ယနေ့ ခေတ်ကလေးငယ်တွေကို ၁ မိုင်ခရီးပြေးစေခဲ့ရာမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်က ကလေးငယ်တွေထက် စက္ကန့် ၉၀ ပိုမိုကြာမြင့်

istock_000016354016medium_wide-b4ed1d0a65ebd2e34db43d6fd6a669f4267e69c7-s40-c85.jpg
Shares 0

ကမ္ဘာတစ်လွှားက အခုခေတ် ကလေးသူငယ်တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုလောက်က ကလေးသူငယ်တွေနဲ့ ယှဉ်ရင် ကိုယ်ကာယကြံ့ခိုင်မှုအပိုင်းမှာ သိသိသာသာ ဆုတ်လျော့လာကြောင်း သုတေသနလေ့လာမှုတစ်ရပ်ကဆိုပါတယ်။

နိုင်ငံပေါင်း ၂၈ နိုင်ငံက ကလေးငယ်တွေကို ၁ မိုင်ခရီးပြေးစေခဲ့ရာမှာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်က ရွယ်တူကလေးငယ်တွေထက် စက္ကန့် ၉၀ ကျော် ပိုမိုကြာမြင့်ကြောင်း လေ့လာတွေ့ ရှိခဲ့ရတာပါ။ ၁၉၇၅ ခုနှစ် လောက်ကစပြီး ကလေးသူငယ်အရွယ်တွေရဲ့ ကိုယ်ကာယကြံ့ခိုင်မှုဟာ ဆယ်စုနှစ်တစ်ခုတိုင်း ၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

တောင်သြစတြေးလျတက္ကသိုလ် သုတေသနပြုလေ့လာသူတွေဟာ အပြေးမြန်နှုန်းကို မူတည်ပြီး ကိုယ်ကာယကြံ့ခိုင်မှုကို အဓိကထား တိုင်းတာခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အပြေးနှုန်းဟာ နှလုံးသွေးကြောကောင်းမွန် ကြံ့ခိုင်မှုကို သိသာစေပြီး ကိုယ်ကာယကြံ့ခိုင်မှုရှိသလားဆိုတာကို အပြေးနဲ့  စစ်ဆေးနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်ုပြည်ထောင်စု၊ ဥရောပ၊ သြစတြေးလျ ၊ နယူးဇီလန် နဲ့ အာရှ တစ်လွှားက အသက် ၉ နှစ်ကနေ ၁၇ နှစ်အရွယ်ကြားရှိတဲ့ ကလေး၊လူငယ် အယောက် ၂၅ သန်းကျော် ပါဝင်တဲ့ လေ့လာမှုပေါင်း ၅၀ ကို စူးစမ်းလေ့လာခဲ့တာဖြစ်ပါတယ်။

၁၉၇၀ ပြည့်နှစ်တွေက စပြီး ကလေးငယ်တွေရဲ့ အပြေးမြန်နှုန်းဟာ စတင်ကျဆင်းလာခဲ့ပြီး နောက်မျိုးဆက်သစ် ကလေးငယ်တွေဟာ ဆက်ပြီး ပိုမိုနှေးကွေးလေးလံ လာလိမ့်မယ်လို့ လေ့လာမှုက ဆိုပါတယ်။

ကမ္ဘာတစ်လွှားနိုင်ငံအများစုက ကလေးသူငယ်တွေဟာ ကိုယ်ကာယကြံ့ခိုင်မှုပေါင်းမှာ သိသိသာသာ လျော့နည်းလာခဲ့ပေမယ့် ဂျပန်နိုင်ငံက ကလေးတွေကတော့ ကိုယ်ကာယကြံ့ခိုင်မှုမှာ လျော့ကျလာပေမယ့် ဆိုးဆိုးရွားရွားကြီး မဟုတ်ဘူးလို့ ဆိုပါတယ်။

၁၉၇၀ ခုနှစ်က ကလေးငယ်တွေဟာ ခြေကျင်၊စက်ဘီး၊စကိတ် စတာတွေနဲ့  ကျောင်းသွားကျောင်းပြန် လုပ်ကြပေမယ့် အခုခေတ်ကလေးငယ်တွေကတော့ ကားတွေနောက်ခန်းကနေ ထိုင်လိုက်နေတာ များနေပါပြီ။ မြို့ နေလူထုများလာပြီး ဆော့ကစားစရာနေရာ ရှားလာတဲ့အပြင် ခေတ်ပေါ်နည်းပညာတွေကြောင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေဟာ အခုလို သိသိသာသာ လျော့ကျလာတယ် လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဆိုးရွားတဲ့ အစားအသောက်ပုံစံ၊ သဘာဝလောကနဲ့ ထိတွေ့ ခြင်းမရှိမှု၊ လေကောင်းလေသန့် မရရှိမှု၊ စိတ်ဖိစီးမှု နဲ့ အီလက်ထရောနစ်ပစ္စည်းကိရိယာတွေဟာ အခုလို ဆုတ်ကပ်ကို ကျရောက်စေခဲ့တာဖြစ်ပါတယ်။

၁၉၇၀ ခုနှစ်ကနေ အခုလက်ရှိ ၂၀၁၅ ခုနှစ်အတွင်းမှာ တီဗွီစက်၊ ဗီဒီယိုစက်၊ ကွန်ပြူတာ၊ အင်တာနက် နဲ့  ဗီဒီယိုဂိမ်း ရှိတဲ့ အိမ်ထောင်စုအရေအတွက်ဟာ တစ်ရှိန်ထိုးခုန်တက်ခဲ့ပါတယ်။

ကလေးအရွယ်တွေသာမက လူငယ်အရွယ်တွေရဲ့ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းမှုဟာလည်း ထင်ထင်ရှားရှား ကျဆင်းလာတယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။ဖွံ့ ဖြိုးပြီးအရွယ် လူငယ်လူရွယ်တွေအတွက် ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုဟာ နှလုံးရောဂါဖြစ်နိုင်ချေအန္တရာယ် ကို လျော့ချဖို့  အကောင်းဆုံး နည်းလမ်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: npr.org , theatlantic.com/health

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *