တကယ်လို့များ ဒီနှစ်မွေးနေ့ပွဲ (သို့)မဟုတ် နာမည်ကြီးပါတီပွဲတစ်ခုမှာ ထူးဆန်းတာလေး တစ်ခုခု လုပ်ကြည့်ချင်နေလား။ ဒီအတွက်တော့ မကြာသေးခင်ကမှ အဆန်းအသစ်လေးတစ်ခု ရှာတွေ့ထားတာလေး ပြောပြချင်တယ်။
မိတ်ကပ်ပညာရှင် Lauren Cosenzaရဲ့ ရေသူမအသွင် ရင်အေးဖွယ် အရောင်အသွေး စပ်ဟပ်ခြယ်သနည်းပဲဖြစ်ပါတယ်။
(၁) ပထမဆုံးအနေနဲ့ ဖောင်ဒေးရှင်း လိမ်းအပြီးနောက်မှာ အိုင်းလိုင်နာအောက်ခံအနေနဲ့ ရွှေအိုရောင်ကို သုံးပါမယ်။ ငွေရောင်တလက်လက် တောက်ပနေတဲ့ ရွှေအိုရောင် ဖြစ်ဖို့လိုပါတယ်။ ဘရက်ရှ်ကိုလဲ အပြားအသေးဆုံးကို ရွေးချယ်ပါ။ မျက်လုံးအတွင်း ထောင့်ပိုင်းကနေ မျက်ခုံးရိုးအောက်ဘက်အထိရောက်အောင် ဆွဲပါ။
(၂) အရောင်သုံးရောင် ချယ်သရမယ့်အနက် ပထမဆုံးအနေနဲ့ Emerald Green ကို ရွေးချယ်ပါမယ်။ ဘရက်ရှ်အ၀ိုင်း ဆိုဒ် ၂၃လောက်နဲ့ ချယ်သရပါမယ်။ ဒီဘရက်ရှ်က ကာလာကို တစ်လွှာချင်းဖြစ်အောင် ခြယ်သနိုင်ဖို့အတွက် အထောက်အကူ ပေးပါလိမ့်မယ်။ မျက်လုံးအတွင်းဘက်ကနေ အလယ်ပိုင်းအထိ တစ်ဝက်သာဆွဲပါမယ်။ မျက်ရစ်နဲ့ သိပ်မကွာတဲ့ အမြင့်လောက်အထိသာ ချယ်ပါမယ်။
(၃) နောက်အစိမ်းတစ်မျိုးကတော့ “ဘဲခေါင်းစိမ်းရောင်” ပါပဲ။ ဘရက်ရှ်နဲ့ များများယူလိုက်ပြီး ခပ်ကြမ်းကြမ်း လိမ်းပေးလိုက်ပါ။ မျက်လုံးရဲ့ အလယ်ပိုင်းကိုပဲ ခြယ်ရမှာဖြစ်ပြီး အတွင်းဘက်ကနေ အပြင်ဘက်ကို ဆွဲပေးပါ။
(၄) အပြင်ဘက် အစွန်းပိုင်းကိုတော့ နေဗီပြာ အရောင်ခြယ်ရမှာပါ။ ဘရက်ရှ်မှာ ပေကျံနေတဲ့ အစိမ်းရောင်တွေအားလုံး ပြောင်စင်နေအောင် တစ်ရှူးစနဲ့ ဖယ်ရှားပေးလိုက်ပါ။ ပြီးနောက်မှာတော့ နေဗီအပြာကို ကျန်နေတဲ့ မျက်ခွံအစွန်းပိုင်းမှာ လိမ်းခြယ်ပါ။
(၅) အောက်ဘက်မျက်ခမ်းကိုတော့ အလယ်မှာသုံးသွားတဲ့ ဘဲခေါင်းစိမ်းရောင် အိုင်းလိုင်နာ ခဲချောင်းနဲ့ လိုင်းခပ်သေးသေးဆိုးပေးပါ။
(၆) အပေါ်ဘက်မျက်တောင်နဲ့ ကပ်လျက် မျက်ခွံတစ်ဝက်လောက်ကို အနက်ရောင် လိုင်းခပ်သေးသေး ချယ်ပေးပါ။ ဆွဲတဲ့အခါမှာ အတွင်းဘက်တစ်ဝက်လောက်ကနေ အပြင်ဘက်ကို ဆွဲပါ။
(၇) အားလုံးပြီးတဲ့အခါ မျက်တောင်တွေကို မျက်တောင်ကော့ဆေး အနက်ရောင်သုံးပြီး လက်စသတ်လိုက်ပါ။
မျက်လုံးခြယ်သမှုအပြီးမှာတော့ ဒီမျက်ဝန်းနဲ့လိုက်ဖက်မယ့် တလက်လက်တောက်ပနေတဲ့ ညဘက်ပါတီပွဲတက်ဝတ်စုံ ငွေရောင်၊ အစိမ်းရောင်နဲ့ အပြာရောင် တစ်မျိုးမျိုးကို ရွေးချယ် ၀တ်ဆင်ကြည့်လိုက်ပါ။ သမုဒ်္ဒရာကြမ်းပြင်အောက်က ရေသူမလေးအလား ထင်မှတ်မှားသွား စေမှာ အမှန်ပါပဲ။ ရွှေအိုရောင်ဆံပင်တွေကို ဖြန့်ချထားဖို့တော့ မမေ့နဲ့နော်။
Ref:Seventeen