မိတ်ကပ် လောကထဲကိုခြေချဖြစ်ခဲ့ပုံလေးပြောပြပေးပါလား။
ရဲရဲက အရင်တုန်းက စာပဲလုပ်ခဲ့တာ။ ရဲရဲက ကိုယ့်ရဲ့ပညာရပ်နဲ့ ခြေချမယ်ဆိုပြီးတော့ စာလုပ်တဲ့ အလုပ်ပဲလုပ်လာခဲ့တာ။ ၁၀တန်းပြီးကတည်းက ကိုယ့်ဝင်ငွေကိုယ်ရှာပြီး GTI( EP) ကျောင်းတက်ခဲ့တယ် ။ GTI (EP)ကျောင်းပြီးသွားချိန်မှာRoll-5နဲ့ အောင်ပြီး ဂုဏ်ထူး၃ခု ထွက်ခဲ့တယ်။ BE ဆက်တက်ဖို့ တွေးကြည့်လိုက်တော့ ၇နှစ်လောက် အချိန်ပေးရမယ်။ ရဲရဲက ၇နှစ်လောက် အိမ်ကိုမှီခိုရမှာဆိုတော့ မမှီခိုချင်တာလဲပါတော့ ကိုယ့်ဘာသာကိုဘာလုပ်ရမှန်း မသိဘူး။ စဉ်းစားနေတုန်း အိမ်ကညီမက ဘွဲ့ယူဖို့မိတ်ကပ်ကို အန်တီပွင့်ဆီမှာလိမ်းရင်းနဲ့ အန်တီပွင့်ကခေါ်တာနဲ့ မိတ်ကပ်ပညာကိုသင်ယူဖြစ်ခဲ့တာပေါ့။
ပထမဆုံးမိတ်ကပ် လိမ်းပေးခဲ့ရတဲ့ မင်းသမီးကရောဘယ်သူလဲ။
ပထမဆုံးမိတ်ကပ်လိမ်း ပေးခဲ့ရတာကတော့ ဖူးစုံပါ။
ရဲရဲကမိတ်ကပ် လိမ်းပေးတဲ့အခါမှာ အသားအရေနဲ့ လိုက်ဖက်မှုရှိမရှိကြည့်ပြီးမှလိမ်းပေးတာပါလား။
ဟုတ်ပါတယ်။ အသားအရေလိုက်ဖက်မှုရှိမရှိ ကြည့်ပြီးမှ မိတ်ကပ်လိမ်းချယ် ပေးတယ်ဆိုတာ အတွေ့အကြုံနဲ့လည်းဆိုင်တယ် လို့ပြောရမယ်။
ရဲရဲမိတ်ကပ်လိမ်းတဲ့အခါ ပုံမှန်လိမ်းချယ်ပေးနေကြအရောင်မျိုးရှိသလား။
လွန်ခဲ့တဲ့ ၂နှစ်၊ ၃နှစ် လောက်တုန်းက အလင်းအမှောင်စပ်ပြီး လိမ်ပေးခဲ့ဖူးပါတယ်။ အခုတော့ မော်ဒယ်တွေသိပ်ပြီး မလိမ်း ဖြစ်တော့ဘူး။ သတို့သမီး၊ ဘွဲ့မိတ်ကပ်တွေပဲ လိမ်းပေးဖြစ်တာများပါတယ်။ သူတို့ဝတ်ဆင်တဲ့အ၀တ်ပေါ်မှာ လိုက်ပြီးလိမ်းပေး ဖြစ်ပါတယ်။
ဒီနှစ် ၂၀၁၃ ခုနှစ်မှာလူကြိုက်များခေတ်စားတဲ့ ပြင်ဆင်ချယ်သမှုက ဘယ်လိုတွေဖြစ်နေသလဲ။
မိတ်ကပ် လိမ်းချယ်တာကတော့ကိုရီးယားစတိုင်လ် မျိုးပါးပါးလေးလိမ်းချယ်ပေးပါ ဆိုတာချည်းပါပဲ။ နောက်ပြီး 2NE1 လိုမျိုးလိုင်နာထူထူလေးဆွဲပေးပါပေါ့။ ကိုရီးယားမှာကမျက်လုံးမလှ ရင်မျက်လုံး၊ နှာခေါင်းမလှရင် နှာခေါင်းခွဲစိတ် ပြုပြင်လုပ်ကြတယ်။ ဒီမှာကျတော့ ခွဲစိတ်ပြုပြင် တာမျိုးသိပ်ပြီးမလုပ်ကြဘူးလေ။ အဲဒီတော့ လိုအပ်တဲ့အရာ ကြည့်ပြီးမျက်လုံးဆိုမျက်လုံး၊ နှာခေါင်းဆို နှာခေါင်းပေါ်အောင်လှ ဖို့ကျတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှအောင် လိမ်းချယ်ပေးရတာပေါ့။ ဆံပင် စတိုင်လ် ကျတော့ ကပိုကရီပုံစံမျိုးလေးတွေ ခေတ်စားနေတယ်။
၂၀၁၄ ခုနှစ်မှာခေတ်စားလာမဲ့ စတိုင်လ် မျိုးကရောဘယ်လိုပုံစံ ဖြစ်မလဲ။
၂၀၁၄ခုနှစ် မျာလည်းမိတ်ကပ်ပါးပါးလေးလိမ်းတာမျိုးပဲခေတ်စားမယ်ထင်ပါတယ်။ မျက်တောင်တုဆိုလည်း ပါးပါးလေးတပ်ကြလိမ့်မယ်။ လိုင်နာထူထူဆွဲတာမျိုးတော့ လုပ်ကြဦးလို့ ရဲရဲထင်ပါတယ်။ ဆံပင် နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ပေါ့ပေါ့ပါးပါး လေးလုပ်ကြတာမျိုးပဲကြိုက်လိမ့်မယ် ထင်ပါတယ်။
မိတ်ကပ် ပညာနဲ့ပတ်သက်ပြီးတော့ ဘာတွေထပ်ပြီးလေ့လာ ဖြစ်သေးလဲ။
YouTube ကနေမိတ်ကပ် လိမ်းချယ်နည်း၊ ဆံပင် ပြုလုပ်နည်းတွေ ကြည့်ပြီးလေ့လာဖြစ်ပါတယ်။ Visiting Card သုံးပြီးလိုင်နာဆွဲတာမျိုးတွေကြည့် ဖြစ်ပါတယ်။
ရဲရဲရဲ့ အခုလက်ရှိ အချိန်ဟာကိုယ့်ကိုကိုယ် အောင်မြင်နေပြီလို့ပြောလို့ရပါသလား။
ရဲရဲက ကိုယ်ရောက်တဲ့ နေရာကို မကျေနပ်တာတို့၊ မတင်းတိမ် တာတို့ဖြစ်တာမျိုးတော့ မရှိပါဘူး။ ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျေနပ်တယ်ဆိုပြီးဒီအတိုင်း ဒီနေရာမှာရပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်တိုးတက်မှုအတွက်အမြဲလေ့လာနေပါတယ်။
မိတ်ကပ်လိမ်းချယ် ပေးတဲ့အခါမှာကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်ရှိရင် ပြောပြပေးပါ။
ကိုယ့်ရဲ့ အားနည်းချက်ကရှက်ပလာနိုင်တယ်လို့ ပြောရမယ်။ ကိုယ်ကတစ်ယောက်တည်းပဲ လုပ်ကိုင်တာဆိုတော့ တစ်ခါတစ်ခါမှာဟိုဟာမေ့ကျန်၊ ဒီဟာမေ့ကျန်နဲ့ ရှက်ပြာရှက်ပြာ နိုင်တယ်ပြောရမယ်။ ပြီးရင် ဟိုဟာပြုတ်ကျ၊ ဒီဟာပြုတ်ကျ ကလည်းရှိသေးတယ်။
ရဲရဲ ဘ၀မှာ လေးစားအားကျခဲ့ရတဲ့ မိတ်ကပ်ပညာရှင်ရှိရင်ပြောပြပေးပါ။
အန်တီပွင့်၊ ဦးမာ၊ ကိုယ့်ရဲ့အောက်မှာမိတ်ကပ်ဆရာအငယ်လေးတွေလည်းအများကြီးရှိပါတယ်။ သူတို့မှာလည်းကိုယ့်ထက် လုပ်နိုင်တာမျိုးလေးတွေရှိတာတွေ့ရတော့ သူတို့လေးတွေကိုလည်းလေးစားပါတယ်။
ပညာရေးနောက် ကိုဆက်မလိုက်ဖြစ်ပဲမိတ်ကပ် လောကထဲကိုခြေစုံပစ်ပြီး ၀င်လိုက်တဲ့အတွက်နောင်တရမိတာမျိုးရှိခဲ့ဘူးလား။
ငါဘယ်လောက်ပဲပညာရေးမှာ ကြိုးစားကြိုးစားကျောင်းမှာဆရာ ပြန်လုပ်ရမယ်။ ကျောင်းမှာ၂နှစ်လောက် ဆရာလုပ်ပြီးလို့ အပြင်မှာအလုပ်လုပ်မယ် ဆိုရင်လည်းကုမ္မဏီမှာ ၀န်ထမ်းပဲ ပြန်ဖြစ်မှာလေ။ အဲဒီတော့ ကိုယ်ကပညာရေးပိုင်းကိုဦးစားမပေးတော့ပဲကိုယ်တိုင်အလုပ်လုပ် မယ်ဆိုပြီးဆုံးဖြတ်လိုက်တာ။ အခုကျတော့ ကိုယ်က၀န်ထမ်း လည်းမဟုတ်ဘူးပြောရမယ်ဆိုရင် ကိုယ်ကအလုပ်ရှင်ပေါ့။ ကိုယ်လုပ်ချင် လုပ်မယ်၊ ကိုယ်မလုပ်ချင် မလုပ်ဘူးအေးအေးဆေးဆေးပဲလေ။
အခုလိုမိတ်ကပ်ရဲရဲ ဖြစ်လာဖို့အတွက် ဘာတွေရင်းနှီးပေးဆပ် ခဲ့ရသလဲ။
ရဲရဲကနန်းဆုရတီစိုး၊ မိုးပြည့်ပြည့်မောင်၊ ခရစ္စတီးနားတို့ရဲ့ရှုတင်တော်တော် များများကိုလိုက်ခဲ့ ပေးရတယ်။ လိုက်ပေးတယ် ဆိုတာလည်းအတွေ့အကြုံရအောင်ပါပါတယ်။ Memory Wedding Dress ဆိုင်မှာ ၃နှစ်အလုပ်လုပ် ခဲ့ဖူးပါတယ်။ကိုယ့်ဘာသာကိုရပ်တည်နိုင်ဖို့ ဆိုတာချက်ချင်း မိတ်ကပ်ပညာသင်ပြီး ငါလိမ်းတတ်သွားပြီဆိုပြီးတန်းပြီးရပ်တည် နိုင်ဖို့ဆိုတာဘယ်လိုမှမဖြစ် နိုင်ပါဘူး။ဒီအလုပ်ကတစ်ယောက် နဲ့တစ်ယောက် ကျွှန်းကိုင်းမှီ ကိုင်းကျွှန်းမှီ၊ လိုမျိုးရှိရတယ်။ ရဲရဲ ရှုတင်၃နှစ်လိုက် ခဲ့ပေးဖူးတယ်၊ Memory မှာလည်း၃နှစ်လောက် အချိန်ပေးပြီးလုပ်ခဲ့ ရတာဆိုတော့ အချိန်တွေတော်တော် များများရင်းနှီးပေးဆပ်ခဲ့ရတယ် လို့ပြောရမယ်။
ရဲရဲအနေနဲ့ရှေ့ဆက်ပြီးမိတ်ကပ်လောကထဲမှာဘယ်လိုတွေလုပ်ဆောင်သွားမယ်ဆိုတာသိပါရစေ။
ရဲရဲ ပြီးခဲ့တဲ့ နှစ်အထိမိတ်ကပ် ပဲလိမ်းပေးတယ်။ ရဲရဲ ဆီမှာဝတ်စုံတို့၊ ရတနာတို့ မရဘူး။ ဒီနှစ်မှာတော့ ရဲရဲ ဆီမှာသတို့သမီးဝတ်စုံ၊ သတို့သမီးနဲ့ ပတ်သက်တဲ့ ခေါင်းအစခြေအဆုံးအကုန်ရနေပြီ၊ ပြီးတော့ ရဲရဲဆီမှာဓာတ်ပုံဆရာပါရှိတယ်ဆိုတော့ Wedding Planer နီးနီးလို့ တောင်ပြောလို့ရနေပါပြီ။ နောက်ပိုင်းမှာသတို့သမီးအတွက်ပိုဦးစားပေးပြီးလုပ်ဖြစ်သွားမှာပါ။
ရဲရဲအနေနဲ့ မိတ်ကပ်ဝါဿနာအပြင်တခြား ၀ါဿနာပါတာရှိသေးလား။
ရဲရဲကတခြား ၀ါဿနာပါတာပြောရမယ်ဆိုရင်တော့ ဘာသာစကားနဲ့ပတ်သက်ပြီး ၀ါဿနာပါတယ်လို့ ပြောရမယ်။
အခုလိုသိချင် တာလေးတွေကိုဖြေပေးတဲ့ရဲရဲကိုကျေးဇူးတင်ပါတယ်-
ဟုတ်ကဲ့။ ရဲရဲလည်းကျေးဇူးတင်ပါတယ်။