ဂီတတူရိယာကို အစပျိုးတီးခတ်မယ့်သူများအတွက် အကြံပေးချက်

img_1214.jpg
Shares 0

ဂီတတူရိယာ တီးခတ်နည်းကို လေ့လာဖို့ ဆန္ဒရှိပြီးပြီဆိုရင် နောက်တစ်ဆင့်က သေသေချာချာမှတ်သား ဖို့ပါပဲ။ တူရိယာတစ်ခုကို ကျွမ်းကျင်ချင်တယ်ဆိုရင် အဆက်မပြတ်လေ့ကျင့်ပါ လို့ ဘယ်ဂီတ ပညာရှင်မဆိုပြော ပါလိမ့်မယ်။ အတီးအမှုတ် စတင် လေ့ကျင့်မယ့်သူတိုင်းအတွက် အကြံဉာဏ်အချို့ ပေးလိုက်ပါတယ်။

၁။ နေ့တိုင်းလေ့ကျင့် ဖြစ်အောင်လုပ်ပါ။

အတော်ဆုံး ဂီတပညာရှင်တောင် သူတို့ရဲ့တူရိယာကို နေ့တိုင်း လေ့ကျင့်ရပါတယ်။ သင့်ရဲ့ နေ့စဉ်ပုံမှန် ကိစ္စတစ်ခုလို လေ့ကျင့်ပါ။ ဘယ်အချိန်မှာ လေ့ကျင့်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကိုလဲ စဉ်းစား ဆုံးဖြတ်ပါ။ နံနက်စောစော ထပြီးလေ့ကျင့်ရတာ ကြိုက်တယ်ဆိုရင် အလုပ်လည်းနောက်မကျရ လေအောင် အနည်းဆုံး တစ်နာရီလောက် စောပြီးထပါ။ ညပိုင်းလေ့ကျင့်ရ တာကြိုက်တယ် ဆိုရင်တော့ မအိပ်ချင်လာခင်၊ အိပ်ရာမ၀င်ခင် လေ့ကျင့်ပါ။ ဒီတစ်နေ့ မလေ့ကျင့်ဖြစ်ဘူး ဆိုရင်လဲ စိတ်မပူပါနဲ့။ ဒါပေမဲ့ လွတ်သွားတဲ့ လေ့ကျင့်ခန်းအတွက် ကာမိအောင် နောက်တစ်နေ့မှာ လေ့ကျင့်ချိန်ပိုယူရမှာပါ။

၂။ လက်လေ့ကျင့်ခန်း၊ သွေးပူလေ့ကျင့်ခန်း တွေလုပ်ဖို့ အမြဲသတိရှိပါ။

အတီးသမားကောင်း တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် လက်လေ့ကျင့်ခန်းတွေနဲ့ အခြား သွေးပူလေ့ကျင့်ခန်း တွေဟာ အတော်လေးအရေးပါပါတယ်။ သွေးပူလေ့ကျင့်ခန်းဆိုတာဟာ သီချင်းတွေ လေ့ကျင့်ခန်းတွေကို တန်းမတီးခင်မှာ စကေးတွေ၊ နုတ်အလုံး အတက်အဆင်းတွေ လေ့ကျင့်တာပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ သင့်ရဲ့လက်နဲ့ လက်ချောင်းတွေကို ပြောင်းလွယ်ပြင်လွယ် စေရုံသာမက ထိခိုက်မှုအန္တရာယ်တွေကိုလည်း လျှော့ချပေးမှာပါ။ ဘယ်ဂီတတူရိယာ ပညာရှင်မဆို မဖျော်ဖြေခင်၊ သီချင်းမတီးခင်မှာ သွေးပူလေ့ကျင့်ခန်း လုပ်ကြရပါတယ်။ အကြောအချင် မလျှော့ပဲနဲ့ မာရသွန်ပြေးလို့ မရဘူးလေ။ ဟုတ်တယ်ဟက်လား။ ဒီလိုပဲပေါ့ တူရိယာတစ်ခုမတီးခင်မှာလည်း သွေးပူလေ့ကျင့်ခန်းလုပ်ရပါတယ်။

၃။ အနည်းဆုံး မိနစ် ၂၀ နေ့စဉ်လေ့ကျင့်ပါ။

ဘာလို့ မိနစ် ၂၀ လေ့ကျင့်ရမှာလဲ။ တူရိယာတစ်ခုကို စတီးသူတွေအတွက် သင့်တော်တဲ့ အချိန်တစ်ခုကို သိထားပါတယ်။ မိနစ်၂၀ လေ့ကျင့်တာဟာ ဘာမှမရလိုက်အောင် တိုတောင်းလှတဲ့ အချိန်မဟုတ်သလို၊ ပျင်းသွားလောက်တဲ့ အချိန်အကြာကြီးလဲ မဟုတ်ပါဘူး။ အခုပြောတဲ့ မိနစ်၂၀ ဆိုတာ လေ့ကျင့်ခန်းအတွက် သီးသန့်အချိန်ဖြစ်ပါတယ်။ ၅မိနစ်သွေးပူလေ့ကျင့်ခန်းလုပ်၊ နောက် ၅မိနစ်ခဏနား၊ ပြီးရင် ပုံမှန်လေ့ကျင့်ခန်း တွေ လုပ်ရမှာပါ။ အဲ့ဒီတော့ ဆိုလိုတာက တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ အချိန်ပေးရမှာပါ။ ဒီလိုနဲ့ စလေ့ကျင့်လာရင်း တူရိယာအပေါ် စိတ်ဝင်စားမှုက တက်လာပြီး နေ့စဉ်လေ့ကျင့်ချိန်ကလည်း များလာမှာပါ။

၎။ ခန္ဓာကိုယ် နဲ့ တသားတည်းကျပါစေ။

ဂီတတူရိယာတစ်ခုကို တီးခတ်ရင် စိတ်နဲ့တစ်သားတည်းကျဖို့ လိုသလို ခန္ဓာကိုယ်နဲ့လည်း တစ်သားတည်း ကျရမှာပါ။ သင့်ရှေ့မှာရှိတဲ့ နုတ်စာရွက်ကို အားစိုက်ကြည့်လို့ မျက်စိအောင့်တယ်ဆိုရင် မျက်စိစစ်ဆေးကြည့်ပါ။ တူရိယာကထွက်လာတဲ့ အသံ (tone) တွေကို ဝေခွဲရခက်တယ်ဆိုရင် နားစစ်ဆေးကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ဖို့ထိုင်လိုက်တိုင်း ကျောနာနေမယ်ဆိုရင် ခန္ဓာကိုယ် အနေအထားကို ပြင်ထိုင်ဖို့လိုပါပြီ။

၅။ လေ့ကျင့်တဲ့ နေရာဟာ သက်သောင့်သက်သာရှိပါစေ။

ထိုင်ခုံက သက်တောင့်သက်သာရှိရဲ့လား။ အခန်းကရော လေ၀င်လေထွက် ကောင်းရဲ့လား။ သင့်တင့်တဲ့ အလင်းရောင်ရော ရရဲ့လား။ လေ့ကျင့်တဲ့နေရာဟာ သက်တောင့်သက်သာ ဖြစ်နေရမှာဖြစ်ပြီး အာရုံစိုက်နိုင်အောင် အဖျက်အနှောင့်အယှက် တွေကင်းရင်ပိုကောင်းပါတယ်။ ရာသီအလိုက် လေ့ကျင်ချိန်ဇယား ကိုလည်း ညှိုသင့်ပါတယ်။ ဥပမာ နွေရာသီမှာ ပိုပူတဲ့အတွက် အေးအေးချမ်းချမ်း ဖြစ်မယ့် နံနက်စောစော အချိန်ကို ရွေးပြီးလေ့ကျင့်ပါ။ ဆောင်းရာသီမှာ ဆိုရင်တော့ နေ့လည်နေ့ခင်း မှာ လေ့ကျင့်သင့် ပါတယ်။

၆။ ပြိုင်ပွဲမဟုတ်ဘူးဆိုတာ သိထားပါ။

သင်ယူတတ်မြောက်နှုန်းဟာ တစ်ဦးနဲ့တစ်ဦး မတူဘူးဆိုတာကို သိထားပါ။ တချို့က တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူ သင်ယူရသလို တချို့ကလည်း အမြန်တတ်ပါတယ်။ အတန်းဖော်တွေထက် သင့်ရဲ့ တိုးတက်မှုနှုန်းက နှေးတယ်လို့ ခံစားနေရရင် ဒါဟာရှက်စရာ မဟုတ်ဘူးဆိုတာကို သိထားပါ။ ယုန်နဲ့လိပ် ပုံပြင်ကို မမေ့ပါနဲ့။ အကောင်းဆုံး ဂီတပညာရှင်တိုင်းဟာ စိတ်ဓါတ်ကြံ့ခိုင်ပြီး စိတ်ရှည်ရှည်နဲ့ သင်ယူလေ့လာခဲ့ကြသူချည်းပါ။ နှလုံးသားနဲ့ ခံစားပြီး တီးခတ်ရတဲ့ကိစ္စတစ်ခုမှာ သင်ယူတတ်မြောက်နှုန်း နှေးတာ မြန်တာဟာ အဓိကမကျပါဘူး။

၇။ ဆရာနဲ့ ပွင့်ပွင့်လင်းလင်း ရှိပါစေ။

ဆရာခေါ်ပြီး တစ်ဦးတည်း သင်ယူတာပ ဖြစ်ဖြစ်၊ သင်တန်းသား အုပ်စုလိုက် သင်တန်းတက်တာပဲဖြစ်ဖြစ် ဆရာနဲ့ အဆက်အသွယ် မပြတ်ရှိနေဖို့ လိုအပါပတယ်။ သင့်အတွက် ခက်နေတဲ့ လေ့ကျင့်ခန်းကို ပဲဖြစ်ဖြစ်၊ အပြည့်အစုံနား မလည်တဲ့အပိုင်းကိုပဲဖြစ်ဖြစ် ဆရာနဲ့ တိုင်ပင်ဆွေးနွေးပါ။ ဆရာဆိုတာ သင့်ရဲ့ မဟာမိတ်ဖြစ်ပြီး ကူညီဖို့အသင့် ရှိသူဖြစ်ပါတယ်။

၈။ မိမိရဲ့ တူရိယာကို ဂရုစိုက်ပါ။

သင်ယူလေ့လာ နေသမျှကာလပတ်လုံး သင့်ရဲ့ ဂီတတူရိယာဟာ သင့်အဖော်အဖြစ်ရှိနေမှာပါ။ အတီးကောင်းရုံ နဲ့ မလုံလောက်ပါဘူး။ တူရိယာရဲ့ အရည်အသွေး၊ အခြေအနေဟာလည်း ကောင်းမွန်နေဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ တူရိယာကို ဂရုစိုက်ပါ။ တူရိယာမှာ တစ်ခုခု ချို့ယွင်းချက်ရှိနေပြီလို့ ထင်ရင် ချက်ချင်း စစ်ဆေး ပြုပြင်ပါ။

၉။ ကိုယ့်ကိုကိုယ် ချီးမြှင့်ပါ။

အရင်က ကိုယ့်အတွက် ခက်ခဲခဲ့တဲ့ သီချင်းတစ်ပုဒ်ကို တတ်မြောက်သွားပြီ ဆိုရင် ကိုယ့်ကိုကိုယ် ချီးမြှင့်လိုက်ပါ။ အကြိုက်ဆုံး ကော်ဖီဆိုင်သွားသောက်တာပဲဖြစ်ဖြစ်၊ ရုပ်ရှင်ခွေ ၀ယ်တာပဲဖြစ်ဖြစ်၊ ခြေထောက် သွားအနှိပ်ခံတာပဲဖြစ်ဖြစ်၊ သင့်ကိုယ်သင် စိတ်ဓါတ်ရေးရာ အားပေးမှုတွေလုပ်လိုက်ပါ။

၁၀။ နှစ်ခြိုက်စရာဖြစ်ရမယ်။

ကျွန်တော်တို့အားလုံးက တစ်ခုခုမှာ တော်ချင်တတ်ချင်ကြတယ်။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့ ကိစ္စကို ကျေနပ်ဖို့က ပိုပြီးအရေးကြီးတယ်။ ဂီတကို သင်ယူလေ့လာတဲ့နေရာမှာ အခက်အခဲတွေ ဘယ်လောက်ပဲ ကြုံကြုံ၊ ဂီတဟာ နှစ်ခြိုက်စရာတစ်ခုဆိုတာ သိထားပါ။ ဂီတနဲ့ပတ်သက်ပြီး တိုးတက်လာတာနဲ့အမျှ ဂီတကို ချစ်စိတ်နဲ့ နှစ်ခြိုက်မှုတွေဟာလည်း ကြီးထွားလာပါတယ်။  ဂီတကို သင်ယူလေ့လာနေတဲ့ သင်ဟာ အံ့သြစရာတွေ ပြည့်နှက်နေတဲ့ ခရီးတစ်ခုကို ထွက်နေရတာပါ။ ပျော်ရွှင်ပါစေ။

၁၁။ ဆက်စပ်ပစ္စည်းတွေ အသင့်ရှိပါစေ။

တူရိယာလေ့ကျင့်ခန်း မလုပ်ခင်မှာ လေ့ကျင့်ဖို့ လိုအပ်တဲ့ ပစ္စည်းမှန်သမျှကို လွယ်လွယ်ကူကူ ရယူလို့ရတဲ့ နေရာမှာ ရှိနေအောင်လုပ်ထားပါ။ သင့်ရဲ့တူရိယာအပြင် လေ့ကျင့်ခန်းလုပ်နေစဉ် လိုအပ်မယ့်ပစ္စည်းတွေကတော့ ……………………

(၁) နရီချိန်စက် (metronome)

(၂) အသံညှိုစက် (tuner)

(၃) နုတ်စာအုပ် (sheet music)

(၄) နုတ်စာရွက် တင်တဲ့တိုင် (music stand)

(၅) တူရိယာတင်တဲ့တိုင် (instrument stand)

(၆) အတူတွဲတီးဖို့ စီဒီဖွင့်စက်

Ref:about

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *