၂၀၁၂ အကယ်ဒမီပေးပွဲမှာ အမျိုးသမီးဇာတ်ဆောင်ဆုနဲ့လွဲချော်သွားခဲ့ပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကြောင့် နောက်ထပ် ဇာတ်ကားတွေကို ရိုက်ကူးဖို့ အားတွေပြည့်နေတဲ့ န၀ရတ်နဲ့ ဆုံတွေ့ခိုက် သူမရဲ့ဖက်ရှင်နဲ့ ပတ်သက်ပြီး ခုလို မေးကြည့်ဖြစ်ခဲ့ပါတယ်။ ‘ဖက်ရှင်ကတော့ အစ်မစိတ်ဝင်စားတယ်။ ဒီအလုပ်လုပ်နေတဲ့အတွက်ကြောင့် လဲပါတယ်။ ကိုယ်ကိုယ်တိုင်ကလဲ ဖက်ရှင်ကို ရူးသွပ်တယ်။ အရင်ကဆို ဖက်ရှင်ဆိုတာ သိပ်အရေးမပါဘူး။ အခုခေတ်မှာကတော့ ဖက်ရှင်က အရေးပါတဲ့အရာ တစ်ခုဖြစ်နေပြီ။ အဲဒီအတွက်ကို လေ့လာမှုအပိုင်းရော၊ ကိုယ့်ဖက်ရှင်ကိုထွင်တဲ့ အပိုင်းရောကို သေချာလေး အသေးစိတ် စီစဉ်ဖြစ်ပါတယ်’တဲ့။
ဝတ်ဖြစ်တဲ့ အရောင်လေးတွေ၊ ရှော့ပင်ထွက်ဖြစ်တဲ့ နေရာတွေနဲ့ ပတ်သက်ပြီးတော့လည်း သူက ‘လူကိုပိန်စေတဲ့ အရောင်လေးတွေ ရွေးဝတ်တယ။် ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ် ၀ိတ်တက်တဲ့အချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုပေါ်စေတဲ့အရောင်တွေဆို အဆင်မပြေဘူး။ ဥပမာ အနက်လိုမျိုးပေါ့။ အစ်မ အမြဲဝတ်ဖြစ်တယ်။ ၀ယ်နေကျဆိုင်ရယ်လို့တော့ သီးသန့်မထားဘူး။ ဒီမှာသွားရင်းလာရင်း တွေ့ရင်လဲဝယ်တယ်။ ပြည်ပကို ခရီးထွက်တဲ့အခါမျိုးတွေမှာလဲ ၀ယ်ဖြစ်တယ် ။ အစ်မက ဖက်ရှင်နဲ့ပတ်သတ်ပြီး ခေါင်းစခြေဆုံးဆင်ရတာကို သဘောကျတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖက်ရှင်ဆိုတာ တစ်ကိုယ်လုံး ပြည့်စုံနေမှ ကြည့်တဲ့သူအတွက်အဆင်ပြေတာလေ။ အဲဒီအတွက် အစ်မက ဖက်ရှင်ကို ကိုယ်နဲ့လိုက်ဖက်တာရော၊ ခေတ်နောက်မကျအောင်ရော၊ သေချာလေးစီစဉ်ပြီးဝတ်ဖြစ်ပါတယ်’လို့ ပြောပါတယ်။