အကယ်ဒမီဆိုတာ ပန်းတိုင်မဟုတ်ဘူး အပိုဆုသပ်သပ်လို့သတ်မှတ်ထားတဲ့ ဒါရိုက်တာဝိုင်း

url.jpg
Shares 0

၂၀၁၂ အကယ်ဒမီပေးပွဲမှာ ဒါရိုက်တာဆုနဲ့လွဲချော်ကံခေခဲ့တဲ့ ဒါရိုက်တာဝိုင်းက အကယ်ဒမီဆိုတာသူ့အတွက် ပြောပလောက်တဲ့ အရာတစ်ခု မဟုတ်ဘူးလို့ ဖွင့်ဟလာပါတယ်။ အကယ်ဒမီနဲ့ပတ်သတ်ပြီး ခံစားချက်မရှိတဲ့ ဒါရိုက်တာဝိုင်းနဲ့ ပြောဖြစ်တာတွေကတော့ ‘ပရိသတ်ကို ပြောချင်တာကတော့ နဂိုကတည်းက ပရိသတ်တွေကို ၀ိုင်းကို မမှန်းကြပါနဲ့လို့ပြောပြီးသားပါ။ အစ်ကိုတို့က ဗုဒ္ဓဘာသာတွေပါ။ ကံကံဧ။် အကျိုးကိုယုံကြည်ပါတယ်။ လူတွေ စိတ်မချမ်းမြေ့ရင် အဲဒီဒဏ်ကို လုပ်တဲ့သူတွေပြန်ခံရမှာပါ။ ပရိသတ်ကြီး ခံစားရသလိုပဲ လုပ်တဲ့သူတွေလဲ ပြန်ခံစားရမှာပါ။ ကိုယ်သာ အကယ်ဒမီကို လိုချင်ခဲ့မယ်ဆိုရင် အမှန်တရားတွေကို ဖုံးကွယ်ထားမှာပါ။ ကိုယ့်အတွက် အကယ်ဒမီဆိုတာအရေးမကြီးလို့ ပွဲမတိုင်ခင်ကတည်းကကို အကုန်အစင် ထုတ်ဖော်ပြောပြီးသားပါ။ ပြောတဲ့အတိုင်းပဲ ၈၀ရာခိုင်နှုန်းဖြစ်ခဲ့တဲ့အတွက် အစ်ကို့အနေနဲ့ အကယ်ဒမီအပေါ်မှာထားတဲ့ သဘောထားကိုပြပြီးတဲ့အတွက် သိပ်ပြီးမခံစားရပါဘူး။ အစ်ကို အင်တာဗျူးမှာ ပြောခဲ့ဖူးတယ်။ ပေးတဲ့အဆင့်အတန်းက ရွေးချယ်တဲ့သူရဲ့ အရည်အချင်း အဆင့်အတန်းပဲ။ သူငယ်တန်းတက်တဲ့သူက သူငယ်တန်းကိုပဲ အကောင်းဆုံးလို့ထင်တယ်။ အဲလိုပဲ MSCတက်တဲ့သူက MSCကိုပဲ အကောင်းဆုံးလို့ထင်မှာပဲ။ ဒီလိုပါပဲ ကိုယ့်အဆင့်အတန်းနဲ့ပဲ ကိုယ်စကားပြောကြတာပါ။  ဘာလို့လဲဆိုတော့ လူတစ်ယောက်က မတရားခံရပါများရင် စပ်ဖျဉ်းဖျဉ်းတော့ဖြစ်တယ်လေ။ ဒါပေမဲ့ ၀ိုင်းကတော့ အရည်ထူလာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်မှန်းတောင် မသိတော့ပါဘူး။ ပွဲစကတည်းက အစ်ကိုပြောပြီးသား။ အစ်ကို့အပေါ်မှာထားတဲ့ သူတို့ရဲ့ သဘောထားကို သိပြီးသားဖြစ်တဲ့အတွက်ကို ၃ယောက်မှာ ၂ယောက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဂုဏ်လာပြုတာ။ ကိုယ့်အတွက် ဒီပွဲကို တက်ခဲ့တာမဟုတ်ဘူး’တဲ့။

ရသင့်ရထိုက်တဲ့သူတွေ မရတဲ့အပေါ်မှာလဲ သူက ထပ်ပြီး ‘အစ်ကိုတို့နိုင်ငံမှာ ဖွတ်တွေမရှိအောင် ကြိုးစားရမယ်။ ဖွတ်တွေမရှိတဲ့နေ့ဟာ အစ်ကိုတို့အတွက် နေရာတကာမှာ အဆင်ပြေသွားတဲ့ နေ့ပါပဲ။ အစ်ကို့ရဲ့ပန်းတိုင်က အကယ်ဒမီမဟုတ်ဘူး။ ရုံထဲမှာလာကြည့်တဲ့ပရိသတ်တွေအတွက် စိတ်ကျေနပ်မှုရမယ်။ အစ်ကို့ကားကို ကြည့်တဲ့၂ နာရီမှာ သူတို့အတွက် စိတ်ခံစားချက်တစ်ခုခုရမယ် ဆိုရင် အစ်ကိုကျေနပ်တယ်။ ဒါဟာ အစ်ကို့ရဲ့ပန်းတိုင်ပဲ။ ကျန်တဲ့အကယ်ဒမီဆိုတာ အစ်ကို့အတွက် Bonus ပါ။ သိပ်ပြီးပျော်ရွှင်စရာကောင်းတဲ့အတွက် အပိုဆုရတဲ့သဘောလို့ပဲ ခံယူထားပါတယ်။ အကယ်ဒမီဆိုတာကို မတိုင်ခင်ကတည်းက လက်ပံအဖွဲ့သားတွေအားလုံးကို အကယ်ဒမီဆိုတာ ငါတို့ရဲ့စစ်ပွဲမဟုတ်ဘူး။ ဒါဟာ ငါတို့ရဲ့ပျော်ပွဲရွှင်ပွဲကစားနည်းတစ်ခုရဲ့ အပိုပေးတဲ့ဆုလို့ပဲ ပြောထားပြီးသားပါ။ အဲဒီအတွက် ရရင်လဲပျော်လိုက်၊ မရရင်လဲ ဘာမှမဖြစ်ဘူး။ အဲဒီသဘောပါ။ အစ်ကို့အတွက်အကယ်ဒမီဆိုတာဘာမှအထူးတလည်မရှိပါဘူး’လို့ ဖွင့်ဟသွားပါတယ်။ နိုင်ငံတော်ကပေးတဲ့ အကယ်ဒမီကိုမရပေမဲ့ ပရိသတ်ကပေးတဲ့ အကယ်ဒမီကို ရခဲ့တဲ့အပေါ် ကိုယ့်ရဲ့ အနုပညာပြောင်မြောက်လားဆိုတဲ့ မေးခွန်းကိုတော့ ‘ကိုယ့်ကိုယ်ကိုယ်ထူးချွန်တယ်လို့ ဘယ်တော့မှ မသတ်မှတ်ထားဘူး။ အဲလိုသတ်မှတ်ထားရင် အစ်ကိုဟာ ခွေးဖြစ်သွားတာကြာပါပြီ။ အစ်ကိုဟာ အမြဲတမ်းဖန်တီးမှုတွေ၊ လေ့လာမှုတွေ၊ ကြိုးစားမှုတွေနဲ့ ရှင်သန်နေရတဲ့လူတစ်ယောက်လို့ပဲ လက်ခံထားပါတယ်။ အစ်ကို ထူးချွန်အောင်ကြိုးစားရမှာပါ’တဲ့။

အကယ်ဒမီနဲ့ပတ်သတ်လို့စီစစ်အကဲဖြတ်တဲ့အပိုင်းနဲ့ပတ်သတ်ပြီးတော့လဲ ‘သူတို့ပေးတဲ့အပိုင်းနဲ့ ပတ်သတ်ပြီး ဘယ်လိုကြောင့်ပေးတယ်ဆိုတာကို ရှင်းပြသင့်တယ်လို့ထင်တယ်။ နိုင်ငံခြားမှာက အဲလိုမျိုး ရှိတယ်။ အဲဒါကြောင့်မို့အငြင်းပွားမှုတွေမဖြစ်ကြတာလေ။ ရှင်းပြရင်တော့ကောင်းတယ်။ ဒါပေမဲ့ပေါ့ စုံစုံစိစိနဲ့စာနယ်ဇင်းတွေစုံစုံလင်လင်နဲ့ ရွေးချယ်ထားတဲ့ကားမှာ ပါဝင်တဲ့သူတွေစုံလင်ဖို့တော့လိုတယ်။ နောက်ပြီးပွင့်လင်းဖို့နဲ့မှန်ကန်ဖို့လဲအရေးကြီးပါတယ်’လို့ သူက ရှင်းပြပါတယ်။

ပရိသတ်အားပေးမှုမြင့်ခဲ့ပေမဲ့ လက်ပံမှာဒါရိုက်တာဆုမရခဲ့တဲ့ အပေါ်မှာတော့ ‘ကျိန်းသေတာကတော့ ကိုယ်တို့အရိပ်ဆိုးတွေသာ ပျောက်မယ်ဆိုရင်တော့ ကိုယ်တို့ရုပ်ရှင် အကယ်ဒမီမှမဟုတ်ပါဘူး။ ထူးချွန်တဲ့သူတွေဟာ အကယ်ဒမီရနေမှာပါ။ ထူးချွန်တဲ့သူတွေ စင်ပေါ်မရောက်ဖူးဆိုတာ တစ်ခုခုဖြစ်နေလို့ပဲ။ ဥပမာ တကယ့်တကယ်ကျွမ်းကျင်တဲ့ဝန်ကြီးဌာနကြီးတစ်ခုက ၀န်ကြီးတစ်ယောက်ဟာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်မဟုတ်ပဲ စစ်ဗိုလ်ချုပ်ကြီး ဖြစ်နေတဲ့သဘောပါပဲ။ ဒါဟာအစ်ကိုတို့တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ အုပ်ချုပ်ပုံစနစ်တွေနဲ့ဆိုင်ပါတယ်။ အကယ်ဒမီနဲ့ဆွဲပြောတာမဟုတ်ပါဘူး။  နေရာတိုင်း၊ နေရာတိုင်းမှာ အဲဒီပြဿနာရှိပါတယ။် အစ်ကိုက အစ်ကိုရဲ့ အနုပညာဖန်တီးမှုကို အကယ်ဒမီဆုအတွက် သုံးသပ်၇မယ်ဆိုရင် တော်တော်လေးကို ညံ့ဖျင်းတဲ့သူတစ်ယောက်ဖြစ်သွားပြီ။ ဆုကို သုံးသပ်စရာ၊ ဆုံးဖြတ်စရာမလိုဘူး။ အကယ်ဒမီဆိုတာကို အစ်ကိုတို့အနုပညာရှင်တွေအားလုံးနားလည်ပြီးသားပါ။ မပြောတာသာရှိမယ်။ တကယ်ဆုံးဖြတ်ရမှာက ကြည့်တဲ့ပရိသတ်အတွက်ပဲ ဆုံးဖြတ်ရမှာပါ’လို့သူက ပြောပြခဲ့ပါတယ။်

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *