ဖက်ရှင်ဒီဇိုင်းအလန်းလေးတွေနဲ့ ပရိသတ်အာရုံကို ဖမ်းစားနိုင်ခဲ့တဲ့ နန်းဆုဦး

Shares 0

ခေတ်လွန်ခေတ်ဆန်တဲ့ ဖက်ရှင်အလန်းတွေကြောင့် ပရိသတ်တွေ အံ့ဩမင်သက်ခဲ့သလို ဒါရိုက်တာလူမင်းရဲ့ အကွက်ကျလှတဲ့ ဇာတ်လမ်း ဇာတ်ကွက်များ၊ မင်းသားမဟုတ်တဲ့ အဆိုတော်အောင်လရဲ့ သရုပ်ဆောင်မှုများနဲ့အတူ သူမရဲ့ ထူးခြားလှတဲ့ ဒိုင်ယာလော့ခ်တွေကြောင့် ဇာတ်ကားလေးဟာ ထင်ထားတာထက် ပိုပေါက်ခဲ့ပါတယ်။

Shares 0
IMG_9679.JPG
Shares 0

'ဘောင်' ဇာတ်ကားရဲ့ ပထမဦးဆုံးပွဲထွက်မိတ်ဆက်တဲ့ မင်းသမီးကတော့ နန်းဆုဦးပဲဖြစ်ပါတယ်။ ခေတ်လွန်ခေတ်ဆန်တဲ့ ဖက်ရှင်အလန်းတွေကြောင့် ပရိသတ်တွေ အံ့ဩမင်သက်ခဲ့သလို ဒါရိုက်တာလူမင်းရဲ့ အကွက်ကျလှတဲ့ ဇာတ်လမ်း ဇာတ်ကွက်များ၊ မင်းသားမဟုတ်တဲ့ အဆိုတော်အောင်လရဲ့ သရုပ်ဆောင်မှုများနဲ့အတူ သူမရဲ့ ထူးခြားလှတဲ့ ဒိုင်ယာလော့ခ်တွေကြောင့် ဇာတ်ကားလေးဟာ ထင်ထားတာထက် ပိုပေါက်ခဲ့ပါတယ်။ သရုပ်ဆောင်ကောင်းရုံသာမက သူမရဲ့ ဖက်ရှင်တွေဟာ ထူးခြားနေတာမို့ သူမနဲ့ဆုံတွေ့တုန်း အခိုက်အတန့်မှာ မေးဖြစ်ခဲ့တာက ဒီလိုပါ။

 

Q. အခုလတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။

A. မြ၀တီဇာတ်လမ်းတွဲ ရိုက်နေတယ်။ ကိုဘုဏ်းသိုက်နဲ့ပါ။ အပြီးသတ်ရိုက်ထားတဲ့ကားက 'အချစ်ရဲ့ တန်ခိုးများ'တဲ့။ မင်းသားက ကိုမြင့်မြတ်၊ ကိုအောင်လတို့နဲ့ပေါ့။ အဲဒီကားလေးထဲမှာ ညီမက ယောကျာ်းလေးနှစ်ယောက်ကြား ဗျာများရတဲ့ ကောင်မလေးအနေနဲ့ သရုပ်ဆောင်ထားတယ်။

 

Q. အနုပညာလောကထဲကို ၀င်ရောက်ဖြစ်တဲ့ အကြောင်းလေးကို အရင်ဆုံးပြောပြပေးပါဦး။

A. ရုပ်ရှင်နဲ့ပတ်သတ်ပြီး ညီမ(၁၀)တန်းပြီးသွားတော့ နိုင်ငံခြားသွားရမှာပေါ့နော်။ လောလောဆယ်မေမေက စိတ်မချသေးတော့ ပေးမသွားဖြစ်သေးတာနဲ့ ဒီမှာနေဖြစ်ရင်း ရိုက်ဖြစ်သွားတာပေါ့။

 

Q. အနုပညာကိုရော ငယ်ငယ်ကတည်းက ၀ါသနာပါတာလား။

A. ဟုတ်။ သီချင်းရေး၊ သီချင်းဆိုလည်း ၀ါသနာပါတယ်။ သရုပ်ဆောင်တာကတော့ အရင်တုန်းက အဲဒီလောက်ကြီး မသိသေးဘူး။ ကြီးမှနည်းနည်း နားလည်လာတာ။

 

Q. အောင်သီရိထုတ်လုပ်ရေးနဲ့ ဘယ်လိုဆက်သွယ်မိတာလဲ။

A. ပထမကားနဲ့ ဒုတိယကားက မေမေထုတ်ရိုက်တာ။ တတိယကားက အောင်သီရိကခေါ်ရိုက်တာပေါ့။ အရင်ကားတွေမှာ သဘောကျသွားပြီး ကမ်းလှမ်းတာနဲ့ ရိုက်ဖြစ်သွားတာပါ။ အန်ကယ်လေးကကျတော့ အောင်သီရိကဖြစ်တဲ့အတွက် ဖြန့်တဲ့အခါမှာ အောင်သီရိနဲ့ ဖြန့်လိုက်တာ။

 

Q. ဂီတနဲ့ပတ်သတ်ပြီး ၀ါသနာပါတယ်ဆိုတော့ အခွေထုတ်ဖို့ကော အစီအစဉ်မရှိဘူးလား။

A. ရှိပါတယ်။ ဒါပေမဲ့ ညီမကရေးတာကို ပိုဝါသနာပါတယ်။ ရေးရင်လည်း အင်္ဂလိပ်သီချင်းပဲ ရေးတာများတယ်။ အင်္ဂလိပ် own tune  တွေပေါ့။ ညီမငယ်ငယ်တုန်းက ထုတ်ခဲ့တဲ့အခွေမှာ ညီမရေးထားတာ သုံးပုဒ်ပါတယ်။ ဒါပေမဲ့ ညီမရေးတာက အင်္ဂလိပ်သီချင်းတွေဆိုတော့ အဆင်ပြေပါ့မလားလို့ စဉ်းစားနေရတယ်။ ဖြစ်နိုင်ရင်တော့ ညီမရေးထားတဲ့ အလုပ်တွေကိုလည်း ထုတ်ပြချင်ပါတယ်။ မြန်မာလိုကျတော့ စကားသိပ်မကြွယ်ဘူး။ အင်္ဂလိပ်ကျောင်း တက်တော့လေ။ မြန်မာလို မသင်ဖြစ်တော့ အရမ်းအလှမ်းဝေးသွားသလို ဖြစ်နေတာပေါ့နော်။ စကားလုံးတွေ်မကြွယ်တော့ဘူး။ ကဗျာဆန်ဆန်ရေးဖို့ကျတော့ မသိတော့ဘူး။ အင်္ဂလိပ်လိုကျတော့ ကိုယ်က ထိတွေ့တာပိုများတော့ ရေးရင် အင်္ဂလိပ်လိုပဲရေးဖြစ်တယ်။ ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ရင် အင်္ဂလိပ်လိုဆိုပိုပြီး သရုပ်ဖော်တတ်တယ်။

Q. ဒီလောကထဲကို ၀င်လာခါစမှာ ဒီလောကထဲက လူတွေရဲ့ ဆက်ဆံမှုကရောဘယ်လိုရှိလဲ။

A. ဒါကတော့ ဒီလောကမှမဟုတ်ပါဘူး။ လောကတိုင်းမှာရှိပါတယ်။ လူ့အသိုင်းအ၀ိုင်းဖြစ်တဲ့အတွက် လူမျိုးစုံရှိမယ်။ ကိုယ်နဲ့အဆင်ပြေ အပ်စပ်တဲ့သူရှိသလို မအပ်စပ်တဲ့သူလည်းရှိမယ်။ ဒါတွေအားလုံးကတော့ မွေးကတည်းက ကျင်လည် လာရတာဖြစ်တဲ့အတွက် ညီမကတော့ အရာရာအားလုံးအတွက်ကို ပြင်ဆင်ထားပါတယ်။

 

Q. ဒီအလုပ်ကိုရွေးချယ်ဖြစ်တာကရော။

A. အနုပညာကတော့ ငယ်ငယ်ကတည်းက ပိုးရှိတယ်လို့ပြောရမယ်။ မေမေကလဲ ငယ်ငယ်တုန်းက သီချင်းခွေဖြန့်တာကိုး။ ကိုယ်ကမြင်နေတွေ့နေကျဖြစ်တဲ့အတွက် ပိုးအခံကရှိတော့ လုပ်ဖြစ်တာပေါ့နော်။

 

Q. ဒီအလုပ်နဲ့ပဲ ရပ်တည်တော့မယ်လို့ စိတ်က ဆုံးဖြတ်ပြီးပြီလား။

A. ညီမ၀ါသနာပါတဲ့ အလုပ်ဖြစ်တဲ့အတွက် ပျော်ပါတယ်။ ဒီအလုပ်ကိုပဲ ညီမတစိုက်မတ်မတ်နဲ့ လုပ်မှာပါ။ ကျောင်းလည်းဆက်တက်မယ်။ လောလောဆယ်မေမေက ဒီမှာတစ်ယောက်တည်းကျန်ခဲ့မှာဆိုတော့ အဆင်မပြေဘူး။ ညီမမှာ အဖေလည်းမရှိတော့ဘူး။ ဟိုမှာတစ်ယောက်တည်း ရပ်တည်ဖို့ကျတော့လဲ အဆင်သင့်မဖြစ်သေးဘူး။ မေမေကလည်း စိတ်ပူတတ်တဲ့အခါကျတော့ မေမေကလည်းမလိုက်နိုင်ဘူး။ ညီမမှာမောင်နှမလဲမရှိဘူး။ သွားတာကတော့ သွားဖြစ်မှာပါ။ ဟိုမှာလည်း ညီမအနုပညာနဲ့ ပတ်သတ်တဲ့ ကျောင်းပဲတက်မှာ။ အဓိကမေဂျာကို Music ယူပြီးတက်မှာပါ။ အကြာကြီးတော့မဟုတ်ဘူး။ တက်လိုက်၊ ပြန်လာလိုက်လုပ်မှာပါ။

 

Q. ပရိသတ်တွေဆီကကော ဘယ်လိုမျိုးပြန်ကြားရလဲ။

A. ဘောင်ကားမှာ ညီမရဲ့ ဖက်ရှင်ကိုကြိုက်တယ်။ အဲဒီအတွက် ၀မ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

 

Q. အဒီကားရိုက်တုန်းက ဘာတွေပြင်ဆင်ခဲ့ရလဲ။

A. အကုန်ပါပဲ။ ဖက်ရှင်နဲ့ ပတ်သက်ပြီး၊ အိုက်တင်ပိုင်းနဲ့ပတ်သက်ပြီး အစစအရာရာပြင်ဆင်ခဲ့ရတယ်။ အန်ကယ်လေးက ဇာတ်လမ်းရွေးပေးတဲ့အတွက် ကာရိုက်တာပုံစံကအစ သေချာပြောပြတယ်။ ပြောပြတဲ့အချိန်ကစပြီး ညီမပြင်ဆင်တယ်။ စဉ်းစားတယ်။ မိတ်ကပ်ဆရာတွေနဲ့ သေချာတိုင်ပင်တယ်။ ဆံပင်ဆို ဘယ်လိုလုပ်ရင်ကောင်းမလဲ။ အ၀တ်အစားဆိုရင်လည်း ဘောင်းဘီကို အပြဲလေးတွေဝတ်တယ်။ အင်္ကျီကို အတိုလေးတွေဝတ်တယ်။ အရောင်စုံလေးတွေဝတ်တယ်။ အဒီကားလေးထဲမှာကျတော့ လူငယ်မိုက်မိုက်လေး၊ လန်းလန်းလေး၊ ဆိုးလဲဆိုးတယ်။ ကလန်ကဆန်ဖြစ်အောင်ဝတ်တယ်။ ဆံပင်ဆိုကောက်တယ်။ တိုထားတယ်။ 'ရင်ခုန်မိတာအချစ်လား'ကျတော့ နည်းနည်းအေးတဲ့ဘက်ကို သွားတယ်။ ၁၅နှစ်အရွယ်ကောင်မလေး ဖြူဖြူစင်စင်လေး ဒါပေမဲ့ရင်ခုန်တယ်။ စိတ်ကစားတတ်တယ်ဆိုတော့ ဆံပင်ဆိုရှည်လိုက်တယ်။ ဖြောင့်လိုက်တယ်။ စကဒ်လေးတွေဝတ်တယ်။ ပန်းပွင့်လေးတွေဝတ်တယ်။ ညီမတတ်နိုင်သမျှ သတိထားပြီးတော့ ဖက်ရှင်ကို ကာရိုက်တာနဲ့ လိုက်အောင်ဝတ်ပါတယ်။

 

Q. ညီမလေးစားအားကျရတဲ့ စီနီယာတွေကောရှိလား။

A. အားလုံးကိုလေးစားတယ်။ အားလုံးက သူတို့ရောက်ချင်တဲ့ နေရာတစ်ခုကို ရောက်ဖို့အတွက် ကြိုးစားလာရတယ်လေ။ ကိုယ်ကိုတိုင်ဝင်လုပ်မှသိတယ်။ အရမ်းပင်ပန်းတယ်။ မင်းသား၊ မင်းသမီးအလုပ်ဆိုတာ စိတ်ရော၊ လူရောပင်ပန်းတယ်။ အခုလို နေရာတစ်နေရာကို ရောက်လာတဲ့ သူတို့ရဲ့ ဇွဲ၊လုံ့လ၊ ၀ီရိယအတွက်တော့ လေးစားတယ်။

 

Q. ကားရိုက်အတွက် အ၀တ်အစားပြင်ဆင်မှုအပိုင်းကရော။

A. ကိုယ့်ဟာကိုယ်ပဲစီစဉ်တယ်။ နိုင်ငံခြားမှာဆိုရင်တော့ stylistတွေရှိတာကိုး။ ဒီမှာကျတော့ အဲလောက်ထိ မဖြစ်လာသေးဘူးလေ။ မင်းသမီးတွေဆိုပင်ပန်းတယ်။ ကိုယ့်ဟာကိုပဲစီစဉ်ရတယ်။

 

Q. ဘယ်ဆိုင်တွေမှာ အများဆုံးဝယ်ဖြစ်လဲ။

A. တစ်ခါတည်း Queen Collection ကနေမှာတယ်။ ဒါမှမဟုတ်လဲ ညီမ ဘန်ကောက်သွားရင် တစ်ခါတည်း ၀ယ်လာလိုက်တယ်။ ကာရိုက်တာကြိုသိပြီးသွားဖြစ်ရင်တော့ ၀ယ်လိုက်တယ်။

 

Q. ညီမရဲ့ ဖက်ရှင်ပိုင်းကို ပရိသတ်တွေကဘာပြောကြလဲ။

Aေ. ဘာင်ကားကြည့်ပြီး အရမ်းကြိုက်တယ်လို့ပြောကြတယ်။ သူများနဲ့မတူဘူး။ ပုံစံလေး ကွဲထွက်နေတယ်တဲ့။ ညီမကို အားပေးပြီး အဲလိုပြောကြတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ညီမလည်းလူငယ်တစ်ယောက်ပဲလေ အစ်မရယ်။ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို အားစိုက်ပြီးကြိုးစားနေတယ်။ နေရာတစ်နေရာလေးကို လက်ခံလာတဲ့အတွက် ညီမကျေးဇူးတင်ပါတယ်။

 

Q. ဖိနပ်ဆိုရင်ကော ဘယ်မှာဝယ်လဲ။

A. နိုင်ငံခြားမှာဝယ်တယ် Forever 21, Zara ,Platinum တို့မှာလည်း ၀ယ်တယ်။ အလှဖန်စီလေးတွေလည်း ၀ယ်တယ်။ ဒီမှာဆိုရင်တော့ Charles & Keit မှာဝယ်တယ်။

 

Q. ကိုယ့်ရဲ့ ဖက်ရှင်နဲ့ပတ်သတ်ပြီး အပြင်သွားခါနီးရင် ဘာလေးကို လုပ်လိုက်ရမှ ပြီးပြည့်စုံသွားတယ်လို့ခံစားမိလဲ။

A. Accessoriesပေါ့။ ညီမက အရမ်းကြိုက်တယ်။ လက်စွပ်တွေဆိုရင် တအားကြိုက်တယ်။ ရွှေရောင် လက်စွပ်တွေဆိုရင် ပိုကြိုက်တယ်။ နားဆွဲတို့ပေါ့။

 

Q. အသားအရေထိန်းသိမ်းမှု အပိုင်းမှာကောဘာတွေလုပ်ဖြစ်လဲ။

A. ဘယ်ဟာနဲ့မှမတည့်တဲ့အတွက် ဘာမှမလိမ်းဘူး။ ညီမမျက်နှာက စိတ်ဖိစီးရင်လဲအဖုတွေထွက်တယ်။ အသီးအရွက်နဲ့ပဲ ပြန်ထိန်းဖြစ်တယ်။ အစားအသောက်ပိုင်းမှာ ဖျော်ရည်သောက်တယ်။ အလှကုန်နဲ့မထိန်းဘူး။ မိတ်ကပ်လဲ မကြိုက်တဲ့အတွက် ပြင်တုန်းခဏပဲ။ ရိုက်ပြီးတာနဲ့ပြန်ဖျက်တယ်။ ဒီအတိုင်းဆို ဘာမှမလိမ်းဘူး။

Q. ပင်တိုင်ပြင်ဖြစ်တဲ့ မိတ်ကပ်ဆရာက။

A. မမေဦးပေါ့။ သူမဟုတ်ရင်တောင် သူ့ဆီက လူတွေနဲ့လိမ်းဖြစ်တယ်။ မဇင်ဇင်၊ မငယ်လေး၊ မမေဦးပေါ့။ သူတို့တွေနဲ့ဆို အဆင်ပြေတယ်။ သူတို့ပြင်တာက ဘိုဆန်တယ်။ ညီမလဲ ကြိုက်တယ်။

 

Q. ညီမလေးရဲ့ ပရိသတ်တွေကိုကော ဘာပြောချင်သေးလဲ။

A. ညီမဆက်ပြီးတော့ ကြိုးစားသွားမယ်။ တစ်ကားနဲ့တစ်ကားမတူအောင် အများကြီးပြင်ဆင်မယ်။ ဖက်ရှင်ကအစ သေချာလုပ်မယ်။ ကြိုးစားတာကို ကြည့်ပြီးဝေဖန်ပါ။ အကြံဥာဏ်ပေးပါလို့ ပြောချင်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *