စက်လှေကား ညှပ်ကာ အမျိုးသား တစ်ဦး ခြေမ ပြတ်သွားတာကြောင့် ရှော့ပင်းစင်တာ တစ်ခု ပေါင် ၇၅၀၀၀ ဒဏ်တပ်ခံရ

index.jpeg

အင်္ဂလန်နိုင်ငံ၊ နော့တင်ဟမ်မြို့ က ရှော့ပင်းစင်တာတစ်ခုမှာ ဈေးလာဝယ်သူ အမျိုးသားတစ်ဦးဟာ စက်လှေကားနဲ့ ခြေထောက်ညှပ်ပြီး ခြေမပြတ်သွားခဲ့တာကြောင့် အဆိုပါရှော့ပင်းစင်တာဟာ ပေါင် ၇၅၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ် Michael Reddington ဟာ မိုဘိုင်းဖုန်းတစ်လုံးဝယ်ဖို့ အတွက် နော့တင်ဟမ်မြို့ က West End Arcade ရှော့ပင်းစင်တာကို လာခဲ့တာဖြစ်ပြီး စက်လှေကားစီးချိန်မှာ စက်လှေကားထစ်မှာ အစိတ်အပိုင်း တစ်ခုပြုတ်နေတာကို သတိမထားမိဘဲ အမှုမဲ့အမှတ်မဲ့ ခြေထောက်ထည့်နင်းထားမိပါတယ်။

စက်လှေကားအထစ်တွေအပေါ်ရောက်ချိန်မှာ၊ လှေကားထစ်နဲ့ စက်လှေကားခုံအကြား ခြေထောက်ညှပ်ပါကာ သွေးတွေနေရာအနှံ့ ပန်းထွက်သွားခဲ့ရတာ ဖြစ်ပါတယ်။ စက်လှေကားဟာ မိနစ်အနည်းငယ်လောက် ဆက်လည်ပတ်နေတာကြောင့် Michael ရဲ့ ခြေမ ညှပ်ပါပြတ်သွား ခဲ့ပြီး၊ ခြေညှိုးနဲ့ ခြေခလယ်တို့ မှာ အရိုးကြေသွားခဲ့ကာ ခြေသူကြွယ်မှာတော့ ပွန်းပဲ့ရာတွေ ရခဲ့ပါတယ်။

အဆိုပါမတော်တဆမှုကြောင့် ရှော့ပင်းစင်တာရဲ့ထိန်းသိမ်းမှုကို တာဝန်ယူထားတဲ့ Hodgson Elkington LLP ကုမ္ပဏီကို  နော့တင်ဟမ်အထက်တရားရုံးတော်မှာ စစ်ဆေးခဲ့ရာမှာ ပြည်သူလူထုကျန်းမာရေးနဲ့  လုံခြုံရေးဆိုင်ရာ ဥပဒေချိုးဖောက်မှုအတွက် ကုမ္ပဏီက အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး ဒဏ်ကြေး ပေါင် ၇၅၀၀၀ ပေးဆောင်စေရန် ရုံးတော်က အမိန့် ချမှတ်ခဲ့ပါတယ်။

ရုံးတော်ကကြားနာခဲ့ရာမှာ ကုမ္ပဏီအနေနဲ့ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ စက်လှေကားကို စစ်ဆေးမှုမပြုလုပ်တာ နှစ်နဲ့ ချီကြာမြင့်နေပြီလို့ သိရပါတယ်။ နော့တင်ဟမ်မြို့ မှာနေထိုင်သူ Michael ဟာ ဒီအဖြစ်အပျက်ဖြစ်ပွားပြီးနောက် လမ်းလျှောက်တတ်ဖို့ ပြန်လည် သင်ယူကြိုးစားခဲ့ရပြီး လေးနှစ်ကြာပြီးသည့်တိုင် အနာက ပြင်းပြင်းထန်ထန် ကိုက်ခဲတုန်းဖြစ်တယ်လို့  ဆိုပါတယ်။ Michael အတွက် များပြားတဲ့လျော်ကြေး ပမာဏကိုလည်း နောက်ရုံးတင်စစ်ဆေးမှုမှာ ဆုံးဖြတ် ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: Metro

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.