ကော်ပီသီချင်းတွေ ရေးခဲ့မိလို့ နောင်တအကြီးအကျယ်ရတယ်လို့ ဖွင့်ဟသွားတဲ့ ဗျူဟာ

url.jpg
Shares 0

ဟစ်ဟော့ပါ တစ်ယောက်ဖြစ်တဲ့ ဗျူဟာကို မကြာသေးခင်က ပွဲကန်ထရိုက်တွေဆီက ထိုက်တန်တဲ့ အနုပညာကြေးတောင်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စာနယ်ဇင်းတော်တော်များများမှာ လှုပ်ခတ်မှုတစ်ချို့ကို တွေ့မြင်ရတာပါ။ ဒါ့ကြောင့် ၃၁ ရက်နေ့ည Beach Partyမှာ သူနဲ့တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုတစ်ချို့နဲ့ ဂယက်ရိုက်ခဲ့တဲ့ ကိစ္စတစ်ချို့ကို မေးကြည့်ဖြစ်တဲ့အခါ သူက ‘ကျွန်တော်က ရန်ကုန်ရှိုးထက် နယ်ရှိုးတွေသွားဖြစ်တာများတယ်။ နယ်မှာက ကျွန်တော့်ပရိသတ်တွေ တော်တော်များများတယ်လေ။ ကလေးတို့ ကော့မှူးတို့ဖက်ကို သွားဆိုဖို့ရှိတယ်။ ရန်ကုန်ကတော့ ခုမှ ကိုဘိုဆန်းနဲ့သွားချိတ်မိတာ ဆိုတော့လေ။ ငွေရေးကြေးရေးပိုင်းကတော့ ကျွန်တော်တို့ဆီမှာ သတ်မှတ်ထားတဲ့ အနုပညာကြေးဆိုတာ ရှိတယ်။ တန်ဖိုးရှိတယ်။ ဥပမာ ညီမတို့ ကိုယ်တိုင်ဖန်တီးထားတဲ့ ဖယောင်းရုပ်လေးတစ်ရုပ်ဆိုရင် အဲဒါကိုညီမတို့ ကြိုက်တဲ့ဈေးနဲ့ ရောင်းရင်ရောင်းမယ်။ မရောင်းရင်လဲမရောင်းဘူး။ ဒါဟာ ကိုယ်ပိုင်ပစ္စည်းဖြစ်တဲ့ အတွက်ရောင်းရင်လဲရောင်းမယ်။ မရောင်းရင်လဲမရောင်းဘူး။ ဒီမိုကရေစီခေတ်ဖြစ်တဲ့ အတွက် ကိုယ်ကြိုက်ဈေးရမှ ရောင်းမယ်ပေါ့နော်။ ကျွန်တော်လဲ ကျွန်တော်ကြိုက်မှ ဆိုမယ်။ ကျွန်တော်မကြိုက်ရင် မဆိုပါဘူး’တဲ့။

ပရိသတ်တောင်းဆိုမှုများရင်ရော ငွေရေးကြေးရေးအပိုင်းကို ကြည့်ဦးမှာလားလို့ တီးခေါက်ကြည့်တဲ့အခါ ‘ကျွန်တော်တို့က ပွဲတစ်ပွဲကို လက်ခံတော့မယ်ဆိုရင် ပရိသတ်နဲ့ စကားပြောရတာ မဟုတ်ဘူး။ ပွဲကန်ထရိုက်တွေနဲ့စကားပြောရတာလေ။ ပွဲကန်ထရိုက်နဲ့စကားပြောတဲ့အချိန်မှာ ရည်းစားစကားတွေပြောရတာ မဟုတ်ဘူးလေ။ ငွေရေးကြေးရေးစကားတွေပဲ ပြောရတာ။ အဲဒီတော့ ငွေရေးကြေးရေးစကားတွေပဲ ပြောတယ။် ဒီလောက်ပါပဲ။ ဖေ့စ်ဘွခ်ပေါ်မှာ တလောက ဖွကြတယ်လေ။ ကျွန်တော်ပြောတာ ရှင်းရှင်းလေးပါ။ ကျွန်တော်က ကျွန်တော့ပစ္စည်း ကျွန်တော်ရောင်းတာ။ သူများပစ္စည်းခိုးရောင်းတာ မဟုတ်ဘူးလေ။ ပွဲကန်ထရိုက်က ကျွန်တော့်ကို ကြိုက်ရင်ငှားလိမ့်မယ်။ မကြိုက်ရင်မငှားဘူးဗျာ။ ရှင်းရှင်းကြီးပါပဲ’လို့ သူက ပြောပါတယ်။

ပရိသတ်ကြိုက်နိုင်မယ့် သီချင်းတွေကို ရွေးပြီးဖန်တီးဖြစ်တဲ့အပိုင်းကိုတော့ သူက ‘ ပရိသတ် ကြိုက်ပါစေဆိုပြီး ဖန်တီးခဲ့တာတော့ မဟုတ်ဘူး။ ကိုယ့်ရင်ဘတ် ၊ ကိုယ့်နှလုံးသားထဲကကိုက တကယ်သေသေချာချာ ခံစားပြီး မိန်းကလေးတွေဆို ဘယ်နားလေးမှာ အသည်းယားမလဲပေါ့။ ကိုယ့်ဟာကိုယ် အကြိမ်ကြိမ်အဖန်ဖန်ရေးတယ်။ တီးခတ်တယ်။ အိမ်မှာ စတူဒီယို ရှိတော့ ညီက အသံဖမ်းတယ်။ ကိုယ်က ဆိုတယ်။ မကြိုက်မချင်းလုပ်တယ်။ အကောင်းဆုံးလေးကို ထုတ်ပြတယ်ပေါ့။ အခုဆို သီချင်းရေးတဲ့အပိုင်းနဲ့ပတ်သတ်ပြီး မိုးယံဇွန်ဆို တစ်စီးရီးလုံး ရေးပေးထားတယ်။ အခု နောက်စီးရီးကကျတော့ အမျိုးသမီးတေးသံရှင်အသစ် ဟန်နီမောင်မောင်ဆိုလဲ တစ်စီးရီးလုံး ရေးပေးရတယ်။ မိုးယံဇွန်အခွေမှာတော့ ကော်ပီတွေအရင်က ရေးပေးခဲ့တယ်။ အခုအခွေထွက်ပြီးနောက်ပိုင်း သမီးရှင်ကို လူသိများသွားတဲ့အချိန်မှာတော့ ကျွန်တော်ကော်ပီသီချင်းကို နောက်ဘယ်တော့မှ ရေးတော့မှာ မဟုတ်ဘူး။ ကော်ပီ တိုက်ဖျက်ရေးကိစ္စတွေလဲ ကျွန်တော်လုပ်နေတယ်။ ခိုးကူးခွေကို ပြောတာမဟုတ်ဘူး။ အနုပညာလောကမှာ အနုပညာရှင် ကိုယ်တိုင်သူများပစ္စည်းခိုးနေမှတော့ဗျာ။ ကိုယ့်ပစ္စည်းကို ပြည်သူလူထုက ခိုးတာ ဘာမှသွားပြောနေစရာမလိုဘူးလေ။ ကော်ပီသီချင်းရေးပြီးတော့လဲ ကိုယ့်ကိုယ်ကိုယ် နောင်တရမိတယ်။ နောက်ဘယ်တော့မှ မရေးတော့ဘူးလို့လဲဆုံးဖြတ်ထားတယ်။ အခွေကတော့ ထွက်ဖို့အတွက်ကြိုးစားနေပါတယ်။ ကျွန်တော်တို့က ဘောစိတွေ မဟုတ်ဘူးလေ။ ရပ်ကွက်ထဲက လူတစ်ယောက်ပေါ့။ ဟစ်ပ်ဟာ့ဆိုတာက ပြိုင်ကားစီးနေတဲ့ကောင်တွေမှ ခံစားလို့ရတဲ့ဂီတမဟုတ်ဘူး။ ရပ်ကွက်ထဲမှာ ဦးထုပ်နောက်ပြန်ဆောင်းပြီး ခြေညှပ်ဖိနပ်စီးနေတဲ့ကောင်တွေလဲ ဟစ်ပ်ဟော့ကိုခံစားလို့ရရမယ။် အဲဒီအတွက် ဆင်ခြေဖုံးဘက်က Rapတွေကို ကိုယ်စားပြုပြီးတော့ ဆက်သွားတာပါ။ အခွေဘယ်တော့ထွက်မလဲဆိုတော့ စပွန်ဆာတော့ရှိတယ်။ ဒါပေမဲ့ ပေးတဲ့ငွေကြေးကနည်းသေးတော့ မလောက်ဘူး။ အဲဒီအတွက် ရှိုးပွဲလေးတွေသွားဆိုလိုက်ရတဲ့ငွေလေးစုလိုက် အမ်တီဗီလေးရိုက်လိုက် လုပ်နေရတဲ့အတွက်နဲနဲတော့ကြာတယ်။ အမှန်က တစ်လပိုင်းလောက်မှန်းထားတာ။ အခုကမရတော့ဘူး။ အဲတော့ သင်္ကြန်ပြီးမှ ထွက်ဖြစ်မှာပါ’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *