ကိုယ်ကိုယ်တိုင် စစ်နေရင် ဘယ်သူ့ကိုမှ ကျွန်တော်အစစ်ပါလို့ လိုက်ပြောနေစရာ မလိုဘူးလို့ဆိုလာတဲ့ ASH

ash_foto_16.jpg
Shares 0

Underground Hip Hop လောကမှာ အချိန်အတော်ကြာ ကျင်လည်ခဲ့တဲ့ ASH ကို Hip Hop ဂီတနဲ့ တွေ့ထိနေသူတွေကတော့ အားလုံးသိပြီးဖြစ်မှာပါ။ ခုနောက်ပိုင်း အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ ASH ဟာ mixtape နှစ်ခွေလည်း ထွက်ထားပြီးဖြစ်သလို featuring အနေနဲ့ ပါဝင်သီဆိုထားတဲ့ သီချင်းအရေအတွက်တွေလည်း တော်တော်များနေပြီမို့ အရင်တုန်း က Graffiti ရေးဆွဲသူ တစ်ယောက်အဖြစ် လူသိများထားတဲ့ ASH  ခု MC တစ်ယောက်အဖြစ် ဘယ်လို ဆက်လက်ရပ်တည်သွားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး  ခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

-Hip Hop မှာ အဓိက အပိုင်းဘယ်နှစ်ပိုင်း ပါဝင်ပါသလဲ။

အပိုင်းတွေကတော့ အများကြီးရှိတယ်။ အဓိကဆိုရင်တော့ သီချင်းဆိုတဲ့ MC , DJ , Dancer နဲ့ Graffiti ဆိုပြီး လေးပိုင်းပေါ့။

-Graffiti ကနေမှ သီချင်းဆိုတဲ့အပိုင်းဘက် ဘယ်လိုရောက်လာတာလဲ။

ကျွန်တော်က စလုပ်တုန်းက တပြိုင်တည်းလုပ်တာ။ ၂၀၀၇ လောက်မှာ ပုံအရင်စဆွဲဖြစ်တယ်။ ပြီးတော့ mixtape sample အခွေကို ၂၀၁၁ မှာ စထွက်ဖြစ်တယ်။

-ဒီအလုပ်တွေ စလုပ်ဖြစ်ကာစက ဘယ်လို အခက်အခဲတွေ ကြုံရလဲ။

ပုံဆွဲတဲ့အပိုင်းကတော့ စဆွဲကာစမှာ တော်တော်အဆင်မပြေဘူး။ နိုင်ငံရေးနဲ့ရောတာတွေ ဘာတွေ ရှိတယ်။ နောက်ပိုင်းတော့ အဆင်ပြေပါတယ်။ သီချင်းဆိုတဲ့အပိုင်းကတော့ mainstream မရောက်ခင် underground မှာ အခက်အခဲတွေတော့ အတော်လေးတွေ့ရတာပေါ့။ ပရိုဂျူဆာတွေ ရမလိုလိုဖြစ်ပြီး ပြန်ပျက်သွားတာမျိုးလေးတွေပေါ့။

-Underground မှာပဲ သီချင်းအပုဒ်ရေ ဘယ်လောက်လောက် လုပ်ပြီးပြီလဲ။

Underground အနေနဲ့ ကျွန်တော် mixtape (၂)ချပ်ထွက်ပြီးပါပြီ။ ဒီ ဖေဖေါ်ဝါရီလမှာ ကျွန်တော် MTV မြူးဇစ် ဗီဒီယို (၁)ချပ် ထပ်ထုတ်ဖို့ အစီအစဉ်ရှိတယ်။

-ဘယ်သူတွေနဲ့ လုပ်ထားတာလဲ။

mixtape ကတော့ ကျွန်တော်တစ်ယောက်တည်းလုပ်ထားတာ။ MTV ကတော့ J-me, snare, ရန်ရန်ချန်း၊ ချမ်းအေးဝင်း ၊ SZ တို့ပါဝင် သရုပ်ဆောင်ပေးထားတယ်။ underground မှာပဲ ပရိသတ်ကို အလကားဖြန့်မှာပေါ့။

-mixtape တွေ လုပ်ဖြစ်နေရတဲ့ အကြောင်းကရော။

အဓိကကတော့ ပရိသတ်ကို ကျွန်တော့်သီချင်းလေးတွေ ပြန့်သွားစေချင်တဲ့ သဘောလေးပါပဲ။ အဓိက ရုပ်နဲ့ လူနဲ့သီချင်းနဲ့ တွဲသိသွားအောင်ပေါ့နော်။

-official album ကရော ဘယ်တော့လောက်ထွက်ဖြစ်မလဲ။

နောက်နှစ် မေ ၊ ဒါမှမဟုတ် ဒီဇင်ဘာလောက်မှ ထွက်ဖြစ်မယ်ခင်ဗျ။

-စီနီယာတွေက underground မှာဆိုရင် ASH ကို စပြီးသတိထားမိလာကြတဲ့အခါ ဘယ်လိုခံစားရလဲ။

အလုပ်လုပ်ရတာ ပိုအဆင်ပြေလာပါတယ်။ ပထမ mixtape ထွက်ကတည်းက ကျွန်တော့်ကို လက်တွဲခေါ်တဲ့သူတွေ၊ တွဲလုပ်တဲ့သူတွေ တော်တော်များလာပါတယ်။

-အရင်တုန်းကနဲ့ အခု သီချင်းလုပ်ရတဲ့အပိုင်းမှာ ဘာတွေကွာခြားလာလဲ။

အဓိက အပြောင်းအလဲအနေနဲ့ mainstream ပေါ်ရောက်လာကာစဆိုတော့ ဂရုစိုက်ရတာပေါ့။ သီချင်းပုံစံ အပြောင်းအလဲလေးတွေ ရှိလာတယ်။ သီချင်းလုပ်တဲ့အခါ underground မှာတုန်းက ကိုယ်လုပ်ချင်တာကို ကိုယ့်ဟာကိုယ်လုပ်။ ဖြန့်ချင် သလိုဖြန့်ပေါ့။ တခြားလူတွေကြိုက်မလား ၊ တစ်နိုင်ငံလုံးကြိုက်မလား အဲ့ဒါတွေ သိပ်စဉ်းစားစရာ မလိုဘူး။ ကိုယ့် underground ပရိသတ်တွေ ကြိုက်ရင်ပြီးရော။ သူများအခွေတွေ feat: ဆိုပေးတာမျိုး၊ official အခွေမျိုးမှာကျတော့ Hip Hop ပရိသတ်တွေသာမကပဲ တခြားသူတွေပါကြိုက်အောင် ဂရုစိုက်ပေးရတာမျိုးလေးတွေ ပြောင်းလဲ သွားတာပေါ့။

-ဘယ်အခွေတွေမှာ feat: ဆိုပေးထားပြီးပြီလဲ။

အားလုံး ရှစ်ခွေပေါ့။ အရင်ဆုံးက SZ ရဲ့ ဖြစ်ချင်ရင်ဖြစ်အောင်လုပ်အခွေမှာတစ်ပုဒ်။ ပြီးတော့ ဂျောက်ဂျက်ရဲ့ တိုင်းသိပြည်သိအခွေမှာ တစ်ပုဒ်၊ DJ Jayရဲ့ ဒုံးဒုံးဒိုင်းဒိုင်းအခွေမှာ နှစ်ပုဒ်၊ သိန်းလင်းစိုးရဲ့ T-Virus မှာ တစ်ပုဒ်၊ ဘန်နီဖြိုးရဲ့ အခုအခွေမှာ တစ်ပုဒ်၊ Bo Bo Entertainment ရဲ့ anniversary မှာ ကျွန်တော်ရယ်၊ မိစန္ဓီရယ် ၊ ကိကိရယ် တစ်ပုဒ်၊ မထွက်ရသေးတဲ့ထဲမှာ ကိုသားကြီးရဲ့ ပီယဆေးအခွေမှာ တစ်ပုဒ်၊ ရဲရင့်အောာင် အခွေအတွက်က တစ်ပုဒ် ။ အားလုံးပေါင်း (၈)ခွေ ရှိသွားပြီပေါ့။

-အစ်ကို့အနေနဲ့ ဘယ်လို Hip Hop ပုံစံ အမျိုးအစားကို နှစ်သက်လဲ ။

အကုန်လုံးနှစ်သက်ပါတယ်။ စလုပ်လုပ်ချင်းကတော့ ကျွန်တော်က west cost တွေကြိုက်တယ်။ အခုကတော့ ဟိုမှာလည်း West Coast က ခေတ်ကုန်သလောက် ဖြစ်သွားပီဆိုတာ့ West Coast နဲ့နွယ်တဲ့ electro တွေနားထောင်ဖြစ်ပါတယ်။ EDM တွေ ၊ trunk တွေအကုန်လုံး နားထောင်ဖြစ်တော့ ကျွန်တော်အကြိုက်ဆုံးကတော့ West Coast နဲ့ New school ချိတ်လို့ရတဲ့ electronica ဆိုတဲ့ မြူးဇစ်ပေါ့။ Daft Punk တို့လုပ်နေတဲ့မြူးဇစ်မျိုးတွေ ကြိုက်ပေမယ့် မြန်မာပရိသတ်နဲ့ နားမယဉ်လောက်ဘူး။ ဒီတော့ ကျွန်တော်ကြိုက်တာရော ပရိသတ် ကြိုက်မယ့် ဟာလေးရော balance ညီအောင်အကုန်လုံး ရောပြီးတော့ လုပ်သွားမှာပေါ့။

-အစ်ကို့သီချင်းတွေကို ပုံမှန်တီးပေးတဲ့သူရှိလား။

ဟုတ်ကဲ့။ Glock ပါ။ သူက ကျွန်တော်တို့ RUN YGN Entertainment ရဲ့ နောက်ဆုံး အဖွဲ့ဝင်တစ်ယောက်ပေါ့။

-သီချင်းစာသားကရော ဘယ်အပေါ်မှာ အခြေခံပြီးရေးလဲ။

ဟုတ်ကဲ့။ ကျွန်တော့်အတွေ့အကြုံတွေပေါ့။ Feat: လိုမျိုး ဆိုရင်တော့ သူတို့ရေးထားတဲ့ အကြောင်းအရာအပေါ် အခြေခံပြီး လိုက်ရေးတာပေါ့။ ပရိသတ်လည်း ခံစားလို့ရမယ့် ဟာမျိုးပေါ့။

-သီချင်းရေးတဲ့အခါ စာသားကိုအရင်ရေးပြီးမှ တီးလုံးအတွက် စဉ်းစားတာလား။ ဒါမှမဟုတ် တီးလုံးထွက်လာတော့မှ စာသားရေးတာလား။

ကျွန်တော်က တီးလုံးထွက်လာမှ လိုက်ရေးတာပါ။ တီးလုံးကိုအရင် ကျွန်တော့်စိတ်ကြိုက် frame ပြန်ချပြီးတော့မှပေါ့။

-ကိုယ့်ကိုယ်ကိုရော ဘယ်လို မြူးဇစ်နဲ့ ပိုလိုက်ဖက်တယ်လို့ထင်လဲ။

ကျွန်တော်အသံအနေအထားကတော့ old school လိုမျိုး၊ ဂစ်တာလေးနဲ့ ဆိုရတဲ့ သီချင်းပုံစံမျိုး ခပ်အေးအေးလေးပေါ့။ အရမ်းကြီး ခုန်ပေါက်နေရတာမျိုးတော့ ကျွန်တော်နဲ့ မလိုက်ဘူးလို့ ထင်တယ်။ ကျွန်တော်က အချစ်သီချင်းလေးတွေ၊ ပရိသတ်နားထဲ တစ်လုံးချင်းဝင်သွားမယ့် type မျိုး ပိုကြိုက်တယ်။

-နောက်ထွက်မယ့် အစ်ကို့ရဲ့ အခွေထဲမှာ ဘယ်သူတွေ ပါသေးလဲ။

ပါမှာကတော့ အများကြီးပဲခင်ဗျ။ ကျွန်တော်က အကုန်လုံးနဲ့လည်း အဆင်ပြေတော့ အကုန်လုံးက တော့ ကူညီကြမှာပါ။

-အပုဒ်ရေကရော။

ပုံမှန်ပါပဲ။ ၁၂ ပုဒ် သို့မဟုတ် ၁၅ပုဒ်ပေါ့။

-ကိုယ်ပါထားပြီးတော့ ထွက်မလာဖြစ်တဲ့ album တွေဘာတွေရှိလား။

ရှိတယ်။ တစ်ချို့ Producer တွေပေါ့။ ကျွန်တော့်ဆီက သီချင်းတွေတောင်းပြီးမှ မလုပ်ဖြစ်တာ တွေပေါ့။ အများကြီးပေါ့။ အဲ့လိုမျိုးမထုတ်ဖြစ်တော့တဲ့ သီချင်းတွေကျတော့ underground မှာပဲ free ပြန်ဝေလိုက်တယ်။

-underground မှာ ကျင်လည်ထားတဲ့ ထူးထူးခြားခြား အတွေ့အကြုံလေးရှိရင် ပြောပေးပါဦး။

underground မှာရော mainstream မှာပါရှိတဲ့ သီချင်းလုပ်တဲ့သူတွေ၊ ပရိသတ်တွေ အကုန်လုံးနဲ့ ကျွန်တော်တို့က ပြဿနာမရှိဘူး။ ကျွန်တော်တို့အေးဆေးပဲ။ ပုံမှန်အတိုင်းပဲ ရွေ့လျားနေတဲ့အတွက် ထူးထူးခြားခြားရယ်လို့တော့ မရှိပါဘူး။

-တခြားအဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ beef တွေရှိနေတဲ့အပေါ်ရော ဘယ်လိုမြင်လဲ။

ဒါနဲ့ပတ်သက်လို့ ကျွန်တော်က comment တော့မပေးချင်ဘူး။ အဓိက ကျွန်တော်မြင်တာကတော့ ကိုယ့်ဟာကိုယ် စစ်နေရင် ဘယ်သူကမှ ကိုယ့်ကိုယ်ကို ကျွန်တော်အစစ်ပါလို့ ပြောနေစရာ မလိုဘူး။ ပရိသတ်က သူ့ဘာသာသူ ဆုံးဖြတ်သွားပါလိမ့်မယ်။

-ရှေ့ဆက်  စိတ်ကူးထားပြီး လုပ်ဖြစ်မယ့်အစီအစဉ်လေးတွေက။

ရှေ့နှစ်ထဲမှာ single အခွေရအောင်ထုတ်မယ်။ တခြားအနုပညာ ညီအစ်ကိုတွေနဲ့ ပြောထားတဲ့ အတွဲအခွေလေးတွေလည်း ရှိပါလိမ့်မယ်။

-နိုင်ငံတကာမှာ အစ်ကိုကြိုက်တဲ့ အနုပညာရှင်။

-ကျွန်တော်ကတော့ West Coast ကြိုက်တဲ့သူဆိုတော့ Dr, Dre တို့ Eminem တို့ကြိုက်တာပေါ့။ နောက်ပိုင်းက Daft punk , Kendrick Lamar နဲ့ J.Cole တို့ပေါ့။

သူအသစ်ထွက်မယ့် mixtape ကိုတော့ သူဝင်ဆိုထားတဲ့ အခွေတစ်ခွေရဲ့ ပရိုမိုးရှင်းပွဲ (သို့မဟုတ်) ရှိုးပွဲတို့မှာ ဖြန့်ပါမယ်။ RUN YGN Clothing ဖက်ရှင်ဆိုင် ၊ fashion Star ၊ Junction square မှ ဂစ်တာဆိုင်၊ Vogue အစရှိတဲ့ ဆိုင်တွေမှာလည်း ရရှိနိုင်ပါတယ်။ အခကြေးငွေပေး စရာမလိုဘဲ free ရယူနိုင်မှာဖြစ်ပါတယ်။ အိမ်လိပ်စာသိသူများအနေနဲ့ ASH ရဲ့အိမ်ကိုလည်း လာယူလို့ရကြောင်း ပြောထားပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *