ရုပ်ချောပြီး ယုတ်မာတဲ့သူတွေများလို့ အရည်အချင်းရှိပြီး ရုပ်ဆိုးသူကိုရွေးချယ်ထားတာပါလို့ စံရတီမိုးမြင့်ပြော

12178287_1669309423327969_1747665858_n.jpg

ချစ်သူသက်တမ်း ၆ လရှိနေပြီဖြစ်တဲ့စံရတီမိုးမြင့်က သူမရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ရုပ်ဆိုးပေမဲ့ အရည်အချင်းရှိတဲ့သူကိုရွေးချယ်ထားတယ်လို့ဖွင့်ဟလာသလို လက်ရှိမှာ ရိုက်ကူးနေတဲ့ အချစ်ရဲ့ အခြားစာမျက်နှာဆိုတဲ့ကားလေးအကြောင်းကို ပြောပြလာတာမို့

-အခုရိုက်နေတဲ့ကားလေးအကြောင်းကို အရင်ပြောပြပေးပါဦး။

အခုရိုက်နေတဲ့ကားလေးက အချစ်ရဲ့ အခြားစာမျက်နှာတဲ့။ ဒီကားထဲမှာ မင်းသားက အသစ် ကိုနေမင်းရဲ့ တူပေါ့။ ကာရိုက်တာလေးက ကောင်မလေးက ချမ်းသာတယ်။ မင်းသားက ပိုက်ဆံမရှိဘူး။ သူကပိုက်ဆံချမ်းသာတဲ့သူဆို သိပ်အမြင်မကြည်ဘူး။ ကိုယ်နဲ့သူနဲ့ကလဲတွေ့လိုက်ရင်ငွေစကားပဲပြောမိနေတဲ့အခါကျတော့ သူက သိပ်မကြည်ဘူး။ အဲ့ဒါကြောင့် ကိုယ်က ဆင်းရဲတဲ့ပုံဟန်ဆောင်တယ်။ နောက်တော့သူသိတယ်။ စိတ်ဆိုးတယ်။ အဓိက ကိုယ်က ချမ်းသာတယ်။ သူကဆင်းရဲတယ်။

-မင်းသားကအသစ်ဖြစ်တဲ့အတွက် အခက်အခဲရောတွေ့ရသေးလား။

အဆင်ပြေပါတယ်။ ဒီအစ်ကိုကျတော့ သဘောလဲကောင်းတယ်။ နောက်သူ့တိုက်ကပဲရိုက်တာဆိုတော့ အချိန်ပိုပေးနိုင်တာပေါ့လေ။ အသစ်တွေကတော့ ဒီလိုပါပဲ။ ကိုယ်တွေအသစ်တုန်းကလဲ ဒီလိုပါပဲ။ အဆင်ပြေပါတယ်။

-ရန်ကုန်တက္ကသိုလ်ထဲမှာ ရိုက်ရတဲ့ စိတ်ခံစားချက်ကိုလဲသိချင်ပါတယ်။

တော်တော်တော့ကျယ်တယ်။ ဒီကျောင်းထဲကို သဲသဲခုမှ ပထမဆုံးရောက်ဖူးတာပါ။ သဲသဲတို့တက်ခဲ့ဖူးတဲ့ကျောင်းက ရန်ကုန်မြို့နဲ့လဲဝေးတယ်။ အခုလိုမြို့ထဲမှာ ဖွင့်ထားတဲ့ တက္ကသိုလ်ရှိတာ ဂုဏ်ယူဖို့လဲကောင်းတယ်။ ဒီတက္ကသိုလ်က အရှေ့တောင်အာရှမှာ အကြီးဆုံးပဲလို့လဲပြောတယ်။ ကိုယ်တွေက အဲ့ဒီခေတ်ကိုတော့ မမှီလိုက်ဘူးပေါ့။ အခုဒီကိုရောက်တဲ့အခါ စိတ်တော့ချမ်းသာတယ်။ အကျယ်ကြီးပဲ။ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ နေလို့ကောင်းတယ်။

-ဒီဇင်ဘာသုံးရက်နေ့က အဓိဌာန်ဝင်တယ်လို့လဲသိရတယ်။ အဲ့ဒီအကြောင်းလေးကိုလဲပြောပြပေးပါဦး။

ဟုတ်ကဲ့။ ဘုန်းဘုန်းကြီးဆီမှာ ဒီအတိုင်းပဲ အဓိဌာန်သွားဝင်တာပါ။ အညိုဝမ်းဆက်ဝတ်ပြီးတော့ သွားဝင်ဖြစ်တယ်။ အမှန်က ငါးရက်ဝင်မှ ဘုန်းဘုန်းကြီးလုပ်ခိုင်းတဲ့ အဓိဌာန်တွေကပြီးမှာ။ ဒါပေမဲ့ ရှုတင်ရှိတဲ့အခါကျတော့ ထွက်လာလိုက်ရတယ်။ အဓိဌာန်မပြီးခဲ့ဘူး။ ၂ရက်ပဲပြီးသေးတယ်။ တစ်လပိုင်းမှာတော့ ရက်ပြည့်အောင်ပြန်ဝတ်ဖြစ်မယ်။ အဓိဌာန်ဝင်ဖြစ်တယ်ဆိုတာကလဲ ငယ်ငယ်ကတည်းက တရားစခန်းကလဲ မ၀င်တာကြာပြီ။ ဒါက တရားစခန်းလို ပုံစံမျိုးမဟုတ်ပေမဲ့ အခြားဟာတွေ စဉ်းစားစရာမလိုဘူး။ ဘုရားရှိခိုးတယ်။ တရားထိုင်တယ်။ စိတ်ချမ်းသာဖို့ကောင်းတယ်လေ။

-သဲသဲကိုကြည့်လိုက်ရင် အမြဲတမ်းခွေးတွေနဲ့ပဲနော်။

ခွေးတွေကတော့ မွေးထားတော့ ကိုယ်ပဲကြည့်တာဆိုတော့ တခါတလေ အိမ်မှာလူမရှိရင် ရှုတင်ကို ခေါ်လာလိုက်တယ်။ ခွေး၃ကောင်မွေးထားတယ်။ ဂျိုင်းရန့်ဟက်စကီးရယ်၊ ဖော်မိုရေးနီးယန်းလေးရယ်၊ ရှီဇူးလေးရယ်ပေါ့။ ဖရန်ကီ၊ ဘန်ဂျီ၊ ဆိုင်လာတဲ့။ ဖော်မိုရေးနီးယန်း ဖရန်ကီက ငါးလ၊ ရှီဇူးက လေးလ၊ ဟိုအကြီးဆုံး ဟက်စကီးလေးကသုံးလပေါ့။

-ကိုယ်အိမ်ပြန်လာရင် အမောပြေတာပေါ့နော်။ သူတို့တွေကိုရော ဘယ်လိုအချိန်ပေးဖြစ်လဲ။

ခွေးတွေကတော့ နဂိုကတည်းကချစ်တယ်။ အမှန်အတိုင်းပြောရရင်ကြောင်ကိုခွေးလောက်တော့ မချစ်ဘူး။ ခွေးကျတော့ လူနဲ့ပိုနီးတဲ့အတွက်ေ ခွးကိုချစ်တယ်။ ငယ်ငယ်လေးကတည်းကလဲခွေးမွေး ဖူးတယ်။ ခွေးဒုက္ခတော့ ကိုယ်ကခံနိုင်တယ်။ ကျန်တာတော့ မခံနိုင်ဘူး။ တိရစ္ဆာန်တွေဆိုတော့ သခင်က သူတို့ကိုချစ်ရင်သူတို့ကလဲ သခင်ကိုပြန်ချစ်တယ်။ အဲ့ဒီလိုဆိုတော့အဆင်ပြေတယ်။ သူတို့ကို ယိုးဒယားကမှာပြီးဝယ်ထားတာပါ။

-ထပ်မွေးဖို့ရော အစီအစဉ်ရှိလား။

မွေးချင်တယ်။ ဒါပေမဲ့ မနိုင်မှာစိုးလို့လေ။ ကြည့်မဲ့သူလဲ မရှိဘူး။ နောက်ပြီးခွေး ကရိကထကျတော့ သဲသဲတစ်ယောက်ပဲ ခံနိုင်တာဆိုတော့ အမေကကျတော့ အရမ်းအများကြီး မမွေးချင်ဘူး။ သုံးကောင်တောင်အရမ်းများနေပြီ။ အများဆုံးနောက်ထပ်တစ်ကောင်လောက်ပဲ ထပ်မွေးခိုင်းတယ်။

-ခွေးမွေးတယ်ဆိုတော့ တချို့ဆိုရောဂါတွေဘာတွေရဖို့ကြောက်ကြတယ်။ သဲသဲအနေနဲ့ရော။

အဲ့ဒီလိုမျိုးတော့ရှိတာပေါ့။ တိရစ္ဆာန်ဆိုတော့လေ။ ဂရုတော့စိုက်ပေးရတာပေါ့။ ကာကွယ်ဆေးထိုးတာတို့ဘာတို့တော့လုပ်ပေးရတယ်။ လူတွေလိုမျိုးဂရုစိုက်ပေးရတာပေါ့။

-ဘယ်ခွေးကိုအချစ်ဆုံးလဲ။ အမြဲတမ်းလက်ပွန်းတတီးရှိတာရော ဘယ်ခွေးဖြစ်မလဲ။

ခရီးသွားရင်ဖရန်ကီကတော့ အမြဲပါတယ်။ ကျန်တဲ့ခွေးတွေလဲ ပါတော့ပါတယ်။ ဒါပေမဲ့ သိပ်ခေါ်လို့မရဘူး။ သူကသေးတော့ သူကအမြဲပါတယ်။ ချစ်တာကတော့ အကုန်လုံးကိုချစ်ပါတယ်။

-New Year ကိုရော ဘယ်မှာရှိမလဲ။

ဒီနှစ် New Year ကမသိသေးဘူး။ လောလောဆယ်အလုပ်လက်ခံထားတာ မရှိသေးဘူး။ သူငယ်ချင်းတွေနဲ့ရှိရင်ရှိမယ်။ အရင်နှစ်တွေက အကယ်ဒမီရှိတော့ ပွဲတက်ပေါ့။ ဒီနှစ်ကတော့ ခရီးထွက်ဖြစ်မလား။ မဟုတ်ရင်တော့ ရန်ကုန်မှာပါပဲ။

-ကားကြီးအနေနဲ့လက်ခံထားတာရောရှိဦးမလား။

တစ်လပိုင်းမှာ တော့ပြောထားတာရှိတယ်။ ပုပ္ပါးဖက်မှာတော့ သိပ်မကျိန်းသေသေးဘူး။ ဒါပေမဲ့ မနေ့က ဇာတ်လာပေးတော့ ဖတ်ကြည့်တာ သိပ်အဆင်မပြေဘူး။ အတိအကျတော့မပြောတတ်သေးပါဘူး။

-အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တော်တော်များများက သဲသဲချစ်သူကို ရုပ်ဆိုးတယ်လို့လဲဝေဖန်ကြတယ်။ အဲ့ဒီအပေါ် စိတ်ခံစားမှုဘယ်လိုရှိလဲ။

ဘယ်လိုပြောရမလဲ။ ရုပ်ရည်ကြည့်ပြီး လူတစ်ယောက်ကို ဆုံးဖြတ်လို့မရဘူးလေ။ အပေါ်ယံကြည့်ပြီး ပြောလို့မရဘူး။ ရုပ်ချောပြီး ယုတ်မာတဲ့သူတွေလဲ ကိုယ်အများကြီးတွေ့ခဲ့ဖူးတာပဲလေ။ ကိုယ့်အတွက်ကတော့ စိတ်ထားလှဖို့ပဲ လိုတယ်။ ရုပ်ချောဖို့တော့ သိပ်မလိုဘူး။ ကိုယ်ရထားတဲ့သူက အရည်အချင်းရှိတဲ့သူဖြစ်ဖို့ လိုတယ်။ ရုပ်ချောပြီး စိတ်ဓာတ်ကအောက်တန်းကျရင်လဲ အဆင်မပြေဘူးလေ။ ရုပ်ချောတယ် ဆိုတာကိုကြည့်ပြီးရွေးရင်လောကမှာယောကျာ်းတွေက အများကြီးပါပဲ။ ဒါပေမဲ့ စိတ်ဓာတ်မှ မကောင်းကြတာလေ။ ကိုယ့်အတွက်အဆင်ပြေမယ့်သူ၊ ယောကျာ်းပီသတဲ့သူ၊ စိတ်ဓာတ်ကောင်းတဲ့သူပဲရွေးထားတာပါ။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.