‘မယ်လိုဒီကြောင့် လူသိများလာတာပါဆိုတဲ မဆူး (ဗိဿနိုး)’

Shares 0

မျိုးမျိုးလို့ ချစ်စနိုးခေါ်ကြတဲ့ မယ်လိုဒီကို အရုပ်မလေးတစ်ယောက်လို စီစဉ်ချုပ်လုပ်ပေးနေရတာကို ကျေနပ်နေတဲ့ မဆူးဟာ အင်တာဗျူးအဖြေတွေကတစ်ဆင့် သူမရဲ့ ဒီဇိုင်နာပညာရပ်တွေနဲ့ မျိုးမျိုးကိုချုပ်ပေးဖြစ်တဲ့ စိတ်ကူးတွေကို မေးကြည့်တဲ့အခါမှာ…..။

Shares 0
1278428_636193703078222_410561123_n.jpg
Shares 0
ပြည်သူတွေရဲ့ ချစ်ခင်နှစ်သက်မှုတွေနဲ့ အားပေးကြရတဲ့ အနုပညာရှင်တွေအတွက် ဖက်ရှင်ကို ပုံဖော်ပေးကြတဲ့ သူတွေကတော့ နောက်ကွယ်က ကြိုးကိုင်ရှင်တွေလို့ ဆိုရမလိုပါပဲ။ ဒီနေ့ခေတ် ဒီနေ့အခါဟာ အနုပညာရှင်တော်တော်များများဟာ သူတို့ရဲ့ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ပြီး Stylist တွေ ဒီဇိုင်နာတွေနဲ့ သူတို့ရဲ့ဖက်ရှင်ကို လှသထက်လှအောင် သူတကာထက်ထူးခြားအောင် အနုစိတ် ခြယ်သလာကြပါတယ်။ အဲဒီလို ပြင်ဆင်ခြယ်သလာတဲ့ သူတွေထဲမှာ မယ်လိုဒီဆိုတဲ့ ပြည်သူချစ်မင်းသမီးလေး တစ်ယောက်ကလဲ အပါအ၀င်ပါပဲရှင်။ မျိုးမျိုးလို့ ချစ်စနိုးခေါ်ကြတဲ့ မယ်လိုဒီကို အရုပ်မလေးတစ်ယောက်လို စီစဉ်ချုပ်လုပ်ပေးနေရတာကို ကျေနပ်နေတဲ့ မဆူးဟာ အင်တာဗျူးအဖြေတွေကတစ်ဆင့် သူမရဲ့ ဒီဇိုင်နာပညာရပ်တွေနဲ့ မျိုးမျိုးကိုချုပ်ပေးဖြစ်တဲ့ စိတ်ကူးတွေကို မေးကြည့်တဲ့အခါမှာ…..။
 

Q: ဒီလောကထဲကို ဘယ်နှခုနှစ်က စပြီးဝင်ရောက်ခဲ့တာလဲ။

A: ၂၀၀၉မှာ စ၀င်ခဲ့တာပေါ့။ စ၀င်ကာစမှာ ချုပ်ဖြစ်တဲ့ ပုံစံက shot dress လေးတွေပေါ့။ ပြီးတော့မှ ဗမာဝတ်စုံ၊ ပြီးတော့ လုပ်ရင်းလုပ်ရင်းနဲ့မှ ပထမဆုံးစဆင်တာ 'မျိုးမျိုး'ပေါ့။ အဲဒီမှာမျိုးမျိုးက Melody World မှာ presenter လုပ်ရတယ်။ အစ်မက အဲဒီမှာမင်းသမီးရှာနေတဲ့အချိန် အဓိကက သူ့ကို မိတ်ကပ် လိမ်းပေးတဲ့ စိမ့်စိမ့်နဲ့ ချိတ်ဆက်မိပြီး Melody World မှာတော့ ၀တ်ဖို့ရှိတယ်။ အစ်မ ချုပ်ပေးမလား ဆိုတာနဲ့ အစ်မ ကလည်း သူ့ကို ကြိုက်တာ နဲ့ တစ်ခါတည်း အဲဒီ ကတည်း က ချုပ်ပေးဖြစ်တာပေါ့နော်။ အစ်မ က သူတစ်ယောက်တည်း ကိုပဲ ပင်တိုင် လုပ်ပေးတာ တခြား ဘယ်သူ့ကို မှ မလုပ်ပေးဖြစ်ဘူး။ သူရှိနေတဲ့ အတွက် အစ်မ လည်း တခြား ကို အားစိုက်ပြီး လုပ်စရာ မလိုတော့သလို ဖြစ်နေတာပေါ့နော်။ သူအလုပ်နားတဲ့ အချိန်၊ ပြန်လုပ်တော့မယ့် အချိန်မှာတော့ အစ်မ အတွက် ပြန်လုပ်ပေးရတဲ့အတွက်တော့ ကျေနပ်တာပေါ့နော်။ ပြန်ရိုက်မယ် ဆိုတာက ကြော်ငြာလေး နည်းနည်းပါးပါးပေါ့နော်။
 

Q: အစ်မအဓိက ချုပ်တာက သူရယ်၊ နောက်ပြီး အပ်ထည်တွေရောလက်ခံလား။

A: အစ်မအသိုင်းအ၀ိုင်း အသိမိတ်ဆွေ အနည်းအကျဉ်းပဲ။ တအား Professional ကြီး လုပ်စားတာတော့ မဟုတ်ဘူး။ အရမ်းကြီးစီးပွားရေးဆန်ဆန်မဟုတ်ဘူး။ ၀ါသနာလည်းပါတယ်။ ကိုယ်ကိုတိုင်ကလည်း အရှင်းဆုံးပြောရရင် မျိုးမျိုးကို ၀တ်ပေးတယ်ဆိုတာ အရုပ်တစ်ရုပ်ကို ထိုင်ပြီးဆင်နေရသလိုကို ကျေနပ်ပြီးလုပ်ပေးတာပါ။ မျိုးမျိုးရဲ့ဟာ အကုန်လုံးအစ်မပဲစီစဉ်ပေးတာ။ ယုတ်စွအဆုံး ည၀တ်အင်္ကျီအစ အစ်မချုပ်ပေးတာပေါ့နော်။ သူဆိုအမြဲပြောတယ်။ အစ်မ မ၀တ်ရသေးတဲ့ဟာတွေ အကုန်သူ့ကို ဆင်ပေးတယ်တဲ့။ ဟုတ်တယ်။ အစ်မကလည်း အစ်မကြိုက်တဲ့ဟာတွေ အကုန်လုံး သူ့ကို ဆင်ပေးဖြစ်တယ်။ 
 

Q: အစ်မ သင်တန်းကျတော့ ဘယ်သူ့ဆီမှာတက်တာလဲ။

A: အခုထိလည်း တက်နေတုန်းပဲသမီး။ တက်တယ်ဆိုတာက အစ်မ ၁၀တန်းအောင်တဲ့ အချိန်က၉၇။ အဲဒီတုန်းက တက္ကသိုလ်တွေက မဖွင့်သေးဘူး။ သင်တန်းကို အဓိကတက်ဖြစ်ရင်းနဲ့ အချုပ်အလုပ်ကို ဦးစားပေးပြီးတက်ဖြစ်တာပေါ့နော်။ ပြီးတော့ ကျောင်းဖွင့်တာနဲ့ အိမ်ထောင်ကျတာနဲ့နားလိုက်ပြီး အခု ၂၀၀၉မှပြန်လုပ်ဖြစ်တာပေါ့နော်။ ကလေးလည်း နဲနဲလွတ်ပြီ။ အစကတည်းကလည်း ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုဖြစ်တဲ့အတွက် အိမ်မှာ ကလေး နဲနဲခေါ်ပြီးလုပ်ဖြစ်တာပေါ့နော်။ အခုလဲ အစ်မသင်တန်းတက်နေတယ်။ အစ်မဆရာမက ရွှေဂုန်သူအိမ်ရာဘက်မှာနေတယ်။ဒေါ်နန်းခမ်းဖူးတဲ့။ သူနဲ့တက်နေတာ။
 

Q: ဘယ်လိုဝတ်စုံကို ချုပ်လုပ်ရတာပို အားသန်လဲ။

A: အကုန်အားသန်တယ်။ ဘာလို့လည်းဆိုတော့ ဒီအလုပ်ကို ၀ါသနာလဲပါတယ်။ ကြိုက်လဲ ကြိုက်တဲ့သူဆိုတော့ ဘာလာလာ အကောင်းဆုံးဖြစ်အောင်ချုပ်တယ်။ အမှန်အတိုင်းပြောရရင် အစ်မက အရမ်းကြီး ရိုးရာကို ဖျက်တာမကြိုက်ဘူး။ သတို့သမီးဝတ်စုံဆိုရင် ဒီဘောင်ထဲကပဲ ယဉ်ယဉ်လေးနဲ့လှပြီး  ကြွနေတဲ့ဟာမျိုးကို ကြိုက်တယ်။ ဒါကိုပဲ အဆန်းတကြယ်ကြီးလုပ်တာဆိုရင်တော့ မကြိုက်ဘူး။ 
 

Q: မမျိုးလိုပဲ တခြားမင်းသမီးတွေကိုရော လုပ်ပေးဖြစ်ဦးမလား။

A: လူတွေလည်းအများကြီးပါပဲ။ ကိုယ်နဲ့တစ်ထပ်တည်းကျမဲ့သူဆိုရင်တော့ ရှာနေတယ်။ မျိုးမျိုးလည်းကူပြီး ရှာပေးနေတယ်။ နောက်ကလေးတစ်ယောက်လောက်ကို ဘယ်သူ့ကို လုပ်ပေးရင်ကောင်းမလဲပေါ့နော်။ ခုချိန်ထိတော့မတွေ့သေးဘူး။ ရှင်းရှင်းပြောရရင် မျိုးမျိုးနဲ့က ဒီကိစ္စကြီးပဲမဟုတ်ဘူး။ တခြားဟာတွေလဲရှိတယ်။ နှစ်ယောက်စလုံးက ညီအစ်မလိုပဲ။ အဲဒါက ပိုအဆင်ပြေတယ်။ စီးပွားရေး ဆန်ဆန်ကြီးတော့ မဟုတ်ဘူးပေါ့နော်။ 
 

Q: ပထမဦးဆုံး အစ်မရဲ့ လက်ဦးဆရာကရော ဘယ်သူဖြစ်မလဲ။ 

A: အဲဒါက အရမ်းရယ်ရတယ်။ ၉၇၊၉၈လောက်မှာ မြန်မာနိုင်ငံကို ကုမ္ပဏီတစ်ခုကနေ ဂျပန်နိုင်ငံကဒီဇိုင်နာတွေ လာသင်ပေးတာပေါ့နော်။ ဒေါ်လာနဲ့သွင်းရတာနော်။ ပြီးလည်းပြီးရော သူတို့က အင်္ကျီချုပ်တဲ့ အစ်မကြီးတစ်ယောက်ကို ဂျပန်ကတ်တလောက်တွေပေးပြီး ချုပ်ခိုင်းတော့ လိမ်သလို ဖြစ်သွားတာပေါ့သမီးရယ်။ အဲဒါတော့ ပထမဦးဆုံးပေါ့။ ကိုယ်က အဲဒါကြီးကိုဖြစ်ချင်တော့ အေးမွန်ရတနာကနေ အိမ်ကိုခေါ်သင်တဲ့ အစ်မကိုခေါ်တယ်။ အဲဒီအချိန်တုန်းကတော့ ဒါကို သဘောကျလို့ နည်းနည်းကနေစပြီးလုပ်တယ်။ ပြီးတော့ကျောင်းတွေလည်းပြန်ဖွင့် အိမ်ထောင်လဲကျရော ရပ်သွားပြန်ရော။ အခုကျတော့ ပြန်လုပ်တော့မယ်ဆိုတော့မှ ကျွမ်းကျွမ်းကျင်ကျင်ညှပ်တတ်တဲ့ ကလေးတွေကိုခေါ်ပြီး အစ်မအရင်က သင်ခဲ့တဲ့ စာအုပ်တွေကို ပြန်ဖတ်တယ်။ အရင်ဦးဆုံး သားသားအင်္ကျီလေးကို ပြန်ချုပ်ဖြစ်တော့ သင်တန်းပြန်တက်ပြီးတော့ ပြန်လုပ်တာပေါ့နော်။ အခုဆို ၂နှစ်တောင်ရှိသွားပြီ။ ပုံမှန်မဟုတ်ဘူး။ သင်တန်းက အချိန်နဲ့မဟုတ်ဘူး။အချိန်မရွေး ကိုယ်နားမလည်တာရှိရင် သွားမေးလို့ရတယ်။ 
 

Q: မယ်လိုဒီကြောင့် မဆူးဖြစ်လာတယ်လို့ ပြောရင်ကော လက်ခံလား။ 

A: မျိုးမျိုးက အစ်မချုပ်လို့ အဆင်မပြေတာရှိရင်တောင် တစ်ချက်မှမညည်းညူခဲ့ဘူး။ တစ်ခါဆို အင်္ကျီက ဘယ်လိုမှစွတ်လို့မရဘူး။ ရတယ်အစ်မဆိုပြီး အင်္ကျီကို ကပ်ကျေးနဲ့ညှပ်ပြီး ချိတ်နဲ့တွယ်ပြီးဝတ်တယ်။ အဲဒီအတွက်လည်း အစ်မကို ငြိုငြင်တာမျိုးမရှိခဲ့ဘူး။ မျိုးမျိုးကြောင့် အစ်မဆိုတာ ဖြစ်လာတာကို ဘယ်သူမှမပြောလည်း အစ်မလက်ခံပြီးသားပါ။
 

Q: အစ်မဆီမှာချုပ်တဲ့ Customer တွေကိုရော ဘာပြောချင်သေးလဲ။

A: အစ်မဆီမှာ ချုပ်တဲ့သူတိုင်းကို အစ်မက စိတ်ချမ်းသာစေချင်တယ်။ သူတို့ဖြစ်စေချင်တဲ့အတိုင်းလည်း အစ်မအတတ်နိုင်ဆုံးချုပ်ပေးတယ်။ အကောင်းဆုံးဖြစ်အောင်ပေါ့နော်။ အစ်မဆီမှာချုပ်တဲ့သူတိုင်း စိတ်မပျက်စေရဘူးလို့ အစ်မအာမခံပါတယ်။
 
Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *