ယုံကြည်မှုပြန်ရအောင် ဘယ်လိုတည်ဆောက်ယူမလဲ?

Shares 0

ကိုယ့်ချစ်သူက ဖောက်ပြန်တာ၊ အခင်ရဆုံးသူငယ်ချင်းက နောက်ကျောဓားနဲ့ထိုးတာ၊ အလုပ်မှာ ကိုယ်ဖန်တီးထားတဲ့ အိုင်ဒီယာတွေကို အခြားတစ်ယောက်ကအသုံးချပြီး နာမည်ယူသွားတာမျိုးတွေ
ကြုံဖူးကြပါလိမ့်မယ်။ တစ်ဖက်မှာလည်းပြန်ကြည့်ရင် သင်ချစ်သူအား မသိစေချင်တဲ့ကိစ္စကို လိမ်ပြောခဲ့မိတာမျိုး၊ ကိုယ့်သူငယ်ချင်းကြိုက်နေတဲ့ ကောင်မလေးကိုဖြတ်ခုတ်သွားတာမျိုး ၊ ကျောင်း(သို့)အလုပ်မှာ မိတ်ဆွေတစ်ယောက်
ရှုံးနိမ့်နေချိန် မကူညီဘဲ ဒီတိုင်းနေခဲ့မိတာမျိုးတွေ ကိုယ့်အနေနဲ့လည်း ရှိခဲ့ဖူးမှာပါ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာရှိတဲ့ ယုံကြည်မှုဆိုတာ ပျက်စီးလွယ်တဲ့ စက္ကူပါးလေးလိုပါပဲ။ သေချာထိန်းသိမ်းနိုင်မှဖြစ်ပါမယ်။
တကယ်လို့ လူတစ်ယောက်က ကိုယ့်အပေါ်ယုံကြည်မှုတွေပျက်ဆီးသွားရင် ပြန်တည်ဆောက်ယူဖို့အတွက် လိုအပ်တဲ့နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ယူပါ


ကိုယ်မှားခဲ့ရင်လည်း ဝန်ချတောင်းပန်ဖို့ ဝန်မလေးပါနဲ့။ ကိုယ့်လုပ်ရပ်တွေအတွက် တာဝန်ယူပါ။ အဖြစ်မှန်ကိုပြောပြာနိုင်ဖို့က အရေးကြီးဆုံးပါပဲ။
ကိုယ်ကသာ မှားရင်မှားကြောင်းဝန်ချတောင်းပန်မှ တစ်ဖက်ကလည်း ခွင့်လွှတ်ပေးနိုင်မှာဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ်လည်း ခွင့်လွှတ်ပေးပါ။ လူတစ်ယောက်ရဲ့ယုံကြည်မှုကို
သင်ဖျက်ဆီးမိပြီဆိုရင် သင်အနေနဲ့ နောင်တရသလို၊ ဝမ်းနည်းသလိုခံစားမှုတွေဝင်လာနိုင်ပါတယ်။ သင့်အပြုအမူတွေအတွက်လည်း သင်ကိုယ်တိုင်ခွင့်မလွတ်နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဘယ်သူမှပြည့်စုံတယ်လို့ မရှိပါဘူး။ ကိုယ့်အမှားက သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သင်ဟာလူသားတစ်ယောက်မို့ အမှားတွေကျူးလွန်မိတာ မဆန်းပါဘူးလေ။ အမှားဆိုတာလည်း ပြင်လို့ရတဲ့အမှားနဲ့ မပြင်လို့ရတဲ့အမှားရှိပါတယ်။ ဒါကြောင့် တစ်ခုခုဆိုမလုပ်ခင်
အရင်စဉ်းစားစေချင်ပါတယ်။ ကိုယ့်ရဲ့အမှားတွေကိုလက်ခံပြီး အနာဂတ်မှာရှေ့လျှောက်ကောင်းအောင်နေထိုင်သွားဖို့ပဲ ကြိုးစားပါ။

၂။ တစ်ယောက်ယောက်အပေါ်သစ္စာဖောက်မိရင်


လူတိုင်း ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖုံးဖိထားချင်ကြပါတယ်။ ဒါပေမယ့်
ကိုယ့်ရဲ့ကိစ္စတွေကို သိသွားလို့ လူတစ်ယောက်ဆီက ယုံကြည်မှုပျက်စီးသွား
ရင် အရမ်းမတုန်လှုပ်ပါနဲ့။ ဝန်ခံပါ တောင်းပန်ပါလို့ပဲပြောချင်ပါတယ်။
သူ့ဆီက ယုံကြည်မှုပြန်လိုချင်တဲ့အခါ သင်သွားတဲ့နေရာ၊ သင်ဘယ်သူနဲ့
အတူရှိနေကြောင်း အမှန်တိုင်းပြောပြပါ။ မှားတာလည်းမှားပြီးပြီမို့ မှန်မှန်ကန်ကန်သာနေထိုင်နိုင်အောင်ကြိုးစားပါ။

၎။ စိတ်ရှည်သည်းခံပါ


ယုံကြည်မှုပြန်လည် တည်ဆောက်ယူတယ်ဆိုတာလည်း အချိန်တော့ကြာတတ်
ပါတယ်။ ထိုအချိန်တွင်းမှာ စိတ်ရှည်နေဖို့လိုသလို၊ ကိုယ်,ကိုယ်တိုင်ကလည်း
ဇွဲကောင်းဖို့လိုပါတယ်။ သင့်ကိုမြန်မြန်ယုံကြည်လာအောင်ဆိုပြီး တစ်ဖက်သား
အား ဖိအားပေးတာမျိုးတွေမလုပ်ပါနဲ့။ ကိစ္စတိုင်းဟာ ကိုယ်ထင်ထားသလို တစ်ထပ်တည်းမကျနိုင်တာမို့ အချိန်တော့ပေးရပါမယ်။

၅။ လုပ်ရပ်နဲ့လည်း သက်သေပြ


ကိုယ့်ကိုယုံကြည်ပေးဖို့ဆိုပြီး လေပဲကြီးမနေဘဲ အလုပ်နဲ့လည်း သက်သေပြနိုင်ဖို့လိုပါတယ်။ သင့်ရဲ့အမှားတွေကို အတိတ်မှာထားခဲ့ပြီး လက်ရှိအနေထားမှာပဲ ဘာလုပ်သွားမလဲဆိုတာ သေချာစဉ်းစားဆုံးဖြတ်ပါ။
ဘယ်သူမှ သင်လိုချင်တဲ့အတိုင်း ရာနှုန်းပြည့်ဆက်ဆံပေးနိုင်မှာမဟုတ်ပါဘူး။
ကိုယ့်ဘက်က ရိုးသားဖို့ပဲလိုတာပါ။ တန်ပြန်သက်ရောက်မှုဆိုတာရှိတာမို့
တစ်နေ့ကျ ကိုယ့်ရဲ့ရိုးသားမှုက ရောင်ပြန်ဟပ်မှာပါ။ ယုံကြည်မှုစက္ကူပါးလေး မပျက်စီးသွားအောင် သေချာထိန်းသိမ်းနိုင်ကြပါစေ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *