ကိုယ့်ရဲ့ခြယ်သမှုက သူများနဲ့ အမြဲပြောင်းပြန်ဖြစ်နေတယ်လို့ ဆိုတဲ့ မထက် (Pop Soul)

018.jpg

မိတ်ကပ်လောကမှာ အချိန်တိုတိုနဲ့ အောင်မြင်မှုတစ်ခုကို ပိုင်ဆိုင်ရရှိခဲ့တဲ့ မထက် ( Pop Soul ) ဟာ ဒီဇိုင်နာအလုပ်ကို ၀ါသနာပါလို့ကြိုးစားခဲ့ပေမယ့် သူမျှော်လင့်တဲ့ အတိုင်းအတာတစ်ခုထိ မရောက်ခဲ့တဲ့ အတွက် မိတ်ကပ်လောကကို အခြေချ ၀င်ရောက်ဖြစ်ခဲ့တဲ့သူတစ်ဦးပါ။သူရဲ့မိတ်ကပ်ပညာနဲ့ ပတ်သတ်တဲ့ အယူအဆ။ အတွေးအခေါ်။ ဖန်တီးမှု။ အကြောင်းတရားတွေနဲ့ သူလေ့လာတွေ့ရှိခဲ့တဲ့ မိတ်ကပ်ပညာနဲ့ ပတ်သတ်တဲ့ လျှို့ဝှက်ချက်တွေကတော့…….

Q. မထက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပုံလေးကို ပြောပြပေးပါဦး။

A. မထက်အရင်ဦးဆုံး စလုပ်ဖြစ်တာက ဆံပင်ညှပ်သင်တန်းတက်ရင်း Fashion Design နဲ့ ပတ်သတ်တဲ့ ပြိုင်ပွဲတစ်ခုကို ၀င်ပြိုင်လိုက်တယ်၊ အဲဒီပွဲမှာ ပထမရတယ်၊ ပြီးတော့ ဆံပင်ညှပ်ဆိုင်နဲ့ Fashion ဆိုင်နဲ့ကို တွဲဖွင့်ဖြစ်တယ်။ နောက်ပိုင်းကျတော့ အကျီချုပ်တဲ့ကိစ္စကို ဆက်မလုပ်ဖြစ်တော့ဘူး၊ နှစ်မျိုးဆိုတော့ ပင်ပန်းလို့လေ။ မနိုင်တာနဲ့ မလုပ်ဖြစ်တော့ဘူး။ ပြီးတော့ Lဆိုင်းဇီနဲ့တောက်လျှောက်မိတ်ကပ်လိုက်ပြင်ဖြစ်တယ်။ နောက်ပိုင်းကျတော့ မလုပ်ဖြစ်တော့ပြန်ဘူး။ ထဲထဲဝင်ဝင် ပြန်ပြီးတော့ မိတ်ကပ်ကိုလုပ်ဖြစ်တာက နှစ်နှစ်လောက်ပဲရှိသေးတယ်၊ လုပ်ခဲ့တာတော့ ကြာပြီပေါ့။

Q. ဆံပင်ညှပ်ဆိုင်က ဖြုတ်ပစ်လိုက်တာလား။

A. ဟုတ်တယ်။ တစ်လိုင်းထဲ သွားတာပိုကောင်းတယ်ထင်လို့၊ ဘာလို့လည်းဆိုတော့ ဆံပင်ညှပ်တာအောင်မြင်တယ် ဆိုသော်ငြားလည်း ၀ါသနာပါတာက Fashion Designer လေ။ နောက် Make-Up Artist အကုန်လုပ်ဖို့အတွက်ကျတော့ အဆင်မပြေဘူး။ လူအင်အားလည်း အများကြီးမသုံးနိုင်တော့ ဒီဇိုင်နာလည်းမလုပ်တော့ဘဲ မိတ်ကပ်လောကထဲကိုပဲ ၀င်ဖို့ဆုံးဖြတ်လိုက်ပြီး မိတ်ကပ်တစ်ခုတည်းကိုပဲ စွဲစွှဲမြဲမြဲ လုပ်ခဲ့တာပေါ့။

Q. ဒီဇိုင်နာအလုပ်ကို မလုပ်တော့ပေမယ့် မထက်ချုပ်ပေးတဲ့ ၀တ်စုံနဲ့ ပြိုင်ပွဲဝင်တဲ့ သူမျိုးရောရှိလား။

A. ပုံမှန်အားဖြင့်တော့ မချုပ်ပေးဘူး။ တစ်ခါတစ်လေ သူငယ်ချင်းတစ်ယောက်က Miss Christmas ပြိုင်တော့ ချုပ်ပေးပါဆိုလို့ ချုပ်ပေးဖြစ်တယ်။ နောက်ဝင့်ယမုံလှိုင် Miss Now How ပြိုင်တုန်းက ချုပ်ပေးဖြစ်တယ်။ နောက် Miss Lily ရတော့လည်း အဲဒီပွဲမှာလည်း ချုပ်ပေးဖြစ်တယ်။

Q. မထက်ကို ပိုပြီး လူသိသွားစေတာက

A. ပြင်တာကတော့ အားလုံးကိုပြင်တယ် ၀င့်ယမုံလှိုင်နဲ့တော့ လူပိုသိတယ်ထင်တယ်

Q. မထက်ပြင်တဲ့အခါ လူတွေရုပ်ပြောင်းရတဲ့ အကြောင်းရင်းက။

A. မထက်ပြင်ရင်ရုပ်ပြောင်းတယ်ဆိုတော့ ဘယ်လိုထူးခြားလဲတော့ မထက်မသိဘူး။ မထက်ပြင်ရင် သူများနဲ့တော့ ပြောင်းပြန် ဖြစ်နေတတ်တယ်။ သူများတွေနဲ့တော့ ကွဲလွဲတာတွေရှိတယ်။ ကိုယ်လည်း ကိုယ်ထင်တာ ကိုယ်လုပ်ဆိုတော့လေ၊ ပြီးတော့ မထက်က ဆရာသင်ထားတဲ့အတိုင်း ဘယ်တော့မှမသွားဘူး။ ကိုယ်စိတ်ကူးတယ်။ ကိုယ်ဖန်တီးကြည့်တဲ့အပေါ်မှာ လုပ်ကြည့်တယ်။

Q. မိတ်ကပ်ပြင်တဲ့အခါမှာ အရောင်ကာလာအနေနဲ့ ဘယ်လိုရွေးချယ်ဖြစ်လဲ။

A. အရင်တုန်းကတော့ ပန်းရောင်တွေ။ စိမ်းပြာတွေကြိုက်တယ်။ အခုနောက်ပိုင်းကျတော့ ခဲရောင်တို့။ မီးခိုးတို့။ အသားရောင်တို့။ ညိုညိုမှိုင်းမှိုင်းတို့နဲ့ အမဲတွေတော့ ကြိုက်နေတယ်။

Q. မထက်ပြင်ပေးတဲ့ သူတွေက။

A. Model တွေတော့များတယ်။ မင်းသမီးရှားတယ်။ ကြုံရင်ကြုံသလိုပြင်တာပါပဲ။ ယမုံကတော့ပင်တိုင်။ အမရာငြိမ်း ပြင်ဖြစ်တယ်။ နီနီခင်ဇော်ပြင်ဖြစ်တယ်။ ထက်ထက် ပြင်ဖြစ်တယ်။ မေသွန်းခလည်း ပြင်ဖြစ်တယ်။

Q. အောင်ရဲလင်းကိုလည်း ဆံပင်ပြင်ပေးတာတွေ့ရတယ်နော်။

A. အောင်ရဲလင်းက သူ့ကားတွေမှာ ဆံပင်ပုံစံချိန်းချင်တယ်ဆိုတော့ လုပ်ပေးဖြစ်တာပါ၊ အရင်က တခြားတစ်ယောက်နဲ့ လုပ်တာအဆင်မပြေဘူး၊ သူများတွေက မထက်လုပ်တာလို့ထင်ကြတယ်။ အခုနောက်ပိုင်း ထွက်တဲ့ ကားတွေက မထက်လုပ်ထားတာ။ လွန်ခဲ့တဲ့နှစ်က ရိုက်ခဲ့တဲ့ ကားတွေဆိုရင် အခုမှထွက်တယ်၊ အဲဒါက မထက်လုပ်တာမဟုတ်ပါဘူး။

Q. ၂၀၁၄မှာ ဘယ်လို မိတ်ကပ်ဒီဇိုင်းတွေနဲ့ ဘယ်လို ဆံပင်ဒီဇိုင်းတွေ ခေတ်စားမယ်လို့ ထင်လဲ။

A. အရောင်တောက်တောက်တွေနဲ့ ပြင်တဲ့ပုံတွေ ခေတ်စားမယ်လို့ အစ်မထင်တယ်။ ပိုပြီးတော့ Sexy ဖြစ်တဲ့ ဘက်ကိုသွားတာမျိုးတွေ ခေတ်စားမယ်လို့ထင်တယ်။ အစ်မပြင်ရင် အမဲရောင်။ အသားရောင်။ မီးခိုးတွေသုံးဖြစ်နေတယ်၊ ဆံပင်ကတော့ အထောင်တွေ။ သပ်သပ်ရပ်ရပ်ပုံတွေ ခေတ်စားမယ်ထင်တယ်။

Q. ၂၀၁၃မှာ မထက်ရဲ့ အောင်မြင်မှုတွေအပေါ် သုံးသပ်ချက်က။

A. အဲလိုတော့မထင်ပါဘူး။ ပြောတော့ပြောကြတာပဲ၊။ကိုယ့်ကိုကိုယ်တော့ လုံးဝမခံစားမိသေးဘူး။ အခုလက်ရှိမှာ အောင်မြင်တယ်ဆိုတာထက် ရောက်နေတဲ့နေရာလေးကိုတော့ ကျေနပ်တယ်။

Q. မိတ်ကပ်ပညာနဲ့ ပတ်သတ်ပြီးလေ့လာဖြစ်ခဲ့တာက။

A. MTV တွေကြည့်တယ်။ ပုံတွေအမြဲတမ်း ကြည့်ဖြစ်တယ်၊ မကြည့်ရင်တောင်မှ စိတ်ကူးဖြစ်တယ်။မိတ်ကပ်ပညာရှင်တွေရဲ့ ကောင်းတဲ့အချက်တွေ လိုက်ပြီး အတုယူလေ့ရှိတယ်။ လိုက်ဝေဖန်တာထက်စာရင် ကောင်းတဲ့အချက် တစ်ချက်ချင်းစီကို လူမှုရေးရော၊ ပညာရေးရော၊ အကုန်လုံးလိုက်ကြည့်ဖြစ်တယ်။

Q. လေးစားအားကျရတဲ့ မိတ်ကပ်ပညာရှင်တွေက

A. ဗမာဝတ်စုံတွေ ခြယ်ရင် မိတ်ကပ် ဦးမာကိုသဘောကျတယ်။ နောက် မကြီးစန်းကို ကြိုက်တယ်။ မာမီအောင်ကိုကြိုက်တယ်။ ဒါတစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ပညာရှင်တွေပေါ့။ နောက်ပိုင်း ကိုညီညီမောင်မိတ်ကပ်တွေ ကြိုက်တယ်။ နောက် ထိုင်မသိမ်းတွေဆိုရင် မကြီးစန်းကို သိပ်သဘောကျတယ်။ မေဦးကိုသဘောကျတယ်။နောက်ကလေးတန်းတွေမှာလည်း တော်တော်ကောင်းတဲ့သူတွေရှိတယ်။ သူတို့တွေကိုသဘောကျတယ်။

Q. မထက်ပြင်ရင်အားနည်းချက်။ အားသာချက်ဘာရှိလဲ

A. မထက်က တစ်ခုဆိုတစ်ခု စွဲစွဲမြဲမြဲလုပ်တတ်တော့ မနှစ်ကဆို ကိုရီးယားပုံတွေ။ ဘာဘီဒေါလ်ပုံတွေနဲ့ နာမည်ရတယ်။ ဒါပေမဲ့ ကိုရီးယားနဲ့ Barbie တွေဖြစ်နေတဲ့အတွက် အများစုက မထက်ပြင်ရင် ဒီပုံပဲဆိုတာပြန်ကြားရတဲ့အခါမျိုးမှာ ပြန်ပြင်ဖြစ်တယ်၊ သူများဝေဖန်တာကိုကြိုက်တယ်၊ လှတယ်ပြောပြော။ မလှဘူးပြောပြော ကြိုက်သလိုဝေဖန်။ ဒါလူတွေရဲ့ စိတ်ခံစားမှုပဲ၊ ဝေဖန်ကြတဲ့အတွက် ပြန်ပြင်ထားတယ်။ အခုဆို မတူညီတဲ့ပုံစံတွေ ပြန်ပြင်ပေးထားတယ်။ ဒါပေမဲ့ အများစုက ဒါကိုပဲကြိုက်လို့ လာပြင်ကြတာဖြစ်တဲ့အတွက် ဒီပုံတွေပဲဖြစ်နေတာပါ။

Q. မိတ်ကပ်လောကကို အခြေချဖြစ်တဲ့ အကြောင်းလေးက။

A. မထက်တကယ်ဖြစ်ချင်တာက Fashion Designer၊ ပြီးတော့မှ Make-Up Artist ပေါ့။ ပထမတစ်ခုဖြစ်မလာတဲ့အတွက် ဒုတိယအနေနဲ့ မိတ်ကပ်ကိုကူးလိုက်တာပေါ့။ အခုဒီဘက်မှာ အဆင်ပြေတယ်လို့ ဆိုလို့ရတဲ့ အနေအထားတစ်ခုတော့ရောက်နေပြီလို့ ပြောလို့ရတယ်။

Q. မထက်ရဲ့ မိသားစုအကြောင်းလေးကိုလည်း ပြောပြပေးပါဦး။

A. အဖေရယ်၊ အမေရယ်၊ အငယ်ကောင်ရယ်၊ အဖေကတော့ သင်္ဘောလိုက်တယ်။ အငယ်ကောင်ကတော့ နိုင်ငံခြားမှာ ကျောင်းတက်နေတယ်။၊ သူကတော့ အင်္ဂလန်မှာ၊ အိမ်မှာကတော့ အမေရယ်၊ မထက်ရယ်ပဲပေါ့။

Q. မထက်ရဲ့ မိသားစုကရော ဘယ်လိုမျိုး ကူညီထောက်ပံ့ပေးလဲ။

A. လုံးဝကို အားမပေးတာပါ။ အမေဆို ဒီဟာကို အရမ်းကို ခါးခါးသီးသီးပဲ။ အဖေကတော့ ဘ၀မှာ ကိုယ်ရွေးချယ်တဲ့ လမ်းကြောင်းကို ကိုယ်လျောက်ရမယ်ပေါ့။ တားမရတဲ့အဆုံးမှာတော့ ဘာမှမပြောတော့ဘူး၊ ထောက်ပံ့ပေးတယ်။ လိုက်ပံ့ပိုးပေးတယ်။ အဖေဖြစ်စေချင်တာက အင်ဂျင်နီယာပေါ့။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ လိုက်ပံ့ပိုးပေးပါတယ်။ အခုနောက်ပိုင်းကျတော့ ဒီအလုပ်လုပ်တာကို ဘာမှမပြောတော့ဘူး။ အခုလုပ်တာကို အဖေရော၊ အမေရော ထောက်ခံပေးတဲ့ အနေအထားကို ရောက်နေပါပြီ။

Q. ရရှိလာတဲ့ ဘ၀အတွေ့အကြုံတွေက။

A. အရင်တုန်းက အဲဒီလောက် ပင်ပန်းလိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး။ ဆံပင်ညှပ်တုန်းက သိပ်မသိသာဘူး။ အနုပညာလောက ထဲရောက်လာတဲ့အခါမှာ တော်တော်ကြီးကို ပင်ပန်းတယ်။ နောက်ကိုပြန်ပြီး လှည့်ပစ်လိုက်ချင်တယ်။ ကိုယ့်ရဲ့ပုံစံတွေအားလုံးကို ပြောင်းလဲလိုက်ရတယ်။ မလုပ်ချင်ဘူး။ အဲဒီအနေအထားတစ်ခုက အရမ်းကို ပင်ပန်းပါတယ်။ ဒီလိုပုံစံကြီးနဲ့ လူတွေကို လိုက်ရယ်ပြရတာ အရမ်းပင်ပန်းတယ်။ မထက်ရဲ့ ပင်ကိုယ်ဗီဇက လူကြောက်တတ်တယ်။ လူတွေနဲ့ ရောရာနှောနှော မနေတတ်ဘူး။ အခု ဒီလောကထဲကို ၀င်လာတဲ့အချိန်မှာ အများစုကို ပြုံးပြရတယ်။ နှုတ်ဆက်ရတယ်။ နဂိုကတည်းက ပေါင်းသင်းဆက်ဆံရေး ညံ့တာကို အတင်းလုပ်ယူပြီး ဖန်တီးရတယ်။ အပြိုင်အဆိုင်တွေ၊ အတိုက်အခိုက်တွေ၊ အတင်းပြောတာတွေ အားလုံးကိုမေ့ပြီး နိစ္စဓူဝ ကြိုးစားပြီး ရုန်းကန်ခဲ့ရတယ်။ အဲဒါတွေကို ရှိမယ်လို့ မထင်ထားဘူး။ ရှိလာတဲ့အခါ ပင်ပန်းပါလားဆိုတာ သိလာရတယ်။ ဒါကလဲ ဒီလောကမှမဟုတ်ဘူး၊ လောကတိုင်းမှာရှိနေတယ်။ အလုပ်တိုင်းမှာ ရှိနေတယ်ဆိုတာ သိလာရတယ်။ သိပ်တော်တဲ့ မိတ်ကပ်ဆရာတွေဆီက လေ့လာရတယ်။

Q. နာမည်တစ်လုံးရဲ့ အောင်မြင်မှုအပေါ် မထက်ရဲ့ ခံစားချက်က။

A. အောင်မြင်မှုဆိုတာအမြဲတမ်းတော့ ရှိမှာမဟုတ်ဘူး၊ အဲဒါကို အမြဲတမ်းကြိုတွေးထားတယ်။အမှန်အတိုင်းပြောရရင် ဖန်တီးမှုကို အရမ်းသဘောကျတယ်။ အဲဒီအတွက် ကားရိုက်တာတွေမှာ ပြင်တာထက် စာအုပ်တွေထဲမှာ ပြင်တာများတယ်။ စာအုပ်တွေက လူသိမြန်တဲ့အတွက် အောင်မြင်တာလို့ပဲ မထက်ထင်ပါတယ်။ အောင်မြင်တယ်ဆိုပေမဲ့ ကျရုံးခြင်းအတွက်လည်း မထက်ကြိုတွေးထားတယ်။

Q. မထက်အနေနဲ့ မျက်နှာပြင်တစ်ခုလုံးမှာ အကြိုက်ဆုံးအစိတ်အပိုင်းက။

A. မျက်နှာကို ပါးရိုးတွေချရတာကြိုက်တယ်။

Q. ရှေ့ဆက်ပြီး ထူးထူးခြားခြားလုပ်ဖို့ရှိတာက။

A. ထူးထူးခြားခြားရယ်လို့ မရှိပါဘူး။ အတတ်နိုင်ဆုံးတော့ ကြိုးစားနေတယ်။သူများကိုလည်း လေ့လာတယ်၊ ကိုယ့်ကိုကိုယ်လည်း လေ့လာတယ်၊ အကောင်းဆုံးကြိက်နိုင်တဲ့ဟာကို မူတည်ပြီးတော့ ဆက်လုပ်သွားမယ်။

Q. သင်တန်းသူတွေရော လက်ခံလား။

A. လက်ခံပါတယ်။ အများဆုံးသင်ဖြစ်တာကတော့ ကိုယ့်ကိုကိုယ် လိမ်းတဲ့သူတွေပေါ့။ စီးပွားရေးလုပ်ငန်းရှင်တွေ၊ တချို့ ကျောင်းသူတွေ၊ အဲဒီလိုပုံစံတွေကျတော့ ၁၀ရက် သင်တန်းပေါ့၊ ဘာမှမတတ်တဲ့ လူတွေကိုကျတော့ သင်တန်းကာလ လေးလသတ်မှတ်ပြီးတော့ အတတ်သင်ပေးတယ်။ သင်တန်းတောက်လျောက် ကိုယ်တွေ သွားတဲ့ဆီကို ခေါ်သွားတယ်။ မတတ်မချင်းလည်းသင်တယ်။ အဓိကကတော့ ယူရင်ယူနိုင်သလောက် အကုန်ရအောင် သင်ပေးတယ်။ ၁၀ရက် သင်တန်းက တစ်သိန်းခွဲ။ လေးလကျတော့ လေးသိန်းသတ်မှတ်ထားပါတယ်။

Q. ခင်ဝင့်ဝါကို သင်ပေးတာနဲ့ ပတ်သတ်ပြီးတော့လည်း ပြောပြပေးပါဦး။

A. ဟုတ်တယ်။ သူတို့အေဂျင်စီက ဖုန်းဆက်လာတယ်။ ဓာတ်ပုံရိုက်တဲ့သူကလည်း ကိုအောင်ဇော်ဆိုတော့ ကိုယ့်သူငယ်ချင်းလည်းဖြစ်နေတာနဲ့ သွားပြီးသင်ပေးဖြစ်ခဲ့တယ်။ ကလေးကို မေးကြည့်တော့ မိတ်ကပ်ဆရာအားကိုးတဲ့ နိုင်ငံဖြစ်တဲ့အတွက် မလိမ်းတတ်ဘူးပေါ့။ အဲဒါနဲ့ သူ့ကို မိတ်ကပ်ထရိန်နင်တစ်လ ပေးခဲ့တယ်။ နိုင်ငံခြားသွားတဲ့အခါ အဆင်ပြေလားဆိုတော့ ပြေတယ်ဆိုတာ သိလိုက်ရတယ်။ ဟိုမှာက ကိုယ့်ဟာကိုယ် အကုန်လုပ်ရတဲ့အတွက် သင်ထားမှအဆင်ပြေတယ်ပေါ့။အခုထားထက်ထက်ကိုလည်း သင်ပေးရမယ်။

Q. ခင်ဝင့်ဝါ ကဆုတွေတစ်ပွေ့တစ်ပိုက်နဲ့ ပြန်လာတဲ့အပေါ်။

A. ပျော်ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင်အနေနဲ့ ဆုတွေရလာတာကို ၀မ်းသာပါတယ်။ တတ်နိုင်သမျှတော့ ပံ့ပိုးပေးပါတယ်။

Q. မထက်ရဲ့ ပရိသတ်ကြီးကိုရော ဘာများပြောချင်သေးလဲ။ 

A. မထက်ကိုချစ်ပြီး အားပေးနေကြတဲ့ ပရိသတ်တွေ အစားအသောက်ကိုလျှော့ပြီး ကိုယ့်ကိုကိုယ် ထိန်းထိန်းသိမ်းသိမ်းနဲ့ လှလှပပနေထိုင်နိုင်ကြပါစေ။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.