သြဇာညောင်းတဲ့ကျန်းမာရေးဘုတ်အဖွဲ့တစ်ခုဟာ ဆေးလိပ်အလွန်အကျွံသောက်သူတွေကို ထောက်ခံအကြံပေးမှုတစ်ခု ပြုလုပ်လိုက်ပါတယ်။ အဲ့ဒီ့ထောက်ခံ အကြံပေးချက်ကတော့ အဆုတ်ကင်ဆာဖြစ်မဖြစ် ကိုစစ်ဆေးဖို့အတွက် ကွန်ပျူတာဖြင့်ခန္ဓာကိုယ်ဓါတ်မှန်ရိုက် (CT scan) တာကို နှစ်စဉ်လုပ်ကြဖို့ပါပဲ။ အခုလို ဆေးဘက်ဆိုင်ရာ မူဝါဒရေးရာ အပြောင်းလဲကြီးတစ်ရပ်ဖြစ်လာတာဟာ တစ်နှစ်ကို လူ့အသက်ပေါင်း ၂၀၀၀၀ ကယ်တင်နိုင်ဖို့ အလားအလာရှိတယ် လို့ ကျွမ်းကျင်ပါရဂူကြီးတွေက ပြောခဲ့ပါတယ်။
ဆေးပညာအရ ဟိုအရင်ကအသုံးပြုနေခဲ့ကြတဲ့ ရင်ဘတ် ဓါတ်မှန်ရိုက်နည်းအရ ကင်ဆာရှိနေတာကို သိနိုင်ဖို့ ခဲယဉ်းလှတယ်။ ကင်ဆာဆဲလ်တွေဟာ အရင်ပုံမှန်ဓါတ်မှန်ရိုက်နည်းအရ ဓါတ်မှန်ပေါ်မှာ ပေါ်လာဖို့ ခဲယဉ်းတဲ့အတွက် အသက်ကယ် ခွဲစိပ်မှုတွေလဲ မလုပ်နိုင်ခဲ့တာတွေလဲ ရှိပါတယ်။
အမျိုးသား ကင်ဆာ တက္ကသိုလ်က လူနာ ၅၃၀၀၀ ယောက်ကို ဆေးဘက်ဆိုင်ရာစမ်းသပ်မှုကြီးပြုလုပ်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာတော့ အပြောင်းအလဲတစ်ရပ်အနေနဲ့ CT scan ကိုတွေ့ရှိခဲ့ကြပါတယ်။ CT scan ဟာ အလွန်သေးငယ်တဲ့ အကျိတ်တွေကိုတောင် ရှာဖွေတွေ့ရှိနိုင်စွမ်းရှိပါတယ်။ CT scan ပေါ်လာပြီးနောက်မှာတော့ အဆုတ်ကင်ဆာ ကြောင့်သေဆုံးရတဲ့ လူနာတွေထဲက ၁၆ရာခိုင်နှုန်းကို အသက်ဘေးကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီ့လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး အစိုးရဆေးဘုတ်အဖွဲ့ဟာ ဆေးလိပ်သောက်သူတွေကိုနှစ်စဉ် CT scan ရိုက်ကြဖို့ ထောက်ခံအကြံပေးချက် ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။
အဆုတ်ကင်ဆာကြောင့်နှစ်စဉ် အသက်ပေါင်း ၁၆၀၀၀၀ ဆုံးရှူံးနေပါတယ်။ အဲ့ဒီ့အရေအတွက်ဟာ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ ပန်ကရိယ(မုန့်ချိုအိတ်)ကင်ဆာ၊ နဲ့ သုက်ဂလင်းကင်ဆာ စတဲ့ ကင်ဆာရောဂါပေါင်းစုံကြောင့် သေဆုံးသူအရေအတွက်ရဲ့ လေးပုံတစ်ပုံလောက်ရှိပါလိမ့်မယ်။ အဆုတ်ကင်ဆာဖြစ်နေသူတွေရဲ့ ၉၀ရာခိုင်နှုန်းဟာ CT scan မရိုက်ကြတဲ့ အတွက် အသိနောက်ကျကာ သေဆုံးရတာပါ။
အဲ့ဒီ့အတွက် သြဇာညောင်းတဲ့ကျန်းမာရေးဘုတ်အဖွဲ့ဖြစ်တဲ့ အမေရိကန်ရောဂါကာကွယ်ရေးအထူးအဖွဲ့က ဆေးလိပ်အလွန်အကျွံသောက်သူတွေကို CT scan ရိုက်ပြီး စံကိုက်ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ တိုက်တွန်းနှိုးဆော်ထားတာဖြစ်ပါတယ်။
Ref:TheNewYorkTimes