တကယ်ရူးသွပ်တဲ့ Music က Hip-Hop ပါလို့ပြောလာတဲ့ “ရဲရင့်အောင်”

1526126_750660274946943_438354196_n.jpg
Shares 0

ပေါ့ပ်သီချင်း ချိုချိုလေးတစ်ပုဒ်တည်းနဲ့ ပရိသတ်တွေရဲ့ အာပေးမှုကို တစ်ခဲနက် ရရှိခဲ့တဲ့ ငယ်ငယ်ရွယ်ရွယ် တက်သစ်စ အဆိုတော်တစ်ဦးကတော့ ရဲရင့်အောင်ပါ။ သူ့ရဲ့ သီချင်းလေးတွေက ပရိသတ် နားယဉ်လွယ်စေပြီး လူငယ်ထုရဲ့ ခံစားချက်တွေကို ဦးစားပေးထားတာကြောင့် အထူးသဖြင့် ဆယ်ကျော်သက်လေးတွေရဲ့ အားပေးမှုကို အမိအရ သိမ်းပိုက်ထားနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။

ပရိတ်သတ်ရဲ့ ဆက်လက်အားပေးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး အခုဆို ပိုစတာတွေ ၊ နယ်ရှိုးပွဲတွေနဲ့ အားလပ်ရက်မရှိလောက်အောင် အလုပ်ရှုပ်နေခဲ့တဲ့ ရဲရင့်အောင်ကို ခဏတာ ဆုံတွေ့ခိုက်မှာ သိချင်တာလေးတွေ မေးမြန်းဖြစ်ခဲ့ပါတယ်။

  • ဒီလောကထဲ စတင်အခြေချဖြစ်ခဲ့ပုံလေးကရော ။

စစချင်းတုန်းက ကျွန်တော် တစ်ယောက်တည်းလုပ်တာပေါ့နော်။ တစ်ယောက်တည်းဒီလောကထဲ ၀င်လာတယ်။ ဘယ်သူနဲ့မှလည်း မသိဘူး။ ကျွန်တော့်ဟာကျွန်တော် သီချင်းတွေလုပ်တယ်။ အွန်လိုင်းမှာတင်တယ်။ အဲလိုနဲ့ G3 ထဲကကျွန်တော်သူငယ်ချင်းတစ်ယောက်နဲ့ ရင်းနှီးသွားပြီး သူတို့နဲ့ တစ်နှစ်လောက် သူငယ်ချင်းဖြစ်လိုက်သေးတယ်။ ပြီးတော့မှ သူတို့အဖွဲ့မှာ member အသစ်တွေလိုမယ်ဆိုတာနဲ့ ကျွန်တော် G3 အဖွဲ့ထဲဝင်ဖြစ်သွားတယ်ပေါ့။

  • ရဲ့ရင့်အောင်ဆိုပြီး လူငယ်ပရိသတ်တွေ လက်ခံလာတာ ဘာကြောင့်လို့ထင်လဲ။

ကျွန်တော်က အတတ်နိုင်ဆုံး လူငယ်ရင်ဘတ်နဲ့ နီးစပ်အောင်လုပ်တယ်။ ကျွန်တော်စေတနာထားပြီး လုပ်တယ်။ အတတ်နိုင်ဆုံး ကြိုးစားပြီးလုပ်တယ်။ အဲဒါကြောင့်လို့ ထင်ပါတယ်။

  • ပရိသတ် လက်ခံပြီး သတိထားမိသွားတဲ့ သီချင်းဆိုရင် ဘာကြောင့်လို့ထင်လဲ ။

အဲဒါဆိုရင်တော့ လွမ်းလွန်းလို့ပဲ ဖြစ်မယ်ထင်တယ်။

  • လက်ရှိမှာ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေပီလို့ ယူဆလို့ရပီလားရှင့်။

ဟုတ် ။ လမ်းကြောင်းပေါ်တော့ ရောက်နေပါပြီ။ ဒါပေမယ့် ကျွန်တော် အများကြီးကြိုးစားဖို့ လိုသေးသလို အများကြီးပြောင်းလဲပစ်ဖို့လည်း လိုပါသေးတယ်။

  • အစ်ကို တကယ်ရူးသွပ်တဲ့ music က ဘယ်လိုပုံစံမျိုး ဖြစ်မလဲ ။

ကျွန်တော် တကယ်နှစ်သက်တာက Hip-hop ပါ။ ကျွန်တော်တကယ်နှစ်သက်ပေမယ့် ကျွန်တော့် အသံနဲ့ ဆိုလို့အဆင်မပြေတာကြောင့် စီနီယာတွေ ဆိုတဲ့ hip-hop သီချင်းတွေကို နားထောင် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တကယ်ဆိုနေတာကတော့ pop ပေါ့။

  • ဒါဆို ပရိသတ်အားပေးမှုတွေနဲ့ commercial ဘက်လိုက်သွားဖြစ်တယ် ပြောလို့ရမလား။

commercial ဘက်လိုက်သွားတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော်ဆိုနေတဲ့ သီချင်း တော်တော်များများက အချစ်သီချင်းတော့ဟုတ်တယ်။ ဒါပေမယ့် လူတိုင်းပါးစပ်ဖျားမှာ စွဲနေတဲ့ သီချင်းမျိုးမဟုတ်သလို ကျွန်တော့်သီချင်းအားလုံးလဲ မပေါက်ခဲ့ပါဘူး။ ဘာလို့လဲဆို ကျွန်တော်က ကျွန်တော်လုပ်ချင်တာ လုပ်တာကိုး။ အချစ်သီချင်းတွေများနေပေမယ့်လည်း commercial ဆန်သွား တာကြောင့်လို့တော့ ပြောလို့မရပါဘူး။

  • production တစ်ခုခုနဲ့ တွဲလုပ်ဖို့အစီအစဉ်ရော ရှိလား။

လောလောဆယ်တော့ အဲလို အစီအစဉ်မရှိသေးပါဘူး။

  • ဒီ ဂီတလမ်းကြောင်းကို ဘယ်လိုခံယူချက်နဲ့ လျှောက်လှမ်းနေပါသလဲ။

ကျွန်တော်က ကျွန်တော်လုပ်ချင်တာတွေ လုပ်နေတာပါ။ ကျွန်တော်လုပ်ချင်တဲ့ သီချင်းပုံစံကို လုပ်နေတယ်။ ကျွန်တော်ပေးချင်တဲ့အရာကို ပရိသတ်ကိုပေးနေတယ်။ ကျန်တာတွေတော့ ကျွန်တော် မသိဘူးပေါ့။

  • အခုဆို အစ်ကို mainstream ပေါ်ရောက်နေပြီဆိုတော့ တာဝန်ကြီးတယ်လို့ ခံစားလာရလား။

ဟုတ်ကဲ့။ ခံစားရပါတယ်။ အများကြီးလည်းတွေးလာရတယ်။ ကျွန်တော်လုပ်ချင်တာ လုပ်တတ်တယ် ဆိုပေမယ့် သူများတွေပြောတဲ့စကားတွေကိုလည်း ကျွန်တော်နားထောင်ပါတယ်။ နားထောင်တယ် ဆိုတာ လိုက်လုပ်တာမျိုးမဟုတ်ပဲ သူတို့ပြောတာ ဟုတ်လား ၊ မဟုတ်လား ကျွန်တော်စဉ်းစား လာရတယ်။ အရင်တုန်းကလိုတော့ ကျွန်တော်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် မလုပ်ရတော့ ဘူးပေါ့။ ကျွန်တော့်ကို တိုက်ခိုက်နေတဲ့ သူတွေလည်း အများကြီးပဲလေ။

  • ဒီလို အတိုက်အခံတွေရှိတယ်ဆိုတော့ သဘောထားမတိုက်ဆိုင်ရင် ဘယ်လိုများ ဖြေရှင်းလဲ။

သူတို့အမြင်တွေမှားနေရင်တော့ ပြန်ရှင်းပြပါတယ်။ တချို့ကတော့ နားလည်သွားတယ် ။ တချို့ကျတော့လည်း နားလည်ပေမယ့် တမင်သက်သက် ပြောချင်လို့ကို ပြောနေတဲ့သူတွေ တပုံကြီး ရှိတယ်။ အဲဒါမျိုးကျတော့ ဘာမှပြန်ပြောမနေတော့ဘူး။ ကိုယ့်လုပ်ရပ်က မှန်နေဖို့ပဲ အရေးကြီးတာပဲ။

  • မျက်နှာသစ်တစ်ယောက်အနေနဲ့ မှတ်မှတ်ရရ အခက်အခဲကြီးကြီးမားမား ကြုံတွေ့ခဲ့ရဖူးလား။

ထွေထွေထူးထူးတော့ မရှိပါဘူး။ ကျွန်တော်သီချင်းစဆိုကာစက စင်ပေါ်မှာဆိုရင် မော်နီတာက ပြန်ထွက်တဲ့ ကျွန်တော့အသံကို ကျွန်တော်မဖမ်းမိဘူး။ ပြီးတော့ စပီကာကထွက်တဲ့ မြူးဇစ်ရဲ့ ကီးကိုလည်း ကျွန်တော်မဖမ်းမိဖူး။ အဲ့တော့ ကျွန်တော့်အသံနဲ့ကီးနဲ့ လွဲတာတွေ ရှိုးပွဲမှာ ခဏဏကြုံနေရတော့ အရမ်းလည်း စိတ်ဓါတ်ကျခဲ့တယ်။ အရမ်းလည်း စိတ်ညစ်ခဲ့ရတယ်။ နောက်ပိုင်း ဆိုပါများလာတော့မှ ကျင့်သားရလာတာပေါ့။

  • အခုထွက်ထားတဲ့ သားသားနဲ့ အခွေအပေါ် ပရိသတ်ရဲ့တုံ့ပြန်မှုကရော။

Audio ထွက်တာတော့ (၂)နှစ်လောက်ရှိပြီ။ ဗွီစီဒီကတော့ အခုမှထွက်တာပေါ့နော်။ ပရိသတ်ကတော့ အားပေးပါတယ်။ တချို့သီချင်းတွေကျတော့လည်း ကျွန်တော်တို့ဖန်တီးထားတာ အရမ်းလွန်သွားတယ်။ ဥပမာ – ရပါတယ် ၊ ထွက်သွားပါ သီချင်းမျိုးတွေဆို အရမ်းကြီး stroy ဆန်သွားတယ်။ ဒါပေမယ့် တချို့က ကျွန်တော်တို့ကြိုးစားထားတာကို လက်ခံတယ်။ တချို့ကတော့လည်း ဝေဖန်တာတွေတော့ရှိပါတယ်။

  • Global ပဲဖြစ်ဖြစ် Local ပဲဖြစ်ဖြစ် အားကျရတဲ့အနုပညာရှိလားမသိဘူး။

ရှိပါတယ်။ World Wide မှာဆိုရင် ကျွန်တော်အားကျရတာ Chris Brown။ ကျွန်တော်သူ့လို ဖြစ်ချင်တာ။ ရှင်းရှင်းပြောရရင် သူလုပ်တဲ့အတိုင်းကို ကျွန်တော်လုပ်ချင်တာ။ သူက R&B ဆိုတဲ့ အဆိုတော်။ ဒါပေမယ့် သူ rapper လိုဝတ်တယ် ၊ လူမိုက်လိုနေတယ်။ အဲဒါတွေကျွန်တော် သဘောကျတယ်။ ဒီမှာဆိုရင်တော့ အခုကျွန်တော်နဲ့အတူတူ စင်ပေါ်မှာတွဲဆိုနေတဲ့ စီနီယာတွေ အကုန်လုံး ၊ ကျွန်တော်ကလေးတည်းက ကြိုက်ခဲ့ရတဲ့ အဆိုတော်တွေရောပေါ့ ။ ကျွန်တော်က ငယ်ငယ်လေးကတည်း မြန်မာသီချင်းလည်းကြိုက်တတ်တော့ အားလုံးက ကျွန်တော့်ကို ဖျော်ဖြေခဲ့ဖူးတဲ့ သူတွေလိုချည်းဖြစ်နေတာ။ အဲဒီတော့ ကျွန်တော်အားလုံးကို ကြိုက်ပါတယ်။

  • အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ အစ်ကို့အချစ်ရေးကရော ။

လောလောဆယ်တော့ တစ်ယောက်တည်းပဲ နေနေတယ်လို့ ပြောချင်ပါတယ်။ Propose လုပ်ထားတယ် ဆိုတာလည်း လျှောက်ပြောနေကြတာလို့ပဲ ပြောပါရစေ ။ (ရယ်လျက်)

  • လတ်တလော ရှိုးတွေပဲဆိုဖြစ်နေတာပေါ့ ။ ဘယ်ကိုသွားဆိုမှာလဲ။

ဟုတ်ပါတယ်။ အခုက ဟုမ္မလင်းနဲ့ ၊ မဘိမ်းပေါ့ ။

  • တကိုယ်တော်အခွေ သတင်းလေးကရော။

တကိုယ်တော်အခွေကတော့ ကျွန်တော်လုပ်နေတာ ကြာပါပြီ။ ထွက်ခဲ့တဲ့ သားသားနဲ့ နှစ်ယောက်တွဲ အခွေမတိုင်ခင်ကတည်းက လုပ်နေတာ ။ အဆင်မပြေတာတွေ များတော့ အခုအခွေကို နှစ်ယောက်ပေါင်းပြီး လုပ်ဖြစ်ခဲ့တာပါ။ အခုတော့ ကျွန်တော် တစ်ကိုယ်တော်အခွေကို တကယ်ဇောက်ချ လုပ်တော့မှာပါ။

  • ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်သွားဖို့ အစီအစဉ်ရှိလဲ။ ဘယ်အတိုင်းအတာအထိ ရည်ရွယ်ထားလဲ။

လောလောဆယ် ကျွန်တော့်ခေါင်းထဲမှာ ရှိတာကတော့ ကျွန်တော့်တစ်ကိုယ်တော် အခွေပါပဲ။ အဲဒီ အခွေကိုပဲ မပြီးပြီးအောင် အမြန်ဆုံးလုပ်ဖို့ ကြိုးစားနေပါတယ်။

  • ဒီလောကထဲမှာ အောင်မြင်သွားခဲ့မယ်ဆိုရင်တော့ အောင်မြင်မှုကို ဘယ်လိုမျိုးဆက်ပြီး ထိန်းသိမ်းသွား မယ်လို့ စိတ်ကူးထားလဲ။

အဲဒီလို နာမည်အရမ်းကြီးပြီး အောင်မြင်နေတာမျိုးကိုလည်း ကျွန်တော်မလိုချင်တော့ဘူး။ ကျွန်တော်က သီချင်းတွေလုပ် ၊ သီချင်းတွေဆိုပြီး ကျွန်တော့်သီချင်းတွေကို ပရိသတ်ကို နားထောင်စေချင်တာ။ အောင်မြင်မှုကို ဆက်ထိန်းထားတာ ၊ မထိန်းထားတာတော့ ကျွန်တော်မပြောတတ်ဘူးဗျ။ အဓိက ကတော့ ကျွန်တော်ဆိုချင်တဲ့ သီချင်းတွေ ကျွန်တော်ဆက်ဆိုနေဦးမှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *