၂၀၁၅ သင်္ကြန်ကို နေပြည်တော် Ace မဏ္ဍပ်မှာ ဖြတ်သန်းသွားမယ့် ထွန်းထွန်း

capture_tun.png

အနုပညာအလုပ်နဲ့ဝေးရာ အရပ်မှာ မနေနိုင်တဲ့ ထွန်းထွန်းက ပရိသတ်တွေရဲ့ မရပ်တန့်သေးတဲ့ အားပေးမှု၊ အနုပညာ အပေါင်းအသင်းအချို့ရဲ့ ၀ိုင်းဝန်း အားပေးမှုအပြင် သူကိုယ်တိုင် အနုပညာကို မစွန့်လွှတ်နိုင်သူမို့ ဒုတိယအကြိမ်မြောက် အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ သူဖြတ်သန်းခဲ့တဲ့ အနုပညာ ခရီးလမ်းကြောင်းနဲ့ ၂၀၁၅ သင်္ကြန်ခံစားမှုများအကြောင်းကို မေးမြန်းကြည့်မိတဲ့အခါ 

"သင်္ကြန်နဲ့ပတ်သက်တဲ့ ခံစားမှုက အရင်တုန်းကလိုတော့ နုပျိုမှု၊ ရင်ခုန်မှု၊ စိတ်လှုပ်ရှားမှုတွေ ၊ ထကြွသောင်းကျန်းချင်စိတ်တွေ၊ ပျော်ပါးချင်စိတ်တွေတော့ သိပ်မရှိတော့ဘူး။ အသက်ကြီးလာတာကြောင့်လဲ ပါမယ်။ ပြီးတော့ ခုနောက်ပိုင်းက သင်္ကြန်ဆို အလုပ်နဲ့ဖြတ်သန်းတာပဲ များလာတဲ့အခါကျတော့ သိပ်ပြီး စိတ်လှုပ်ရှားမှု မရှိတော့ဘူး။ လူကြီး ပိုဆန်သွားတယ်ပေါ့။ ဒီနှစ်ကိုလဲ ကျွန်တော်အေးအေးဆေးဆေးလေးနဲ့ နေပြည်တော် Ace မဏ္ဍပ်မှာ ဖြတ်သန်းမယ်။ ကျွန်တော့်ရဲ့ အနုပညာမောင်နှမတွေနဲ့ပါ။"လို့ သူက ဆိုပါတယ်။

သင်္ကြန်နဲ့ပတ်သက်တဲ့အမှတ်တရကိုလည်း သူက "ဟိုးအရင် လူငယ်ဘ၀တုန်းက သင်္ကြန်ဆို ရင်ခုန်တယ်။ မရောက်ခင်ကတည်းက စိတ်တွေလှုပ်ရှားတယ်။ သီချင်းတွေ ဆိုခဲ့ဖူးတယ်။ သူငယ်ချင်းတွေနဲ့ကဲခဲ့ဖူးတယ်။ ပျော်ခဲ့ဖူးတယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခုလို သင်္ကြန်ရောက်ခါနီးပြီးဆို အရင်အချိန်က အမှတ်ရ အချို့ကိုတော့ ပြန်လွမ်းမိတယ်"တဲ့။

ရွှေစင်ဦး ထုတ်လုပ်ရေးနဲ့တွဲဖက်ပြီး ဇာတ်ကားလေးတွေပြန်ရိုက်ဖြစ်နေပြီလို့ ဆိုတဲ့ သူက သူ့ရဲ့လက်ရှိအနုပညာလှုပ်ရှားမှုကိုတော့ "မကြာခင်မှာ ကျွန်တော်တို့အနုပညာမောင်နှမတွေ အစုံအလင်ပါဝင်ထားတဲ့ ချစ်စံအိမ် ၂၀၂၈ ဆိုတဲ့ ကားကြီး ရုံတင်ဖို့ရှိတယ်။ ကျွန်တော့်ရဲ့ စူပါစတား အမ်တီဗီလေးကို ၂၀၁၅ ထဲမှာ ထွက်နိုင်အောင်ကြိုးစားနေတယ်။ Audio တုန်းက လူသိပ် မသိလိုက်တဲ့အတွက် အမ်တီဗီမှာ အကောင်းဆုံးနဲ့စိတ်တိုင်းအကျဆုံး ပရိသတ်ကြိုက်မယ် ထင်တာလေးတွေကို ရွေးချယ် စဉ်းစားပြီး ရိုက်ထားတယ်။ ပြီးတော့ ကျွန်တော်တို့ Examplez အဖွဲ့က လူတွေကိုလဲ ကျွန်တော့် အမ်တီဗီလေးထဲမှာ ပြန်တွေ့ရမယ်။ အမ်တီဗီကတော်တော်များများတော့ ပြီးနေပါပြီ ။ ဒီနှစ်ပိုင်းထဲမှာ ထွက်နိုင်အောင် အစွမ်းကုန်ကြိုးစားနေပါတယ်။ အခု ကျွန်တော်ပြန်ကြိုးစားမယ်။ ဂီတဖက်ထက် သရုပ်ဆောင်ဖက်ကို ခု ပိုရူးသွပ်နေတယ်။ အဲ့ဒါကြောင့် ကျွန်တော့်ရဲ့ ရူးသွပ်မှု တစ်ခုကို ထပ်မံပြီး ဆက်လက် အားပေးပါဦးလို့ ကျွန်တော့်ကို ချစ်ခင် အားပေးနေဆဲ ပရိသတ်ကြီးကို တောင်းဆိုချင်ပါတယ်"လို့ သူက ဖွင့်ဟသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.