တစ်ခါတစ်လေတော့လည်း အလွမ်းတေးသီချင်း နဲ့ လွမ်းဆွေးရင်း

sad_music.jpg
Shares 0

အလွမ်းတေးတွေ နားထောင်ရတာ ကြိုက်ပါသလား။ အလွမ်းတေးတွေ ကို ခံစားရာမှာ ကျွန်တော်တို့ လူသားတွေရဲ့ စိတ်ခံစားချက်တွေဟာ အပြုသဘောဆောင်တဲ့ဘက်ကို ရောက်သွားပြီး သာယာတဲ့ ခံစားချက်တွေလည်း ဖြစ်လာပါတယ်။

ပျော်ရွှင်တက်ကြွတဲ့သီချင်းနှစ်ပုဒ်နဲ့ လွမ်းဆွေးဖွယ် သီချင်းနှစ်ပုဒ်ကို ယှဉ်ပြီး နားထောင်ကြည့်ပါ။ ရလာတဲ့ စိတ်ခံစားချက် ချင်းတူညီမှာ မဟုတ်သလို လွမ်းဆွေးဖွယ် သီချင်းတွေဟာ အပြုသဘော ပိုဆောင်နေတာကို တွေ့ရပါလိမ့်မယ်။ တစ်ခါတစ်လေတော့လည်း အလွမ်းတေးတစ်ပုဒ်နဲ့ အလွမ်းအဆွေးတွေ လုပ်ကြရအောင်။

အလွမ်းတွေးအဖြစ် Glink ရဲ့ La Separation (F minor key) နဲ့ Blumenfeld ရဲ့ Etude Sur Mer ( G minor) သီချင်းတွေကို နားထောင်ပြီး၊ ပျော်စရာတေးအဖြစ် Granados ရဲ့ Allegro de Concierto (G major key) ကို နားထောင်ကြည့်ပါ။ ဒီနေရာမှာ အချက်အလက် တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဂီတသီအိုရီအရ minor key နဲ့ ဖွဲ့သီထားတဲ့သီချင်းကို နားထောင်ရင် လွမ်းဆွေးဓါတ်ခံပေါ်လာပြီး major key အဖွဲ့တွေကို နားထောင် ရင်တော့ ပျော်ရွှင်တက်ကြွလာ မှာဖြစ်ပါတယ်။ သီချင်းတစ်ပုဒ် နားထောင်ရင်း ကြက်သီးထ သွားတတ်တဲ့ အခါမျိုး ကြုံဖူးကြမှာပါ။ ဒါဆိုရင်တော့ minor key နဲ့ဖွဲ့သီ ထားတဲ့သီချင်း ဖြစ်ဖို့များသွားပါပြီ။

ကျွန်တော်တို့နိုင်ငံရဲ့ အထွတ်အမြတ်ထားရာ တေးတစ်ပုဒ်ဖြစ်တဲ့ နိုင်ငံတော်သီချင်းကို နားထောင်တဲ့အခါ သင်ဘယ်လို ခံစားရပါသလဲ။ တချို့ကတော့ ပျော်ရွှင်တက်ကြွလာတယ်လို့ ဆိုကြသလို တချို့ကတော့ ၀မ်းနည်းချင်သလိုလိုကြီးပါတဲ့။ ဒါဟာ ဂီတရဲ့ အစွမ်းအစ ပါပဲ။ ကျွန်တော်တို့ နိုင်ငံတော် သီချင်းကို ဖွဲ့သီထားတဲ့ key ကတော့ minor ပါ။ ပျော်ရွှင်တယ်ပဲပြောပြော၊ ၀မ်းနည်းသလိုလိုပဲ ဖြစ်ဖြစ်၊ minor key အဖွဲ့ တစ်ရပ်ဖြစ်တဲ့အတွက် သေချာတာကတော့ ကျွန်တော်တို့နိုင်ငံတော် သီချင်းကို နားထောင်လိုက်တဲ့အခါမှာ ကြက်သီးမွှေးညှင်းတွေထလာမယ်၊ မျိုးချစ်စိတ်၊ နိုင်ငံတော်ချစ်စိတ်တွေဟာ အသွေးထဲ အသားထဲက နေ တဖွားဖွား စိမ့်ထွက်လာမယ်။ ဒါဟာ minor key အဖွဲ့ ရဲ့ စွမ်းအားတစ်မျိုးပါပဲ။

သာမန်အားဖြင့် လူအများစု တွေးထားဖူးတာက ၀မ်းနည်းကြေကွဲဖွယ် သီချင်းနားထောင်တဲ့သူရဲ့ စိတ်မှာ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေဟာ မနှစ်မြို့ဖွယ် မသာမယာ ခံစားချက်တွေ ဖြစ်လာတယ် လို့ပေါ့။ တကယ့် တကယ် မနှစ်မြို့ဖွယ် မသာမယာသာ ခံစားရကြေးဆို ဒီလိုသီချင်းအမျိုးအစားတွေကို ဘယ်သူမှ နားထောင်တော့ မှာမဟုတ်ပါဘူး။ တကယ့်တကယ် ၀မ်းနည်း ကြေကွဲဖွယ် ဂီတပုံစံတစ်ရပ်ဟာ ချစ်စိတ်ကူးယဉ် ဆန်စေသလို လွမ်းဆွေးဖွယ် ခံစားချက်မျိုးကို ပေးစွမ်းပါတယ်။ ပျော်ရွှင်ဖွယ်နဲ့ လွမ်းဆွေးဖွယ် ဂီတ နှစ်မျိုးကို ယှဉ်နားထောင်ကြည့်မိတဲ့ စာဖတ်သူတို့ဟာလည်း ရတာတဲ့ခံစားချက်နဲ့ ကိုယ်ထင်တားတဲ့အထင် မတူတာမျိုးတွေကြောင့် မတင်မကျ ခံစားချက်မျိုးတွေ ဖြစ်တတ်ပါတယ်။

အနုပညာအစွမ်း၊ ဂီတရဲ့အစွမ်းနဲ့ ဖော်ကျူးလိုက်တဲ့ လွမ်းဆွေးဝမ်းနည်းဖွယ် ခံစားချက်မျိုးဟာ  ခံစားလို့ကောင်းပါတယ်။ ဒီခံစားချက်မျိုးဟာ လက်တွေ့နေ့စဉ်ဘ၀မှာ တွေ့ကြုံခံစားရတဲ့ လွမ်းဆွေး ၀မ်းနည်း ကြေကွဲ ရတဲ့ ခံစားချက်တွေနဲ့ ပုံစံချင်းမတူပါဘူး။ ပျော်လို့ ပျော်တဲ့သီချင်းနားထောင်ရင် ပိုပျော်ရသလို၊ လွမ်းဆွေးဝမ်းနည်းလို့ အလွမ်းတေး နားထောင်ရင် ပိုပြီး လွမ်းဆွေးဝမ်းနည်းရ တဲ့အပြင် ကိုယ့်နေရာမှာ တခြားသူတွေဆိုရင်ရော ဘယ်လိုခံစားရမလဲ ဆိုတဲ့ အသိအမြင်မျိုးတွေ ရလာနိုင်ပါတယ်။

Ref:herworldplus/I.P.

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *