ဂီတ ဆိုတာ ဘာကောင်ကြီးတုန်း။ Webster အဘိဓာန် အရတော့ အသံ (tones) လေးတွေကို အစီစဉ်တကျ စီကာစဉ်ကာနဲ့ ပေါင်းစည်း ပြီး အလျဉ်မပြတ်တဲ့ အဖွဲ့တစ်ရပ်ဖြစ်လာအောင်လုပ်တဲ့ စီစဉ်ခြင်း အနုပညာ ဖြစ်တယ်လို့ သိရပါတယ်။ တကယ်တော့၊ ဂီတ ဆိုတာကို လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အဓိပ္ပါယ် မရှိပါဘူး။ မတူညီတဲ့သူတွေအတွက် ကွဲပြားတဲ့ အဓိပ္ပါယ်တွေ များစွာရှိနေပါတယ်။ ဂီတဟာ လူတစ်ဦးချင်းရဲ့ ဘ၀ကိုယ်စီ အတွက် တုနှိုင်းမဲ့ ပါတယ်။ ဂီတပညာရှင်တွေအတွက်တော့ ဂီတဟာ သူတို့ရဲ့ဘ၀ပါ။ သူတို့ဟာ စားတယ်၊ အသက်ရှူတယ်၊ ဂီတနဲ့အတူရှင်သန်တယ်။ ဂီတဟာ သူတို့ရဲ့ ချစ်ခြင်း (ဒါမှမဟုတ်) စွဲလန်းမှုတစ်ရပ်ပဲ။ အခြားသူတွေအတွက် တော့ ဂီတဟာ ၀ါသနာတစ်ရပ်။ ဂီတဟာ စိတ်လှုပ်ရှားစေတဲ့ အရာ၊ စိတ်ကျေနပ်မှုကို ပေးစွမ်းတဲ့အရာ။ ဂီတ၀ါသနာ အိုးတွေဟာ ဂီတအကြောင်းလေ့လာတယ်၊ နုတ်တွေဘယ်လိုဖတ်ရမယ်၊ သံစဉ်နဲ့ စာသားတွေ ဘယ်လို ရွတ်ဆိုရမယ်၊ ဂီတ တူရိယာတစ်လက်ကို ဘယ်လိုတီးခတ်ရမယ် ဆိုတာတွေကို လဲ သင်ယူကြတယ်။ ဒါပေမယ့် သူတို့မှာ တကယ့်ဂီတသမား တစ်ယောက် ပိုင်ဆိုင်တဲ့ ဂီတကို ရူးသွပ်စွဲလန်းမှုမျိုး မရှိကြပါဘူး။ ဂီတဟာ တချို့အတွက် စိတ်ဖြေရာသက်သက်၊ တချို့အတွက်တော့ ဂီတဟာ လူတွေရဲ့ နား၊ စိတ် နဲ့ နှလုံးသားတွေဆီ အသံ၊ တေးသွား နဲ့ စည်းချက်တွေကို သယ်ဆောင်လာပြီး ကြားနာစေတယ်။
မတူညီတဲ့ ရှုထောင့်အမျိုးမျိုးက ဂီတကို အနက်အမျိုးမျိုးနဲ့ ဖွင့်ဆိုထားချက်တွေကို လေ့လာကြည့်ရအောင်။
ဂီတ ဟာ သိပ္ပံပညာရပ်တစ်ခု။
ဂီတဟာ တိကျတယ်၊ အသေးစိတ်တယ်။ ဖန်တီးရင်ဖန်တီးတဲ့အတိုင်း တိကျတဲ့ အသံထွက်တယ်။ ဂီတမှူး တစ်ယောက်ရဲ့ တေးသွားနုတ်စာရွက်တွေမှာ အသံတွေရဲ့ကြိမ်နှုန်း၊ အတိမ်အနက်၊ အတိုးအကျယ်၊ တေးသွား၊ လိုက်ဖက်တေးသွား နဲ့ အတိအကျနရည်ချိန်ပြ တွေအားလုံးကို တစ်ခါတည်းနဲ့ ပြထားပါတယ်။
ဂီတဟာ သင်္ချာ ပညာရပ်တစ်ခု။
ဂီတရဲ့ စည်းချက်တွေဟာ နရည်ချိန်ညွှန်း တစ်ခုကတဆင့် ထပ်ဆင့်ပိုင်းထားတဲ့ အစိတ်အပိုင်း ပုံစံအမျိုးမျိုး စုစည်းမှုပါပဲ။ စာရွက်ပေါ်မှာ ချတွက်စရာမလိုလောက်အောင် ပြီးပြည့်စုံတဲ့ သင်္ချာအစီအစဉ်တစ်ရပ်ပါ။
ဂီတဟာ နိုင်ငံခြားဘာသာစကားတစ်ခု။
အီတလီ၊ ဂျာမန်၊ ပြင်သစ် စတဲ့ ဘာသာစကားတွေရဲ့ အက္ခရာရေးမှတ်ပုံအများစုဟာ အင်္ဂလိပ် ဘာသာစကားနဲ့ မတူကွဲပြားပါတယ်။ စိတ်အကြံစည်တွေကို ညွှန်းတဲ့ သင်္ကေတအသုံး၊ လက်ရေးတို တွေကတော့ခပ် ဆင်ဆင်ရှိကြပါတယ်။ ဂီတဝေါဟာရတွေကတော့ ပြီးပြည့်စုံလှတဲ့ ကမ္ဘာသုံး ဘာသာစကားတစ်ရပ်ပါပဲ။
ဂီတဟာ သမိုင်းတစ်ရပ်။
ဂီတဟာ သူဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်၊ သူ့ကို ဖန်တီးခဲ့တဲ့ ခေတ်၊ ပေါ်ပေါက်ရာ နိုင်ငံ၊ လူမျိုးတွေ စတာတွေဆီက ရောင်ပြန်ဟပ်တတ်ပါတယ်။
ဂီတဟာ ကိုယ်ကာယလေ့ကျင့်ရေး။
ဂီတတစ်ရပ်ကို ဖန်တီးတဲ့အခါ၊ လက်ချောင်း၊ လက်ဖျံ၊ လက်မောင်း၊ နှုတ်ခမ်း၊ ပါး၊ မျက်နှာကြွက်သား၊ စတာတွေကို ပူးပေါင်းဆောင်ရွက်ရသလို၊ ရင်ဝမ်းခြားကြွက်သား၊ အူ နဲ့ ရင်ခေါင်းကြွက်သားတွေကို လည်း တရားလွန် ထိန်းချုပ်ရပါတယ်။
ဂီတဟာ အဲ့ဒီလို အရာတွေပါ။ ဒါပေမဲ့ တကယ့်တကယ်တော့ ဂီတဟာ အနုပညာတစ်ရပ်ပါ။
လူသားတွေဟာ ဂီတကို အသုံးပြုပြီး သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ဟပြကြပါတယ်။ ဒါဟာ သိပ္ပံပညာက ကူးချလို့မရတဲ့ မနုဿဝါဒ၊ ခံစားချက်၊ စိတ် သဘောပါပဲ။
Ref:utexas.edu