ကြောက်စရာအကောင်းဆုံး Metal Album Cover ၁၀ခု

scariest-album-covers.jpg
Shares 0

Heavy Metal ဂီတသမားတွေအတွက်ကတော့ album cover ဆိုတာ အရေးကြီးကိစ္စတစ်ခုပါ။ Music ကိုကောင်းအောင်လုပ်ရုံတင်အားမရသေးဘဲ album cover တွေနဲ့ မိမိတို့ရဲ့စိတ်ခံစားချက်၊ ယုံကြည်ချက်၊ အတွေးအခေါ်စတာတွေကို ဖေါ်ထုတ်ပြသတတ်ကြပါတယ်။

Metal ဂီတလို့ဆိုတဲ့အတိုင်း album cover တွေမှာ မိန်းမလှလေးတွေ ဥယျာဉ်ထဲကပန်းလေးတွေ နဲ့သာသာယာယာပုံတွေကို သင်မျှော်လင့်ထားလို့မရတာတော့သေချာပါတယ်။ သူတို့ရဲ့ ဂီတနဲ့စာသားအကြောင်းအရာတွေနဲ့တစ်ထပ်ထဲကျမယ့် စိတ်ကူးယဉ်ဆန်ဆန် အပျက်သဘောကိုဆောင်တဲ့အကြောင်းအရာတွေ၊ ဘ၀သရုပ်မှန်တွေ၊ သေခြင်းတရား၊ စစ်ပွဲ၊ ဘာသာရေး၊ စိတ်ဓာတ်ကျမှု၊ အကြောက်တရာနဲ့မုန်းတီးမှုစတာတွေကို ပုံဖေါ်တဲ့ album cover မျိုးတွေကို တမြတ်တနိုးတင်ဆက်တတ်ကြပါတယ်။ Metal ဂီတကိုချစ်မြတ်နိုးတဲ့ပရိတ်သတ်တွေအတွက်တော့ဒီ cover ပုံတွေက အထူးအဆန်းမဟုတ်တဲ့အပြင် နှစ်နှစ်ခြိုက်ခြိုက်သိမ်းဆည်းထားတတ်ပေမယ့် Metal ဂီတနဲ့ အစိမ်းသက်သက်ဖြစ်နေသူတွေအဖို့တော့ စိတ်ဆင်းရဲစရာပုံရိပ်တွေဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒီ့ cover တွေအထဲကမှ ကြောက်စရာအကောင်းဆုံး ၁၀ခုနဲ့သူတို့ရဲ့ အကြောင်းအနည်းငယ် ကိုစုစည်းပြီးတင်ဆက်လိုက်ပါတယ်။

၁၀။ The Devil You Know (အဖွဲ့ – Heaven and Hell)

Ronnie James Dio, Tony Iommi, Geezer Butler နဲ့ Vinny Appiice တို့ နောက် album တစ်ခုသွင်းမယ်လို့ကြေငြာလိုက်တဲ့အခါ ဒီအခွေဟာပရိတ်သတ်တွေအမျှော်လင့်ဆုံး metal album ဖြစ်ခဲ့ပါတယ်။ ဂီတပိုင်းအရရော album cover ပိုင်းအရရောကြည့်မယ်ဆိုရင် Heaven and Hell အဖွဲ့ကလုံးဝ မညံ့ဖျင်းခဲ့ပါဘူး။ ဒီ The Devil You Know ရဲ့ album cover မှာ ခန္ဓာကိုယ်မှာသံအချောင်းပေါင်းများစွာ ရိုက်နှက်ခြင်းခံထားရတဲ့ ယေရှုခရစ်ရဲ့ပုံတူ voodoo အရုပ်ကိုဆုပ်ကိုင်ထားတဲ့ မျက်လုံးမပါပဲ မြွေလျှာသုံးချောင်းပါးစပ်က ထွက်နေတဲ့ မကောင်းဆိုးဝါးကောင်ရဲ့ပုံကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီ cover တစ်ခုလုံးကို လွှမ်းမိုးထားတဲ့ အနီနဲ့အနက်မြူတွေလွှမ်းခြုံနေတဲ့နောက်ခံမှာတော့ ကားစင်တင်ခံထားရပြီး ခြောက်ကပ်စပြုနေပြီဖြစ်တဲ့ခန္ဓာကိုယ်တစ်ခုကိုတွေ့ရမှာဖြစ်ပါတယ်။

