ထိုင်းနဲ့မြန်မာဖက်စပ်ရိုက်မဲ့ ရုပ်ရှင်ကားကြီးမှာ ဒါရိုက်တာတစ်ယောက်အဖြစ်ရိုက်ကူးပုံဖော်မဲ့ ဒါရိုက်တာလူမင်း

dsc02455_resize.jpg
Shares 0

ပရိသတ်ကို ဆန်းပြားတဲ့ အနုပညာဖန်တီးမှုများ ၊ ဒါရိုက်တာတစ်ယောက်ရဲ့ ထက်မြက် စူးရှတဲ့ အတွေးအခေါ် အယူအဆများအပြင် လက်ရှိမှာ သူ့ရဲ့ အိုက်တင်၊ သူရိုက်တဲ့ ဇာတ်ကားများဟာ ပရိသတ်အတွက်တော့ အဆန်းအပြားပါ။ အခုလဲပဲ အာရှရုပ်ရှင်ဈေးကွက်ကိုထိုးဖောက်ဖို့အတွက် ADMA မီဒီယာမှ ပထမဆုံးရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာတစ်ယောက်အနေနဲ့ ရိုက်ကူးပုံဖော်ပေးမဲ့ ဒါရိုက်တာလူမင်းကို မေးဖြစ်တဲ့အခါ ‘အခုအဲဒီကားလေးအတွက် ဝေမင်းမောင်တို့နဲ့တော့ အကြမ်းဖြင်း ဆွေးနွေးထားတယ်။ ကိုယ့်ကို သူတို့က ဒါရိုက်တာအဖြစ်ရော၊ သရုပ်ဆောင်အဖြစ်ရောပါပေးဖို့ပေါ့။ ပထမအဆင့် ဆွေးနွေးမှုပဲရှိပါသေးတယ်။ ရိုက်ကူးမှုပုံစံ၊ ရိုက်ရက်တွေ ညှိနှိုင်းတာတို့ကိုလုပ်ရဦးမှာပါ။ နိုင်ငံခြားက သရုပ်ဆောင်တွေပါမယ် ဆိုတော့လေ။ ကိုယ့်ကို လာကမ်းလှမ်းတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကိုယ်လဲ အရမ်းစိတ်ဝင်စားတယ်။ PEE MAKကားကိုလဲ ကိုယ်ကြည့်ဖူးတယ်။ သူသရုပ်ဆောင်တာလဲ မဆိုးပါဘူး။ ဒီအတောအတွင်းတော့ မရိုက်ဖြစ်သေးဘူး။ ရှေ့နှစ်လောက်မှပဲဖြစ်မယ်။ ဒီလိုရိုက်ကူးမှုမျိုးက တကယ်လုပ်သင့်တဲ့အရာပါ။ ကိုယ်အရင်က လုပ်ဖို့ကြံစည်ဖူးတယ်။ ကျန်စစ်မင်းရိုက်ပြီးတော့ ဒုတိယကားကို ဒီလိုမျိုးဖက်စပ်ရိုက်မယ်လို့စဉ်းစားခဲ့တာ ဒါပေမဲ့ကိုယ်မလုပ်ခဲ့ရဘူး။ သူတို့ဆီက ဈေးကွက်ကိုဒီနည်းနဲ့တိုးဖောက်မှပိုလွယ်မယ်။ သူတို့ဆီက သူတို့ကြိုက်တဲ့ သရုပ်ဆောင်တွေပါတော့ ဈေးကွက်တိုးဖို့လမ်းကြောင်းပိုဖြစ်တာပေါ့။’လို့ပြောပြခဲ့ပါတယ်။

သရုပ်ဆောင်ရော၊ ဒါရိုက်တာရော၊ ရုပ်ရှင်အစည်းအရုံးဥက္ကဌ ပါလုပ်နေရတဲ့အတွက် အားလပ်ချိန်နည်းပါးလွန်းတယ်လို့ ပြောတဲ့ သူက ‘မိသားစုအတွက်မိနစ်ပိုင်း၊ နာရီပိုင်းတောင်တစ်ရက်တစ်ရက်ပေးဖို့အခက်အခဲဖြစ်ပါတယ်။ ဒါတောင် ကိုယ်ကားရိုက်တွေလျော့ချထားတာ။ အဲဒီကြားထဲကကို အချိန်က ကိုယ့်အတွက် အရမ်းကိုနည်းလွန်းပါတယ်။ ကိုယ်အခု တစ်လကို ၂ကားပဲရိုက်တော့တယ်။ ကျန်တဲ့ရက်က အစည်းအရုံးအလုပ်လုပ်တယ်။ ကားရိုက်ဆို ညှိပြီးလုပ်နေရတယ်ပေါ့နော်။ ကိုယ့်အခန်းရိုက်ခါနီးကျမှ အပြေးသွားရတာဆိုတော့လေ။ အဲဒီအတွက်အားလုံးကို ညှိနှိုင်းပြီးလုပ်နေရပါတယ်။ ရုပ်ရှင်အစည်းအရုံးရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တာနဲ့အညီ အခုကိုယ်ဆို တစ်ခုခုလုပ်ချင်ရင်တောင်မလုပ်ရဲဘူး။ဆင်ခြင်ရတယ်။  အားလုံးသိအောင်၊မြင်အောင် ပြရတယ်။ ဘာလို့လဲဆိုတော့ လောကသားတွေလူမညီတဲ့ကိစ္စပေါ့။ အလုပ်တစ်ခုလုပ်တဲ့အခါမှာ ညှိပြီးလုပ်နေရတဲ့အတွက် အချိန်ကြန့်ကြာမှုလေးတွေတော့ရှိတာပေါ့နော်။အဲဒီလိုသာ ရှေ့ဆက်သွားမယ်ဆိုရင် ကိုယ်စိုးရိမ်တာက ၂၀၁၅ဆိုရင် ဒီအာဆီယံအဖွဲ့ဝင်နိုင်ငံကြီးဖြစ်သွားရင် ကိုယ်တို့လောကတွေလဲချိန်းရမှာပေါ့နော်။ အခုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုယ်တို့တိုင်းပြည်ကို ၀င်လာပေမဲ့ ကိုယ်တို့အနုပညာလောကကို တစ်ပြားမှမ၀င်သေးဘူး။ ကိုယ်တို့ဆီမှာ ဒေါ်လာတစ်သန်းဆိုတာက အိပ်မက်လို့မရလောက်တဲ့ ပမာဏဆိုပေမဲ့ ဒေါ်လာသန်းပေါင်းကို ရာနဲ့ထောင်နဲ့ချီပြီးဝယ်နိုင်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေသာဝင်လာခဲ့ရင် ကိုယ့်လောကသားတွေ ငုတ်တုတ်ဖြစ်မှာ။ အဲဒီအတွက် ကိုယ်ကြိုတင်ပြီးပြင်ဆင်ချင်တယ်။ ကိုယ့်လောကသား တွေနဲ့ဆွေးနွေးချင်တယ်။ ငြင်းခုန်ချင်တယ်။ အခုက ဘာမှမဟုတ်တဲ့အရာတွေကိုပဲ ဆွေးနွေးငြင်းခုန်နေရသလိုဖြစ်နေတယ်။’ လို့ပြောပြပေးခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *