အနုပညာအလုပ်တွေလုပ်ရရင်ကို ပျော်နေတတ်တယ်လို့ဆိုတဲ့ ဒါရိုက်တာအောင်မြတ်

img_1223.jpg
Shares 0

ဒါရိုက်တာအသစ်တစ်ယောက်ဖြစ်တာမို့ အားနည်းချက်၊ အားသာချက်တွေ မမျှသေးပေမယ့်လည်း လူငယ်တွေရဲ့ အားပေးမှုကို တစ်စတစ်စသိမ်းပိုက်လာခဲ့တဲ့ ဒါရိုက်တာအောင်မြတ်နဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေကတော့ ‘ကျွန်တော်လွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်က Bo Bo Entertainment မှာ ဂရက်ဖစ်ဒီဇိုင်နာအနေနဲ့အလုပ်စလုပ်ဖြစ်တယ်။ အဲဒီမှာ ၂ လလောက်လုပ်ပြီးတော့ ကိုနိုင်းဝမ်းက ကမ္ဘာငယ်လေးသီချင်းကို ကျွန်တော်နဲ့ရိုက်ချင်တယ်ဆိုပြီး လာပြောတယ်။ ကျွန်တော် တစ်ခါမှ မရိုက်ဖူးဘူး။ ဒါပေမဲ့ စိတ်ဝင်စားတဲ့အတွက် လက်ခံဖြစ်ခဲ့တယ်။’လို့ သူက ပြောပါတယ်။ အဲ့ဒီလို လက်ခံပြီးစရိုက်ခဲ့တဲ့ ကမ္ဘာငယ်လေးက သူ့ဘ၀ရဲ့ အမှတ်တရများထဲက တစ်ခုပါတဲ့။

‘အပြင်အလုပ်တွေနဲ့ စတင်ထိတွေ့ဖြစ်ခဲ့တာက ၂၀၀၈တုန်းက စင်ကာပူမှာ ကျောင်းတက်ဖူးတယ်။ ကျောင်းတက်ပြီးပြန်လာတော့ Dipioma In Computer Art တက်ရင်းနဲ့ အလုပ်စလုပ်ခဲ့တာပေါ့။ MTV စရိုက်တုန်းကဆို ကိုယ်က အတွေ့အကြုံလဲမရှိတော့ အခက်အခဲနည်းနည်းရှိခဲ့တယ်။ စာတွေ့ပဲ ရှိတယ်။ လက်တွေ့က မရှိခဲ့ဘူး။ အဓိက က ဒီရောက်တဲ့အခါမှာ ကိုယ်က လူတွေကို ဆရာလုပ်ရတယ်။ ကိုယ်ပြောတာကို လိုက်လုပ်တဲ့သူတွေဖြစ်တဲ့အတွက် ကိုယ်စီစဉ်တာ ညံ့ရင် အဆင်မပြေဘူး။ အဲဒီနောက်ပိုင်းမှာစရိုက်ဖြစ်တာက ကိုဘိုစန်းနဲ့ ဦးဇော်တို့လုပ်တဲ့ အခွေတွေမှာ တော်တော်များများလုပ်ဖြစ်တယ်။ အိမ်က မိဘတွေကတော့ အနုပညာမျိုးရိုးမရှိဘူး။ လိုအပ်တာတွေ အကုန်လုံးကိုလဲ သူတို့တတ်နိုင်သလောက်ကူညီပေးတယ်။ သူတို့ကလဲ ဒီလောကထဲက မဟုတ်တဲ့အတွက် အကွက်ကျကျတော့ နားလည်မှာမဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ဒီအလုပ်လုပ်တာကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငယ်ငယ်ကတည်းက ၀ါသနာက ဒါရိုက်တာတော့မဟုတ်ဘူး။ အနုပညာအလုပ်လုပ်ရရင်ကို ၀ါသနာပါတာ။ ငယ်ငယ်က ၅ နှစ်သားထဲက ပုံစဆွဲတယ်။ အနုပညာလုပ်ရရင်ကိုပျော်နေတာ။ အခုကတော့ သူငယ်ချင်းတွေနဲ့ တွဲဖြစ်တာများတဲ့အတွက် MTVပဲရိုက်ဖြစ်မယ်။ ၂၀၁၄ မှာတော့ ဗီဒီယိုစရိုက်ဖြစ်မယ်။ ဒါရိုက်တာနဲ့ ပတ်သတ်ပြီးတက်ခဲ့တဲ့ သင်တန်းက Diploma In New Mediaပေါ့။ ဒါရိုက်တာအောင်မြတ်ဆိုတာကို ပိုသေချာတာက ကိုနိုင်းဝမ်း သီချင်းရိုက်ကတည်းက သိတော့သိတယ်။ ဒါပေမဲ့ စိတ်ဝင်စားတာ မခံရဘူး။ ဒါပေမဲ့ ဘန်နီဖြိုးအခွေ ချစ်တယ်ဟုတ် အခွေထွက်ပြီးကတည်းက လူပိုသိသွားတယ်။ ကျွန်တော်ရိုက်သမျှ MTV တွေကို စတိုရီပုံစံပြတာရှိသလို Performanceနဲ့ပြတာမျိုးလဲရှိတယ်။ သူတို့စဥ်းစားထားတာရှိရင် ပိုပြီးစဥ်းစားပေးတယ်။ သူတို့စဥ်းစားထားတာမရှိရင် ကျွန်တော့ အိုင်ဒီယာနဲ့ တွေးပြီးပြောပြတယ်။ ကြိုက်ရင်ရိုက်ပေးတယ်။ သူတို့ရဲ့ခံစားချက်နဲ့ကျွန်တော်ရဲ့ထင်မြင်ချက်တူရင်ရိုက်ပါတယ်။’လို့ သူ့အကြောင်းတွေကို ဖွင့်ဟသွားပါတယ်။

နိုင်ငံခြားအမ်တီဗီတွေကို မှီငြမ်းပြီးရိုက်ဖြစ်တဲ့အကြောင်းကိုလည်း သူက ‘ပရိုဂျူဆာနဲ့ customer ပေါ်မူတည်တယ်။ တချို့က အဲလိုမျိုးကို ရိုက်ချင်တယ်ဆိုပြီးလာပြတယ်။ အတတ်နိုင်ဆုံး ချွတ်စွတ်ကြီး မဖြစ်အောင်တော့ ကြိုးစားပါတယ်’တဲ့။

လူငယ်ဖြစ်တဲ့အတွက် အိုင်ဒီယာတွေဆန်းသစ်မှုအပိုင်းနဲ့ပတ်သတ်ပြီး အခုကျွန်တော်တို့ပေါင်းနေတဲ့ လူငယ်အနုပညာရှင်တွေနဲ့ဆွေးနွေးဖြစ်တယ်။ သီချင်းခွေတွေဝယ်တယ်။ လေ့လာတယ်။ ကြည့်တယ်။ တိုင်ပင်တယ်။ သူတို့နဲ့အတွေးချင်း နှီးနှောဖလှယ်ပါတယ်တဲ့။ ပရိသတ်တွေရဲ့ ဝေဖန်မှုအပိုင်းကို ကောင်းတာတွေက ခွန်အားဖြစ်သလို၊ မကောင်းတာတွေက လိုအပ်ချက်တွေပေါ့။ ပြင်ဆင်ဖို့ အခွင့်အရေး ရတယ်ပေါ့။ မကောင်းတာတွေက လူငယ်ဆန်တယ်။ သီချင်းနဲ့ရိုက်တာနဲ့ မလိုက်တာမျိုးရှိတယ်။ စတိုရီကိုနားမလည်ဘူးပေါ့။ ကောင်းတာကတော့ ကင်မရာရိုက်ချက်တွေနဲ့ ဖန်တီးမှုဆန်းတယ်လို့ ကြားရပါတယ်လို့လည်း feedback တစ်ချို့ကို ပြောပြသွားပါသေးတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *