တစ်ခါတစ်လေ ဘဝမှာနေထိုင်ရတာ မွန်းကြပ်လာတယ်လို့ခံစားရတာ ဘာကြောင့်လဲ ?

Shares 197

ဖော်ပြအချက်တွေကို သေချာသဘောပေါက်နားလည်ထားမယ်ဆို လောကကြီးထဲ
နေထိုင်ရတာ ပျော်ရွှင်လာပါလိမ့်မယ်။ လူမှန်ရင် တစ်နေ့ တစ်နေ့ ပျော်စရာ
ကိစ္စတွေ၊ စိတ်ညစ်စရာကိစ္စတွေကြုံလာရမှာပါပဲ။ ဖြစ်ပျက်သဘောတရားကိုနားလည်ထားရင် အဆင်ပြေပါတယ်။
နောက်တစ်ခုအနေနဲ့ အရေးကြီးတာက ကျန်းမာရေးကောင်းအောင်နေရပါမယ်။
ကျန်းမာရေးမကောင်းရင် ပျော်ရွှင်မှုဆိုတာလည်း ဘယ်မှာရပါတော့မလဲ?
ကျန်းမာရေးကောင်းပြီး စိတ်မကျန်းမာရင်လည်း ဘဝမှာနေရတာ ကျေနပ်စရာမရှိပြန်ဘူး.. ဒီတော့ လောကကြီးထဲနေရတာ ကျေနပ်စရာကောင်းအောင် ဒီအချက်လေးတွေက သင့်ကိုအလင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

၁။ထင်သလောက် သင့်အကြောင်းကိုလူတွေက အများကြီး တွေးမနေပါဘူး

ကိုယ်,ကိုယ်တိုင် အရင်မေးကြည့်ပါ။ လူတစ်ယောက်အကြောင်းကို ဘယ်လောက်ထိကြာကြာတွေးနိုင်မှာလဲလို့!! ဘယ်သူမှ ကိုယ့်အကြောင်းကို ကိုယ်ထင်သလောက်အကြာကြီး တွေးမနေတတ်ကြပါဘူး။ ဘယ်သူ၊ ဘာတွေးတွေး
ဂရုစိုက်စရာမလိုပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်ကို အလေးမထားနဲ့လို့ပြောတာ
မဟုတ်ပါဘူး။ အလေးထားသင့်သလောက်တော့ထားပါ။ ကောင်းတဲ့လွှမ်းမိုးဆိုခံပါ… မကောင်းတဲ့လွှမ်းမိုးမှုဆို ကိုယ်တိုင်က ရှောင်နိုင်ရပါမယ်။ ” ငါဒီလိုလုပ်လိုက်တာကောင်းပါ့မလား… သူတော့တစ်မျိုးထင်သွားမှာပဲ ” လို့
လူတိုင်းပြောဖူးကြပါတယ်…။ တကယ်လည်း တစ်မျိုးထင်သွားတာရှိနိုင်သလို၊
သင့်လုပ်ရပ်အတွက် ဘယ်လိုမှတောင်မနေတဲ့ လူတွေလည်းရှိပါတယ်။
ပြောချင်တာက ကိုယ်သာရိုးသားရင် အမှန်တရားကကိုယ့်ဘက် ရပ်တည်နေပြီးသားပါ။

၂။ စိတ်ကူးအတွေးတွေ ပြောင်းလဲလာခြင်း

လွန်ခဲ့တဲ့ (၁ဝ)နှစ်က ငါနဲ့ အခုငါဟာအတူတူပဲလို့ လက်ခံတွေးနေခြင်းဟာ လွယ်ကူလွန်းရာကျပါတယ်။ တကယ်တော့ အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့အမြင်၊အတွေးတွေက ပြောင်းလဲလာပါတယ်။ ဒါကို မြင်အောင်ကြည့်နိုင်
ဖို့လိုပါတယ်။ ဒီတိုင်း အခြားလူတွေလည်း ဒီလိုပါပဲ။ တစ်နေ့ထက် တစ်နေ့
ပြောင်းလဲသွားကြပါတယ်… ”သူအရင်က အဲ့လိုမဟုတ်ပါဘူး… ဘာလို့ပြောင်းလဲသွားတာလဲ” လို့အပြစ်တင်မစောပါနဲ့။ ကိုယ်တိုင်ကလည်း လူသားတွေထဲကလူမို့ ပြောင်းလဲသွားတာကိုအပြစ်တင်မနေပဲ… သူဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတဲ့ အကြောင်းရင်းကို သိအောင်လုပ်ပါ။ နောက်ပြီး သူ့နေရာမှာ ကိုယ်တိုင်ခံစားကြည့်တဲ့အခါ အမြင်ပြောင်းသွားပါလိမ့်မယ်။

၃။ အများနဲ့ ကိုယ့်ကိုယ်ကို လိုက်နှိုင်းယှဉ်မိနေခြင်း

လူမှုကွန်ရက်ရဲ့ ရှိုတ်ခတ်မှုကြောင့် အခြားလူတွေရဲ့နေထိုင်မှုဘဝပုံစံဟာ သင့်အတွက် အားကျစရာတစ်ခုဖြစ်ချင်ဖြစ်နေလိမ့်မယ်။ အားကျပါ.. အားကျတဲ့အတိုင်းလည်း ကိုယ်တိုင်ဖြစ်အောင်လုပ်နိုင်ပါတယ်။ တစ်ချို့မှာအားကျပြီးငါကျ ဒီလိုဘာလို့မဖြစ်တာလဲလို့ သိမ်ငယ်စိတ်တွေဝင်လာပါတယ်။
သူတို့လည်း သူတို့ဘဝရဲ့ပျော်ရွင်စရာ တစ်စိတ်တစ်ပိုင်းလောက်သာ လူမှုကွန်ရက်ပေါ် ချပြနေတာဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘဝမှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ သေချာတာတစ်ခုက လူတိုင်းမှာတန်ဖိုး
ကိုယ်စီရှိပြီးသားပါ။ ကိုယ့်တန်ဖိုး ကိုယ်မြင့်တင်ဖို့ပဲလိုပါတယ်။

၎။ သင်ပေးသမျှအကြံတိုင်းကို နားထောင်လိမ့်မယ်လို့ တစ်သတ်မှတ်တည်း မထင်မှတ်ထားပါနဲ့။

သူငယ်ချင်းတစ်ယောက်က သင့်ကိုခက်ခဲတဲ့ကိစ္စတစ်ခုအတွက် ဘယ်လိုဖြေရှင်း
ရမှန်းမသိလို့ အကြံဥာဏ်လာတောင်းတဲ့အခါ သင်ကလည်း သိသလောက်၊
မှတ်သလောက်ကို အကြံပေးပါလိမ့်မယ်။ ဒါပေမယ့် သင့်သူငယ်ချင်းက သင်ပေးတဲ့အကြံအတိုင်း တသွေမတိမ်း လိုက်လုပ်လိမ့်မယ်လို့ မထင်မှတ်ထားပါနဲ့။ သူသင်ပေးတဲ့အကြံကို အသုံးမချတာသိရတဲ့အခါ သင်စိတ်ပျက်မိသွားလိမ့်မယ်။ဘာလို့ဆို သင်သူ့ကိုကူညီချင်တယ်လေ။ စိတ်မပျက်ပါနဲ့။ ကျေးဇူးတောင်တင်သင့်ပါတယ်။ သူမေးလို့ ကိုယ့်ဦးနှောက်တွေ အလုပ်,လုပ်လိုက်ရပြီး ငါသာဆို ဘယ်လိုဖြေရှင်းမလဲဆိုပြီး အဖြေကိုတွေးတောမိသွားမှာပါ။
နောက်ပြီး အပေါ်ကအချက်တွေမှာ ပြောပြခဲ့တဲ့အတိုင်း သူက ကိုယ်မဟုတ်တာကြောင့် ကိုယ်ပြောတဲ့အကြံဥာဏ်ကို သူအနေနဲ့ ချင့်ချိန်ပြီး လုပ်သင့်၊ မလုပ်သင့်စဉ်းစားရတဲ့ အခိုက်တန့်တွေလည်းရှိနေလို့ဖြစ်ပါလိမ့်မယ်။

၅။ သင့်ရဲ့တုံ့ပြန်မှုကို သင်ကိုယ်တိုင်သာ ထိန်းချုပ်နိုင်ပါတယ်..

ပြဿနာတစ်ခုကြုံတဲ့အခါ၊ ထင်မထားတဲ့ကိစ္စတွေ ရင်ဆိုင်လာရတဲ့အခါ သင်အနေနဲ့ ဘယ်လိုတုံ့ပြန်မိလဲ? ဘဝမှာ အပြုအမူလုပ်ရပ်တွေက သင့်ရဲ့စိတ်နေစိတ်ထား တစ်ဝက်လောက်ကိုဖော်ပြနေပါတယ်။
” မခုန်ခင်.. စဉ်းစား” တဲ့။ တစ်ဖက်မှာဘာရှိမှန်းသေချာမသိ၊ မစဉ်းစားဘဲ ခုန်လိုက်ရင် ကိုယ်ပဲဒုက္ခရောက်မှာလေ။ ဒေါသထွက်စရာကိစ္စတွေကြုံလာရလည်း ဒီလိုပါပဲ။ ကိုယ့်အပြုအမူ ကိုယ်ထိန်းပါ။ အပြောကသာ လွယ်တယ်။
လက်တွေ့လုပ်ဖို့မဖြစ်နိုင်ဘူးလို့ထင်ရင် စက္ကန့်အနည်းငယ်လောက်
မျက်လုံးမှိတ်ပြီး ဘာမှမတွေးဘဲ စိတ်ကိုရှင်းအောင်ထားလိုက်ပါ။
အရမ်းဆိုးရွားတဲ့ အခြေအနေမှာ ဒါကိုထိန်းချုပ်ဖို့ခက်ပါတယ်။ တတ်နိုင်သလောက်
ချက်ချင်းမတုံ့ပြန်ဘဲ ခေါင်းအေးအေးထားတဲ့ အကျင့်ကိုမွေးထားပါ။အကျိုးတော့ရှိပါလိမ့်မယ်။

Shares 197
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *