ကိုယ့်ရဲ့ဘ၀ကို မောင်းနှင်နေတာ အနုပညာနဲ့ရူးသွပ်မှုလို့ ဆိုလိုက်တဲ့ ဖြူဖြူကျော်သိန်း

IMG_1597.JPG

ဖြူဖြူကျော်သိန်းလို့ ဆိုလိုက်တာနဲ့ သူများနဲ့မတူတဲ့ ဖက်ရှင်၊ ဆိုပုံဆိုပေါက်တွေနဲ့ မိန်းကလေး တစ်ယောက်ကို ပြေးမြင်ပြီးသားဖြစ်ပါလိမ့်မယ်။ အသည်းကွဲသီချင်းတွေနဲ့ ပရိသတ်အားပေးမှုကို လက်ခံရရှိထားသလို သူမရဲ့ တတိယမြောက်အယ်လ်ဘမ်ဖြစ်တဲ့ 'မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်' ဆိုတာကလည်း အရင်အခွေတွေနဲ့ကွဲပြားတဲ့ ရသတစ်မျိုးကို ဆောင်ကြဉ်းပေးနိုင်ခဲ့တာကြောင့် စီဒီခွေထွက်ကတည်းက တော်တော်လေး ရောင်းခဲ့ရတာပါ။ ဒီအခွေနဲ့ပတ်သက်လို့ မကြာသေးခင်က ဒီဗီဒီ၊ ကာရာအိုကေ ထွက်ထားပြီးတာကြောင့် သူမနဲ့တွေ့ဆုံတုန်းလေး ခုလိုမေးမြန်းဖြစ်တဲ့အခါ

Q. ဖြူဖြူရဲ့ 'မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်' အခွေလေးကို ပြင်ဆင်ချိန်က ဘယ်လောက်ကြာလိုက်လဲ။ 

A. Audio ထွက်ပြီး တစ်နှစ်နဲ့ တစ်လပဲ ကြာလိုက်တယ်။ ဒီအခွေထဲမှာ ဖြူဖြူဖြစ်ချင်တဲ့ ဆန္ဒ၊ ဖြူဖြူ့ပရိသတ်ကို ပေးချင်တဲ့ အရာတွေအားလုံးပါတယ်။ ဖြူဖြူအကုန်အကျကို မတွက်ဘဲ ဖြူဖြူရဲ့ ရူးသွပ်မှု တစ်ခုကြောင့်သာ ဒီအခွေလေးကို လုပ်ဖြစ်တာ။

Q. မဖြူ အခွေအတွက်စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောသွားတာတွေက ထူးထူးခြားခြားတွေချည်းပဲနော်။ 

A. ထူးထူးခြားခြားတွေချည်း တမင်ရွေးပြောသွားတာတော့မဟုတ်ပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ဟာလေးတွေချည်းပဲ ပေါ့နော်။ ဒါပေမဲ့ ညီမတို့ စိတ်ထဲမှာ ဒါလေးက ထူးခြားမှုတွေအများကြီးရှိတယ်လို့ ခံစားရတယ်ဆိုရင် အစ်မအများကြီးပီတိဖြစ်ပါတယ်။ ၀မ်းသာပါတယ်။ အခွေမှာပါတဲ့ သီချင်း(၁၁)ပုဒ်လုံးမှာ ပါဝင်ကူညီပေးကြတဲ့ အနုပညာညီအစ်ကို မောင်နှမအားလုံးကိုလလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ 

Q. ရုပ်သံလှိုင်းတွေကို ၂၀၁၄ တစ်လပိုင်းမှ စဖြန့်ခိုင်းတာက။

A. ဖြူဖြူအခွေလေးကို ဒီကြားထဲမှာရောင်းချင်သေးတယ်။ အခက်အခဲမရှိဘူးလို့ထင်ပါတယ်။ ခိုးကူးကလဲ သူ့ဟာနဲ့သူရှိနေတဲ့ အတွက်လေ။ ၂၀၁၄ တစ်လပိုင်းကနေစပြီး ရုပ်သံလှိုင်း တစ်ခုချင်းစီက သူ့ဟာနဲ့သူ ပြသခွင့်ရှိပါတယ်။ ဈေးလည်း အပြောင်းအလဲမရှိပါဘူး။ မြန်မာနိုင်ငံဂီတအစည်းအရုံးက သတ်မှတ်ထားတဲ့ အတိုင်းပါပဲ။ ဒီကြားထဲမှာ အသုံးပြုချင်တယ်ဆိုရင် အခုဝေထားတဲ့ Simple ခွေထဲက ဟာကို လိုအပ်သလိုဖြတ်ပြီး အသုံးပြုနိုင်ပါတယ်။ ဒီအတောအတွင်းမှာလဲ တရားဝင်အခွေလေးကို ရောင်းလိုက်ချင်သေးတယ်။တရားဝင်အခွေကိုလည်း အရင်းကျေအောင်ရောင်းခွင့်ပေးမှာမဟုတ်ဘူးဆိုတာ ဖြူဖြူသိပါတယ်။ 

Q. Audio မှာကတည်းက အရမ်းပေါက်ခဲ့တာဆိုတော့ MTV လေးကိုရော ဘယ်လောက်ထိ မျှော်လင့်ထားလဲ။

A. ပရိသတ်က အရမ်းမျှော်နေခဲ့တယ်၊ အကြာကြီးစောင့်နေရတယ် ဆိုနေကတည်းက အစ်မ ကျေနပ်ပြီးသားပါ။စီးပွားရေး အမြတ်အစွန်းအတွက်မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ရူးသွပ်မှု၊ ပြီးတော့ ကမ္ဘာမှာဆိုရင် တစ်ခွေလုံးကို VCD ရိုက်တယ်ဆိုတာမရှိတော့ဘူး။ ပိုက်ဆံလည်းအရမ်းကုန်မယ့် ကိစ္စ၊ ပြီးတော့ အခုခေတ်ကြီးကလဲ အင်တာနက်ခေတ်ဖြစ်နေတော့ ဘယ်သူမှက ဒီအချပ်တွေကို အားကိုးမနေကြတော့ဘူး။ အင်တာနက်မှာ ကြိုက်သလောက် Free Download လုပ်လို့ရတယ်။ နိုင်ငံခြားမှာက တစ်ပုဒ်ကောင်း၊ နှစ်ပုဒ်ကောင်းကို အပျံစားချဲ့ ပြီးရိုက်ကြတာ။ဒီမှာကြတော့ ကိုယ်နိုင်ငံရဲ့ အစဉ်အလာလေးအရ ပရိသတ်လူထုလူတန်းစား အားလုံးက (၁၀)ပုဒ်ဆို အကုန်လုံး အရုပ်ကလေးမြင်ချင်ကြတယ်။ အဲဒီအတွက်ကလေးကိုပဲ ကိုယ်က ပရိသတ်ကို အလိုလိုက်ပြီးလုပ်တဲ့ သဘောပါ။ ဖြူဖြူကျော်သိန်းက Brand Name ဖြစ်နေပြီဆိုတာ ပရိတ်သတ်လဲသိမှာပါ။ မလုပ်နိုင်တော့တဲ့နေ့ကျရင် ဖြူဖြူမလုပ်တော့ဘူး။ လုံးဝရပ်လိုက်မယ်။ ကွာလတီကိုပဲထိန်းပြီး ဖြူဖြူ အကောင်းဆုံးလုပ်သွားမယ်။ လုပ်နိုင်သလောက်ကို ကိုယ့်ရဲ့ Brand Name ကို အထိခိုက်မခံဘဲလုပ်သွားမယ်။ တခြား ငွေရေး၊ ကြေးရေး၊ အရှုံးအမြတ်တွေကိုမကြည့်ဘဲနဲ့ လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဖြူဖြူအခွေထဲမှာ သီချင်းတစ်ပုဒ်ပါတယ်။ ကိုကျားပေါက်ရေးပေးထားတာ 'အရှုံးထက်ပိုသော'တဲ့။ အဲဒါအခွေထုတ်တာကိုပြောတာ။ 

Q. ဖြူဖြူကိုဆို ပရိသတ်တွေက အသည်းကွဲသီချင်းတွေနဲ့ ဆန်းပြားတဲ့ Fashion တွေကိုတွဲပြီး မြင်ကြတဲ့အပေါ် ခံစားချက်လေးက။

A. နာမည်ကိုက ဖြူဖြူကျော်သိန်းရဲ့ ' မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်' ဆိုမှတော့ အသည်းကွဲသီချင်းတွေပဲ များတော့တာပေါ့ ညီမရယ်။ ဒါပေမဲ့ အသည်းကွဲသီချင်းတွေကိုလည်း အားပေးတယ်။ Fashion တွေကိုလည်း တစ်ခုပ်တစ်ရနဲ့ အားပေးတဲ့ ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။ သူတို့တွေက Audio ကတည်းက ဒီလောက်ထိအားပေးခဲ့ကြလို့လဲ ဒီကာရာအိုကေအခွေကိုပါ စိတ်နှစ်ပြီးအကောင်းဆုံး လုပ်နိုင်ခဲ့တာပါ။ 

Q. ဖြူဖြူ ဘ၀ကို မောင်းနှင်နေတာက ဘာများဖြစ်မလဲ။ 

A. ကိုယ့်ရဲ့ ယုံကြည်မှု၊ ကိုယ့်ရဲ့ရူးသွပ်မှုနဲ့ ပဲသွားနေတာ။အဲဒါတွေကပဲ ဖြူဖြူဘ၀ကို မောင်းနှင်သွားတာ။ ဖြူဖြူဘ၀ကို မောင်းနှင်သွားတာ ပိုက်ဆံမဟုတ်ဘူး။ ဖြူဖြူရင်ထဲမှာရှိနေတဲ့ အနုပညာနဲ့ ရူးသွပ်မှု။ 

Q. ဖြူဖြူရဲ့ သီချင်းကိုနားထောင်ကြတဲ့ အသည်းကွဲ မိန်းကလေးတွေက စိတ်ဓာတ်ခွန်အားတွေ ပြည့်လာသလို ခံစားရတယ်လို့ ပြောကြတဲ့ စကားအပေါ်။

A. ဖြူဖြူအရမ်းပီတိဖြစ်ပါတယ်။ အဲဒီစကားကို အဲဒီလိုပုံစံနဲ့ ပြန်ကြားလာရလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားမိဖူးဘူး။ ဒါပေမဲ့ အဲဒီလိုပုံစံလေးနဲ့ ပြန်ကြားရတော့ ဖြူဖြူ့ရင်ထဲမှာ နင့်နင့်နဲနဲ ကိုခံစားရပါတယ်။ အရမ်းလဲကျေးဇူးတင်ပါတယ်။ အဲဒီသီချင်းတစ်ပုဒ်ဆီတိုင်းကိုလည်း ဖြူဖြူနင့်နင့်နဲနဲ ဆိုထားတာမို့လို့ တကယ်ခံစားပြီးတော့ ရင်ထဲကနေဆိုထားတာမို့လို့ အဲဒီဟာကိုမြင်ပြီး အသိအမှတ်ပြုတယ်လို့ ခံစားရပါတယ်။

Q. တစ်ခွေလုံးကို ထူးထူးခြားခြားရိုက်ထားတာတွေ့ရတယ်။ ဘယ်လို Idea နဲ့ များလဲ။

A. တစ်ခွေလုံးကိုတော့ ဒါရိုက်တာကိုသုံးပေါင်ရိုက်ထားတာပါ။ သူ့ရဲ့ Camera Work တွေ၊ ဖြူဖြူ့ရဲ့ ခံစားမှု၊ အယူအဆ၊ Fashion၊ဖြူဖြူပေးချင်တဲ့ Message ကို သူ့ရဲ့ Camera Work နဲ့ သူကနေ လှလှပပတင်ဆက်သွားတာပေါ့။ ဘယ်နေရာမှာဘာဖြစ်တယ်ဆိုတာကို ပရိသတ်က ဖမ်းလိုက်မိဖို့အတွက် ကိုယ်က ကိုယ့်ခံစားချက်နဲ့ ဆိုတာကို အမိအရရိုက်နိုင်တာ သူ့ပညာပဲလို့ဆိုရမှာပေါ့။ 

Q. ဖြူဖြူ့ရဲ့ ပရိတ်သတ်ကြီးကိုပြောချင်သေးတာက။

A. ကျေးဇူးအများ အများကြီးတင်ပါတယ်လို့……။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.