အနုပညာအလုပ်နဲ့စီးပွားရေးကို တွဲဖက်လုပ်ကိုင်သူအဖြစ် ပရိသတ်လက်ခံအားပေးနေဆဲ သူကတော့ အဆိုတော်သားစိုးပါ။ သူ့ရဲ့ အနုပညာဖန်တီးမှုတွေဟာ ရသမြောက်သလို ပရိသတ်အတွက် ရသတစ်ခုကျန်ခဲ့စမြဲပါ။ အခုလဲ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုးခွေမြောက်ဖြစ်တဲ့ ‘အာလူး သာကူး နှာဗူး ဂန်ဒူး’ ဆိုတဲ့ အခွေလေးနဲ့ပတ်သတ်ပြီး ပြောဖြစ်သမျှကတော့ ….
‘အခု အာလူး သာကူး နှာဗူး ဂန်ဒူး’ဆိုတဲ့ အခွေလေးထွက်တော့မှာပါ။ ဒီအခွေလေးကို အဓိက က နိုင်ငံရေးသရော်ချက်တွေနဲ့လုပ်ထားတာပါ။ တစ်ခါမှ မြန်မာပြည်မှာ နားမထောင်ဖူးသေးတဲ့ သီချင်းတွေဖြစ်မယ်လို့ အာမခံရဲပါတယ်။ တေးရေးကိုလုပ်ထားတဲ့ ပုံစံကတော့ ရေသည်ဦးပုညကစပြီး ဒီကလေးတွေခေတ်ထိ ကျွန်တော်နိုင်သလောက်ရေးထားပါတယ်။ ကျွန်တော်ရေးထားတာတွေလဲ ပါတယ်။ တခြား သူတွေရေးထားတာတွေလဲပါပါတယ်။ Featuring တွေက ချမ်းချမ်းပါတယ်။ Lဆိုင်းဇီပါတယ်။ အနုပညာလောက ကကျွန်တော့သူငယ်ချင်းတွေအများကြီးပါပါတယ်။ ကျွန်တော် ၁၈ ပုဒ်ကနေ အပုဒ်၂၀ထိ စီဒီဆန့်ရင်ဆန့်သလောက်ထည့်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်အခွေခဏခဏမထုတ်နိုင်ပါဘူး။ အဓိကအားဖြင့်က ကုန်ကျစရိတ်ကမတတ်နိုင်ဘူး။ ခိုးကူးတွေကလဲရှိတဲ့အခါကျတော့ တော်တော်လဲ ဒုက္ခရောက်ပါတယ်။ နိုင်ငံကို သရော်ထားတဲ့ အကြောင်းနဲ့ပတ်သတ်ပြီး ကျွန်တော်ဆိုလိုချင်တာက မီးမလာရင် ဖယောင်းတိုင်ထွန်း၊ ဖယောင်းတိုင်မရှိရင်မီးစက်နှိုး၊ မီးစက်မရှိရင်စောစောအိပ်ဆိုတဲ့ ပုံစံမျိုး၊ ပြီးရင် ထမင်းတနပ်လျှော့စား၊ မစားနိုင်ရင်ခေါက်ဆွဲစား၊ ခေါက်ဆွဲမစားနိုင်ရင် ပေါင်မုန့်စား၊ ပေါင်မုန့်မစားနိုင်ရင်ကိတ်မုန့်စား၊ ကိတ်မုန့်မရှိရင်စောစောအိပ်၊ အဲဒါမျိုးတွေပါ။ မကြာခင်အမြန်ဆုံးထွက်နိုင်အောင်လုပ်နေပါတယ်။’လို့ သူကပြောပါတယ်။
ပေးထားတဲ့ ခေါင်းစဉ်လေးနဲ့ပတ်သတ်ပြီးတော့လဲ ‘ကျွန်တော်တို့ခေတ်အပြောင်းအလဲ၊ အစိုးရအပြောင်းအလဲမှာဖြစ်လာတဲ့လူတွေရဲ့ ပုံစံကိုရေးဖွဲ့ထားတာပါ။ ပိုက်ဆံချမ်းသာတဲ့ သူတွေကလဲ ပိုပြီးနှာဗူးများလာတယ်။ နဂိုကငြိမ်နေတဲ့သူတွေကလဲ သာကူးတွေများလာတယ်။ နောက်ပြီး ပွင့်ပွင့်လင်းလင်းဖြစ်လာတဲ့အတွက် ဂန်ဒူးတွေလဲများလာတယ်။ အဲဒါလေးတွေကို ရေးဖွဲ့ပေးထားတာပါ။ အမ်တီဗီ ကတော့ တစ်ဝက်က ရိုက်ပြီးသွားပြီ။ ဒါပေမဲ့ တစ်ခါတည်းတော့ ထည့်မဖြန့်ပါဘူး။ ခုနက ပြောသလိုပေါ့။ အနှောင့်အယှက်တွေ အများကြီးဖြစ်လာနိုင်တဲ့အတွက် လောလောဆယ်မှာ ခဏရပ်ထားပါတယ်’တဲ့။
ပွင့်လင်းရာသီရောက်လာအတွက် နယ်ရှိုးတွေနဲ့ ပတ်သတ်ပြီးတော့သူက ‘အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်တွေမှာသွားဆိုဖို့ရှိပါတယ်။ အခုစီစဉ်နေတာက ဘီဘီစီ ကကျွန်တော့်ကို ဟနွိင်းမှာဆိုဖို့အတွက်ဖိတ်ထားပါတယ်။ နိုဝင်ဘာ ၂၉ရက်နေ့မြန်မာပြည်က ထွက်ပါမယ်။ သူတို့ရဲ့ ပရိုဂရမ်က Asia Beat တီးလုံးတွေနဲ့ပေါ့နော်။ အဆိုတော်တွေကို ဖိတ်တဲ့ ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကျွန်တော်တက်မှာပါ။ တစ်ရက်တည်းပဲပေါ့နော်။ ရိုက်ကူးရေးပဲပေါ့နော်။ စတိတ်ရှိုးမဟုတ်ပါဘူး။ မြန်မာ၊ ထိုင်း၊ တောင်ကိုရီးယား၊ အာရှတိုက်တော်တော်များများက သူတွေနဲ့အတူတူ ရိုက်ကူးရေးကိုသွားရမှာပါ။ ဒါပေမဲ့ ဟိုမှာ ကျွန်တော်နဲ့အတူတူ တီးဖို့အတွက် ဆရာမိုး ဂီတမိတ်က ဆရာမိုးနိုင်ကျောင်းအုပ်ကြီးရဲ့ အကူအညီနဲ့ ကျွန်တော့်ရဲ့ ဟစ်ဟော့သီချင်းတွေကို ဆိုင်းဝိုင်းနဲ့ဖျော်ဖြေမှာပါ။’ လို့သားစိုးကပြောပြခဲ့ပါတယ်။