ဟစ်ပ်ဟော့ပ်၏အစ (သို့) ယဉ်ကျေးမှုကြီး (၄)ရပ်

578338.jpg
Shares 0

 

ဟစ်ပ်ဟော့ပ်ဆိုတဲ့စကားလုံးဟာ မတူညီတဲ့ ဗန်းစကားနှစ်လုံးကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ ဟစ်ပ် ဆိုတာ အာဖရိကန်-အမေရိကန်သုံး အင်္ဂလိပ်စကားလုံးဖြစ်ပြီး ၁၈၉၈ခုနှစ်ထက်စောပြီးပေါ်နေတဲ့ စကားလုံးပါ။ လက်ရှိဆိုပြီး အဓိပ္ပါယ်ရပါတယ်။ ဟော့ပ်ဆိုတဲ့စကားလုံးကတော့ လှုပ်ရှားမှုဆိုတဲ့ အဓိပ္ပါယ်ကိုဆောင်ပါတယ်။

၁၉၇၀ပြည့်လွန်နှစ်တွေအတွင်းမှာ ဟစ်ဟော့ပ်ဆိုပြီးလူသိများတဲ့ မြို့ပြလှုပ်ရှားမှုတစ်ရပ်ဟာ နယူးယောက်စီးတီးရဲ့ South Bronx ဆိုတဲ့အရပ်မှာ စတင်ဖြစ်တည်လာခဲ့ပါတယ်။ ကနဦးပိုင်းမှာတော့ emceeing ဆိုတဲ့ ရပ်(ပ်)ရွတ်ဆိုခြင်း၊ breakbeats ဆိုတဲ့ စည်းချက်လိုက်ခြင်းနဲ့ house parties ဆိုတဲ့ ပါတီပွဲတွေကျင်းပခြင်း စတာတွေအပေါ်မှာ အာရုံစိုက်လုပ်ဆောင်ခဲ့ကြပါတယ်။ Sedgwick ရိပ်သာလမ်း၊ အမှတ်၁၅၂၀မှာရှိတဲ့ DJ Kool Herc ရဲ့အထပ်မြင့်တိုက်ခန်းမှာ စတင်ခဲ့ရာကတဆင့် စီရင်စုတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ DJ Kool Herc ရဲ့ house parties ပွဲတွေဟာကျော်ကြားလာခဲ့ပြီး၊ နောက်ပိုင်းမှာ အိမ်တွေမှာတင်မဟုတ်တော့ပဲ လူများများပါဝင်ဆင်နွဲနိုင်အောင် ပြင်ပနေရာတွေမှာပါဆင်နွှဲလာခဲ့ကြပါတယ်။ ပန်းခြံတွေထဲမှာကျင်းပခဲ့ကြပြီး ၊ အဲ့ဒီ့ ပြင်ပပါတီပွဲတွေဟာ စိတ်ခံစားချက်ဖော်ကျူးရာ၊ လူငယ်တွေအတွက်ထွက်ပေါက်ဖြစ်ရာ၊ နေရာတွေဖြစ်လာပါတယ်။ လူငယ်တွေဟာလမ်းပေါ်မှာ ဒုက္ခရောက်ကြရမယ့်အစား ၊ မျိုသိပ်ထားရတဲ့စိတ်တွေ ဖွင့်ထုတ်ပစ်ဖို့ နေရာတစ်ခုရလာကြပါတယ်။ Old School Hip Hop အဖွဲ့ဖြစ်တဲ့ Cold Crash Brothers ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Tony Toneက ‘ဟစ်ပ်ဟော့ပ်ဟာ ဘ၀ပေါင်းများစွာကို ကယ်တင်လိုက်တာပါပဲ’ လို့မှတ်ချက်ပေးခဲ့ဖူးပါတယ်။ ဟစ်ပ်ဟော့ပ် ယဉ်ကျေးမှုဟာ အမေရိကမှာလူနည်းစုဖြစ်တဲ့ အာဖရိကန်တွေရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကိုရင်ဆိုင်ဖို့ နည်းလမ်းတစ်ရပ်ဖြစ်လာပါတယ်။ အကြမ်းဖက်မှု နဲ့ လူဆိုးဂိုဏ်း ယဉ်ကျေးမှုတွေဆီကနေ လွတ်မြောက်ရာ ထွက်ပေါက်လဲဖြစ်လာပါတယ်။ ‘လူတွေက တစ်ယောက်နဲ့တစ်ယောက် ရိုက်နှက်ရန်ဖြစ်ကြမယ့်အစား break-dance ကိုယှဉ်ပြိုင်ကကြတယ်။’ လို့ MC Kid Lucky ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ DJ Kool Herc ရဲ့လမ်းညွှန်ချက်တွေနဲ့အတူ Afrika Bambaataa ဟာဟစ်ပ်ဟော့ပ်ဆိုတဲ့စကားလုံးကိုသုံးပြီး Universal Zulu Nation လို့ခေါ်တဲ့ street အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်လေးတွေကို အကြမ်းဖက်၊လူဆိုးဂိုဏ်း ဘ၀တွေထဲကနေ ဆွဲထုတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပြည်သူ့အခွင့်အရေးလှုပ်ရှားမှု လုပ်ဆောင်နေကြတဲ့ အမေရိကန်လူမဲ လူငယ်တွေဟာ ၁၉၈၀နဲ့၁၉၉၀ ပြည့်လွန်နှစ်တွေမှာ လှုပ်ရှားမှုကိုဖော်ညွှန်းဖို့အတွက် ဟစ်ပ်ဟော့ ယဉ်ကျေးမှုကို အသုံးပြုလာကြပါတယ်။

၁၉၉၀ပြည့်လွန်နှစ်တွေမှာ gangsta rap တွေဟာ စီးပွားရေးအရအောင်မြင်လာခဲ့ပြီး၊ မူးယစ်ဆေး၊ အကြမ်းဖက်မှု နဲ့ မိန်းမမုန်းတီးတဲ့ အကြောင်းတွေကို အသားပေး ရွတ်ဆိုလာကြပါတယ်။

အစောပိုင်းကာလမှာ gangsta  rap ကိုထောက်ခံအားပေးတဲ့သူတွေထဲမှာ Ice-T ဆိုတဲ့ အဆိုတော်၊ရုပ်ရှင်မင်းသားတစ်ဦးရှိပါတယ်။ Ice-T ဟာ ပထမဆုံး gangster rap လို့သတ်မှတ်လို့ရတဲ့သီချင်းတွေထဲမှာအပါအ၀င်ဖြစ်ကြတဲ့ 6 in the morning တို့၊ N.W.A တို့ကိုအသံသွင်းထုတ်လုပ် ခဲ့တဲ့သူဖြစ်ပါတယ်။

Gangsta rap ဟာ ယနေ့ခေတ်ရေစီးကြောင်းမှာဖြစ်တည်နေတဲ့ ဟစ်ပ်ဟော့ပ်ဖြစ်လာဖို့ အရေးပါတဲ့ အပိုင်းတစ်ခုပါပဲ။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန ရဲ့မှတ်တမ်းတွေအရ ဟစ်ပ်ဟော့ပ်ဟာ ကမ္ဘာသုံးဂီတအမျိုးအစားတစ်ခုဖြစ်သလို ကမ္ဘာအနှံ့မှာ ဟစ်ပ်ဟော့ပ် ဖက်ရှင်ဟာလည်း ရေပန်းစားနေတယ်လို့ သိရပါတယ်။ လစဉ်ထုတ် အမေရိကန်မဂ္ဂဇင်းဖြစ်တဲ့ National Geographical မဂ္ဂဇင်းကလည်း ဟစ်ပ်ဟော့ပ်ဟာ တစ်ကမ္ဘာလုံးကြိုက်တဲ့ လူငယ်ယဉ်ကျေးမှု အဖြစ်အသိအမှတ်ပြုထားပါတယ်။ ဒီကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတိုင်းမှာလည်း သူ့ပုံစံနဲ့သူ ရပ်(ပ်) ကဖွံ့ဖြိုးနေပြီးသားပါပဲ။

ဟစ်ပ်ဟော့ပ်ယဉ်ကျေးမှုကြီး ၄ရပ်ကတော့ ၁။B-boying (Street Dance) ၂။MCing (Rapping) ၃။Graffiti နဲ့ ၄။ DJing (Disc Jockeying) တို့ပဲဖြစ်ပါတယ်။

၁။B-boying

၁၉၂၄ခုနှစ် Cotton Club မှာဖျော်ဖြေတဲ့ Earl Tucker ဆိုသူဟာ အကပုံစံတစ်မျိုးကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီ့ အကပုံစံဟာ နောက်ပိုင်းမှာ b-boying လို့ကျော်ကြားလာပြီး ဟစ်ပ်ဟောပ့် ယဉ်ကျေးမှုတစ်ရပ်အဖြစ်လွှမ်းမိုး လာခဲ့ပါတယ်။ b-boying ဟာအခြားဟစ်ဟော့ပ် ယဉ်ကျေးမှုတွေလိုပဲ  ၁၉၃၀ပြည့်လွန်နှစ်များခေတ် street အက တွေအပါအ၀င် များစွာသောယဉ်ကျေးမှုတွေဆီကနေ စီးဆင်းလာခဲ့ပါတယ်။ ဘရာဇီးသိုင်းအက၊ အာရှသိုင်းအက၊ ရုရှားကျေးလက်အက၊ ကာလီဖိုးနီးယား street အက နဲ့ James Brown, Michael Jackson, တို့ရဲ့ကကွက်တွေကိုပါ ပေါင်းစပ်ခဲ့ကြပါတယ်။

၂။MCing

ရပ်(ပ်)ရွတ်တာကို Emceeing, MCing, spitting , rhyming စသဖြင့်ခေါ်ကြပါတယ်။ လိုက်ဖက်ညီတဲ့စည်းချက်နဲ့အတူ ကာရန်ကိုက်စကားလုံးတွေနဲ့ ရွတ်ဆိုတာ၊ သံပြိုင်ရွတ်ကြတာပါ။ အကြောင်းအရာ၊ စည်းချက်နဲ့ကာရန် နဲ့ ရွတ်ဆိုပုံ ဆိုပြီး မတူညီတဲ့ အပိုင်းတွေခွဲထားလို့ရပါတယ်။ ကဗျာ တွေနဲ့ စကားပြောကြတယ်လို့ ထင်ရှားပေမယ့် beats တွေကြားမှာ ဂီတကိုပေါ်လွင်အောင် အချိန်ကိုက်၊ အချိန်ကိုက် သီဆိုရတာပါ။ မြန်တယ်၊ ဗန်းစကားနဲ့ပြောတယ်၊ ဂီတပုံစံနဲ့ ရုတ်ချည်းခွန်းတုံ့ပြန်ပြောတယ်၊ ဆိုတာတွေကိုဖော်ပြဖို့အတွက် ရပ်(ပ်) ဆိုတဲ့စကားလုံးကိုသုံးထားတာပါ။

၃။Graffiti

၁၉၆၀ပြည့်လွန်နှစ်များအတွင်း အမေရိကန်မှာ Graffitiဆိုတဲ့ နံရံဆေးမှုတ်အတတ်ကို နိုင်ငံရေးဝါဒီတွေက စိတ်ခံစားချက်ဖော်ပြတဲ့ ပုံစံတစ်ရပ်အနေနဲ့ အသုံးပြုခဲ့ပါတယ်။ Savage Skulls , La Familia and Savage Nomads စတဲ့လူဆိုးဂိုဏ်းတွေက လည်း ပိုင်နက်ခွဲခြားသတ်မှတ်တဲ့အနေနဲ့ အသုံးပြုကြပါတယ်။ ၁၉၇၀နဲ့၁၉၇၁ ခုနှစ်လောက်မှာ Graffiti ဟာနယူးယောက်မြို့မှာခေတ်စားလာခဲ့ပါတယ်။ လမ်းနံပါတ်ကအစ၊ နံမည်ပြောင်တွေ၊ ရထားတွေ၊ မြေအောက်လိုင်းတွေမှာ Graffiti တွေရေးဆွဲလာကြပါတယ်။

Graffiti နဲ့ ဟစ်ပ်ဟော့ပ် ယဉ်ကျေးမှုကြားထဲကဆက်သွယ်ချက်ဟာစောလွန်းပါတယ်။ အစောပိုင်းGraffiti အနုပညာရှင်တွေဟာ အခြားဟစ်ပ်ဟော့ပ် ယဉ်ကျေးမှုတွေကိုအစမပျိုးခင်ကတည်းက  စလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရပ်(ပ်)ဂီတကို အမြင်အာရုံပိုင်းအရ ဖော်ညွှန်းရာအနုပညာတစ်ရပ်အဖြစ် Graffiti ကိုနားလည်လက်ခံလာခဲ့ ကြပါတယ်။ တစ်ဖက်မှာလည်း B-boying ဟာ ရုပ်ပိုင်းအရ ရပ်(ပ်)ဂီတကို ဖော်ညွှန်းတဲ့ အနုပညာတစ်ရပ်ဖြစ်နေပါတယ်။ ၁၉၈၃ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Wild Style ဆိုတဲ့ရုပ်ရှင်ဇာတ်ကားဟာ ပထမဆုံးသော ဟစ်ပ်ဟော့ပ် ရုပ်ရှင်ကား အဖြစ်သတ်မှတ်ခံရပြီး အဲ့ဒီ့ဇာတ်ကားမှာ နယူးယောက်မြို့တွင်း အထင်ကရဖြစ်တဲ့ Graffiti လက်ရာတွေကိုမြင်တွေ့ရမှဖြစ်ပါတယ်။ Subway Art ဆိုတဲ့စာအုပ်၊ Style Wars ဆိုတဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့လည်း ဟစ်ဟော့Graffiti တွေကိုလူထုကြားထဲချပြနိုင်ခဲ့ပါတယ်။

၎။DJing

Turntablism ဆိုတဲ့ သီချင်းတွေကို ကစားရတဲ့စနစ်၊ ဓါတ်ပြားစနစ် (phonograph turnables) နဲ့ DJ mixer တွေကိုအသုံးပြုပြီး ဂီတကိုဖန်တီးတဲ့ ပညာရပ်တစ်ခုပါပဲ။ DJ စနစ်ကို စတင်ဖန်တီးခဲ့သူကတော့ Kool DJ Herc ဖြစ်ပါတယ်။ Kool Herc ရဲ့နည်းစနစ်တွေနဲ့အတူ DJပညာရှင်များဖြစ်ကြတဲ့ Grandmaster Flowers, Grandmaster Flash, Grand Wizard Theodore နဲ့ Grandmaster Caz တို့ဟာ Scratching ဆိုတဲ့ DJ ရှေ့နောက်ပွတ်ဆွဲတဲ့စနစ်ကို အစပျိုးခဲ့ကြပါတယ်။ ထုံးစံအရတော့ DJ ပညာရှင်တစ်ဦးဟာ turnable devices နှစ်ခုကို တစ်လှည့်စီအသုံးပြုတာပါ။ အဲ့ဒီစက်တွေကို DJ mixer, amplifer, speakers နဲ့ အခြား လျှပ်စစ်သုံး စက်ကိရိယာအချို့နဲ့ ဆက်သွယ်ထားပါတယ်။ DJ တစ်ယောက်ဟာ အထက်မှာဖော်ပြခဲ့တဲ့ နည်းစနစ်တွေကို အသုံးပြုပြီး စက်တွေကိုကျွမ်းကျင်စွာကိုင်တွယ်ပြီး ဖျော်ဖြေရပါတယ်။ နောက်ဆုံးမှာတော့ မတူညီတဲ့သီချင်းနှစ်မျိုးကို ပေါင်းစပ်ပြီး ထူးခြားတဲ့အသံတစ်ရပ်ကို ဖန်တီးလာနိုင်ပါတယ်။

ဟစ်ပ်ဟော့ပ်ကို စတင်ခဲ့တဲ့ အစောပိုင်းနှစ်ကာလတွေမှာ DJပညာရှင်တွေဟာ အကျော်ကြားဆုံးသူတွေဖြစ်ခဲ့ ပေမယ့် ၁၉၇၈ ခုနှစ်ကစပြီး MCs တွေဟာ အဲ့ဒီ့နေရာကိုရလာခဲ့ကြပါတယ်။

Ref:Wikipedia

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *