာဒါရိုက်တာ ဆရာဦးအောင်သြဘာရိုက်တာလေ။ ၀င်္ကဘာစံအိမ်တုန်းကထိုင်းကဒါရိုက်တာရိုက်တာဆိုတော့ ဘာသာစကားကွာခြားမှုရှိတယ်။ ဇာတ်လမ်းတွဲက လအကြာကြီးရိုက်ရတယ်။ အခုကတော့ အလွန်ဆုံးသေချာရိုက်မှ ၁လပေါ့။

-အိမ်ကရော ဒီအလုပ်နဲ့ပတ်သက်ပြီးမကြိုက်တာမျိုးလက်မခံနိုင်တာမျိုးရောရှိလား။

မရှိဘူးရှင့်။ အဖေရော အမေရော ၀ါသနာပါကြတယ်။

-New Year ကိုရော ဘယ်လိုဖြတ်သန်းဖြစ်မလဲ။

အိမ်ကလူတွေနဲ့ ကျိုက်ထီးရိုးသွားဖို့စီစဉ်ထားတယ်လို့ပြောပြခဲ့ပါတယ်။

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.