နင်သာရှိရင်ဆိုတဲ့ သီချင်းကိုဆိုလို့ အဆိုတော်ဖြစ်လာတာကို အိပ်မက်လို့ ခံစားနေရသူ အဆိုတော်ဂေးဂေး

Shares 0

နိုင်းဝမ်းရဲ့ နင်သာရှိရင်သီချင်းမှာ ချစ်စရာကောင်းပြီး ချိုမြတဲ့သူမရဲ့ အသံလေးကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ အဆိုတော်ဂေးဂေးကို လတ်တလောအနုပညာလှုပ်ရှားမှုတွေကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘ဂေးဂေးလတ်တလောမှာတော့ promotionပွဲတွေမှာ သီချင်းဆို ဖြစ်နေပါတယ်။ ပြီးတော့ 9NIGHTအခွေထဲမှာ သီချင်းနှစ်ပုဒ်ဆိုထားတာ ရှိပါတယ်။ Bo Bo entertainmentရဲ့ တစ်နှစ်ပြည့်နဲ့ သုံးနှစ်ပြည့်မှာလည်း သီချင်းဆိုထားတာရှိပါတယ်။ အခု နောက်ပိုင်းမှာလည်း သီချင်းတိုင်းကို အကောင်းဆုံးပြင်ဆင်ပြီးတော့ပဲ ဆိုပါတယ်။ ပရိသတ်ကြိုက်နှစ်သက်အောင်လို့ ဂေးဂေးအကောင်းဆုံး ကြိုးစားထားပါတယ်။ ကိုနိုင်းဝမ်းရဲ့ တစ်ကိုယ်တော်အခွေမှာလည်း ဂေးဂေးဆိုပေးဖို့ရှိပါတယ်။ ပြီးတော့ဂေးဂေးရဲ့ တစ်ကိုယ်တော် အခွေမှာလည်း ကိုနိုင်းဝမ်းနဲ့ ဆိုသွားဖို့အစီအစဉ်တွေရှိပါတယ်။ အခုနောက်ပိုင်း ရှိုးလေးတွေမှာ ဆိုလည်း ကိုနိုင်းဝမ်းနဲ့အတူတူ တွဲပြီးတော့ ဆိုဖြစ်နေပါတယ်။ ရှိုးသိပ်မဆိုဖြစ်တာက ဂေးဂေးမှာ ကိုယ်ပိုင်သီချင်းနည်းနေသေးတဲ့အတွက် ပရိသတ်တွေကလည်း သိပ်မသိကြသေးဘူး။ အဲဒီအခါကျတော့ ဂေးဂေးတစ်ယောက်တည်း စင်ပေါ်မှာဆိုရမယ်ဆိုရင် သိပ်အဆင်မပြေဘူးလေ။ တစ်ကိုယ်တော်အခွေအတွက် ပြင်ဆင်ဖို့ သီချင်းတွေစုနေတယ်။ ဒီနှစ်ထဲမှာပဲ လုပ်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ သိပ်မကြာခင်မှာပဲ ပရိသတ်တွေရှေ့မှာ တစ်ကိုယ်တော်အခွေလေးကို ချပေးချင်ပါတယ်။’လို့ သူမက ဆိုပါတယ်။

သူမဟာ ဂီတလောကထဲ ရောက်မလာခင်ရော၊ ခုလက်ရှိပါ CB Bank မှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်းထမ်းတစ်ဦးပါ။ ‘ဂေးဂေးက အနုပညာအလုပ်တွေအပြင် တစ်ခြားအပြင်မှာ CB bankရဲ့International Banking Serviceမှာ အလုပ်လုပ်နေပါတယ်။ ကိုယ့်ကိုကိုယ်လည်း ဒီအနုပညာအလုပ်တွေပေါ်မှာ အားရကျေနပ်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နင်သာရှိရင်ဆိုတဲ့ သီချင်းကိုပဲ ပရိသတ်တွေက တအားသိတယ်။ ဂေးဂေးဆိုတာကို တွဲပြီးမသိကြသေးဘူး။ အဲဒီအတွက် ကိုယ့်ကိုကိုယ် ပရိသတ်တွေသိအောင်လို့ ကြိုးစားဖို့လိုသေးတယ်လို့ ပြောချင်ပါတယ်။ ပရိသတ်တွေကိုလည်း ဂေးဂေးနောက်ပိုင်းမှာ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ကြိုးစားပြီးတော့ လုပ်မယ်ပေါ့နော်။ နင်သာရှိရင်သီချင်းလိုပဲ တစ်ခြားဒီထက်ဒီထက်ပိုပြီးတော့ပဲ ပရိသတ်တွေ လက်ခံအောင်၊ ပရိသတ်တွေ အရမ်းကြိုက်အောင် ကြိုးစားထားပါတယ်။ အခုချိန်ထိလည်း ကိုယ့်ကိုယ်ကိုယ် ဂေးဂေးက သီချင်းဆိုပေမဲ့ အနုပညာရှင်စစ်စစ်ကြီးလည်း မဟုတ်သေးဘူးလေ။ ရိုးရိုးသာမာန်လူတစ်ယောက်လို့ပဲ ထင်မြင်မိပါသေးတယ်။ ဒီနင်သာရှိရင်ဆိုတဲ့ သီချင်းကိုဆိုလို့ အဆိုတော်ဖြစ်လာတာကိုလည်း အိပ်မက်လို့ပဲခံစားနေရသေးပါတယ်။’လို့ သူမက ဖွင့်ဟပြောပြသွားခဲ့ပါတယ်။

         

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *