ယခုနှစ်ဘောလုံးရာသီ အစပိုင်းတွင် လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ယူမှာ ရလဒ်များမကောင်းဖြစ်နေခဲ့ကာ အမှတ်ပေးဇယား အောက်ပိုင်းတွင်သာ ရပ်တည်နေရခြင်းကြောင့် ပရိသတ်များဘက်မှ ဝေဖန်မှုများစွာ ရှိလာခဲ့သည်။ သို့သော်လည်း ယခုနောက်ပိုင်းတွင် နိုင်ပွဲပြန်ရလာခဲ့သလို အသင်းခြေစွမ်းမှာလည်း အနည်းငယ် ပြန်လည် တည်ငြိမ်လာခဲ့ပြီဖြစ်ရာ အကောင်းမြင်မှုများကို မိုရက်စ်စတင်လက်ခံရရှိလာခဲ့ပြီဖြစ်သည်။ ယင်းသို့ အကောင်းမြင်လာခဲ့ကြသူများထဲတွင် မန်ယူနာမည်ကျော် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဒေးဗစ်ဘက်ဟမ်းကလည်း ပါဝင်လာခဲ့ရာ မိုရက်စ်အတွက် အားတက်စရာပင်ဖြစ်သည်။ “ မိုရက်စ်နဲ့အတူ ကျွန်တော် ပရက်စတန်အသင်းမှာ အငှား သွားကစားခဲ့တုန်းက အလုပ်အတူ လုပ်ခဲ့ဖူးပါတယ်။ သူ့ကို အဲဗာတန်အသင်းမှာလည်း တိုးတက်လာနေခဲ့တာကို မြင်ခဲ့ရတယ်။ သူ့လို ထူးချွန်တဲ့ နည်းပြမျိုးကို မန်ယူမှာ နည်းပြရာထူး ရသွားခဲ့ခြင်းအပေါ် အရမ်းပဲ ကျေနပ်မိပါတယ်။ မန်ယူပရိသတ်များ သူ့နောက်မှာ ရှိနေတဲ့အတွက် သူ့အတွက် ကောင်းပါတယ်။ ဖာဂူဆန်ရဲ့နေရာကို ဘယ်သူပဲ ၀င်လာပါစေ၊စပ်ကူးမတ်ကူး ကြားကာလမှာတော့ အခက်အခဲဖြစ်ကြမှာပဲ။ ဒါပေမယ့် အဆုံးသတ်ကျရင်တော့ ကစားသမားတစ်ဦး ထွက်သွားခဲ့သလို တဖြည်းဖြည်း အထိုင်ကျသွားတာ ချည်းပဲ။ မန်ချက်စတာ ယူနိုက်တက်ဆိုတာ မန်ချက်စတာ ယူနိုက်တက်အဖြစ်ပဲ ဆက်ရှိနေဦးမှာပါ” ဟု ဘက်ဟမ်းကပြောခဲ့သည်။ ထိုသို့ပြောခဲ့သော ဘက်ဟမ်းမှာ မကြာခင်လပိုင်းအတွင်း အမေရိကန်နိုင်ငံ၊ မီယာမီမြို့အခြေစိုက် ဘောလုံးအသင်းသစ် တစ်သင်းကို တည်ထောင်ပြီး မေဂျာလိဂ် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။
ဒေးဗစ်မိုရက်စ် အပေါ် ထောက်ခံစကား ပြောပေးလိုက်သည့် ဒေးဗစ်ဘက်ဟမ်း

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။