ဝါရင့်သရုပ်ဆောင်တွေထဲမှာ ပရိသတ်လည်းချစ်၊ သရုပ်ဆောင်လည်း တော်တဲ့ အကယ်ဒမီ ခန့်စည်သူနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို မေးမြန်းကြည့်တဲ့အခါ ‘အစ်ကို အခုရိုက်နေတဲ့ ဇာတ်ကားလေးကတော့ စာရေးဆရာမယဉ်မင်းဦး(ဆေးတက္ကသိုလ်) ရဲ့အက်တိုးပစ်အပျိုစင် ဆိုတဲ့ဝတ္ထုကိုရိုက်နေတာပါ။ ဇာတ်ညွန်းက မင်းခိုက်စိုးစံ၊ ဒါရိုက်တာက ညွန့်မြန်မာညီညီအောင်။ မင်းသမီးက နန်းခင်ဇေယျာပါ။ ဒီဇာတ်ရဲ့သဘောသဘာဝကို ပြောရမယ်ဆိုရင်တော့ ယနေ့ချိန်မှာ ဖြစ်ပျက်နေတဲ့ မိန်းကလေးတော်တော်များများက တားဆေးတွေ သောက်ကြတာ၊ ကိုယ်ဝန်ဖျက်ချတာတွေ တော်တော်များများရှိလာကြတယ်။ တရားဝင်မဟုတ် တာမျိုးတို့၊ တခုလပ်တို့ ဆိုလူတွေကအထင် သေးကြတယ်။ နှစ်ခုလပ်မှ မဟုတ်ပါဘူး။ သုံးခုလပ်၊ လေးခုလပ်၊ ငါးခုလပ်တွေတောင် ရှိသေးပါတယ်။ အဓိကကတော့ မိန်းကလေးဆိုတာအပျိုဖြစ်ဖြစ်၊ အအိုဖြစ်ဖြစ် ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်ဖို့ကအရေးကြီးဆုံးပဲဆိုတာကိုသိဖို့အတွက် ရည်ရွယ်ပြီး ရိုက်ကူးခြင်း ဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး လေ့လာမှုကတော့ ကိုယ်တို့ကျတော့ ဆေးလောကနဲ့ ပတ်သက်ပြီး အကျွမ်းတ၀င် ရှိကြတာမဟုတ်တော့ ဇာတ်ညွှန်းရေးဆရာနဲ့ စာရေးဆရာမတွေက ဆရာဝန်ဖြစ်တဲ့အတွက် အစ်ကိုတို့ အပေါ်မှာအများကြီးအထောက်အပံ့ အကူအညီရပါတယ်။ ဒီဝတ္ထုကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ဖတ်လာပြီးအရမ်းကြိုက် ခဲ့တာပါ။ အရင်တည်းကလည်း ဒီဇာတ်ကိုရိုက်ကူးဖို့လုပ်ခဲ့ပေမဲ့ အရင်တုန်းက ဆင်ဆာစနစ် အရရိုက်ကူးခွင့်မရခဲ့ပါဘူး။ အခုမှ ရိုက်ကူးခွင့် ရခဲ့တာပါ။’လို့ ပြောပါတယ်။
မြန်မာဇာတ်ကားတွေ နိုင်ငံခြားဇာတ်ကားတွေကို မှီငြမ်းတာနဲ့ ပတ်သက်ပြီး သူက ‘ကော်ပီဆိုတာမျိုးက အခုမှရှိလာတာမျိုးမဟုတ်ပါဘူး။ ရုပ်ရှင်ဆိုတာစပေါ်လာချိန်အရင် ခေတ်ကတည်းကိုက ကော်ပီကိုပဲပြန်မှီငြမ်း ပြီးရိုက်လာခဲ့ ကြတာဆိုတော့ အခုမှကော်ပီကော်ပီဆိုပြီး ထအော်နေလို့မရပါဘူး။ မြန်မာ့ရုပ်ရှင်သည် နိုင်ငံတကာကိုထိုးဖောက်ဖို့ဆိုတာ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ ပညာရှင်တွေ၊ ငွေရှင်ကြေးရှင်တွေရဲ့ပံ့ပိုးမှုမပါပဲနဲ့တော့ မထိရောက်နိုင်ပါဘူး’လို့ ပြောခဲ့ပါတယ်။