၉။ Korn ( အဖွဲ့ – Korn)

Cover ဖန်တီးမှုမှာပဲဖြစ်ဖြစ် music မှာပဲဖြစ်ဖြစ် Korn ဟာလူရဲ့စိတ်ကိုအကျဉ်းကျလှောင်ပိတ်စေသလို ခက်ခဲတဲ့အခြေအနေထဲရောက်သလိုခံစားမိအောင် တွန်းပို့ပေးပါတယ်။ Korn ဟာသူတို့ရဲ့ပွဲဦးထွက် album ကို စတင်ဖြန့်ချီခဲ့တဲ့အချိန် ၁၉၉၄ကစပြီးသူတို့ဖန်တီးပုံဖေါ်ချင်တဲ့ ရည်ရွယ်ချက်အထမြောက်ခဲ့တာပါ။ ဒန်းစီးနေတဲ့ မိန်းကလေးငယ်တစ်ယောက်ဟာ နေရောင်ခြည်လာရာအရပ်ကိုဦးတည်လို့ သူ့ရဲ့နှဖူးပေါ်လက်ကာပြီး ရှေ့မှာဝိုးတ၀ါးမြင်နေရတဲ့ အရာကိုဘာလဲဘယ်သူလဲလို့ခန့်မှန်းနေတဲ့ပုံပါ။ ဒီပုံကိုကြည့်နေတဲ့သူကတော့ ကစားကွင်းသဲပြင်ပေါ်ကိုကရောက်နေတဲ့ အဲဒီ့လူသဏ္ဍန်ရဲ့ အရိပ်ကိုမြင်နိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့လက်ထဲမှာကိုင်ထားတဲ့အရာကိုတော့သေချာမပြောနိုင်ပေမယ့် ကောင်းမွန်တဲ့ အရိပ်လက္ခဏာမဟုတ်ဘူးလို့တော့ ယူဆလို့ရပါတယ်။

၈။ Chimera (အဖွဲ့ – Mayhem)

ဒီပုံဟာ မှုန်ဝါးဝါးနဲ့ ကွဲကွဲပြားပြားမြင်ရတာသိပ်မရှိဘူးလို့ပြောလို့ရတယ်ဆိုပေမယ့် အဲလိုမသေချာမရေရာမှုနဲ့ပရိယာယ်ကြွယ်မှုက သီချင်းတွေရဲ့ဆိုလိုရင်းကို ထိထိရောက်ရောက်ပြောပြနိုင်ပါတယ်။ ဒီ album cover မှာ မကောင်းဆိုးဝါးဆန်တဲ့ အရိပ်ကြီးဟာ တစ်စုံတစ်ယောက်ကိုဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။ မသေချာမရေရာခံစားမှုမျိုးကိုပေးစွမ်းတဲ့ Chimera album ရဲ့ cover ဟာလုံးဝကိုထိပ်လန့်တုန်လှုပ်စေမယ့်အရာတစ်ခုပါ။

၇။ Accident of Birth (အဆိုတော် – Bruce Dickinson)

သေတ္တာထဲကဂျက်လိုမျိုး လူရွှင်တော်ကောင်အရုပ် ၀မ်းဗိုက်ထဲကဖေါက်ထွက်နေတဲ့ပုံပါ။ ဒီအရုပ်ရဲ့ ခေါင်းဆောင်းအစွန်းပေါ်မှာ မီးသီးနှစ်လုံးကိုတပ်ထားပြီး တစ်လုံးကအလင်း တစ်လုံးကအကွဲဖြစ်နေပါတယ်။

ဒါနဲ့တင်မလုံလောက်သေးပဲ ဒီလူရွင်တော်ရုပ်ဟာ ထိပ်ပိုင်းမှာသံတွေစိုက်ထားပြီးသွေးစွန်းနေတဲ့ တုတ်တံတစ်ချောင်းကိုထမ်းထားပုံက အဲဒီ့ဝမ်းဗိုက်ကိုကြမ်းကြမ်းတမ်းတမ်းထိုးဖေါက်ပြီး ထွက်လာတယ်လို့ယူဆရပါတယ်။ ဒီ album cover နဲ့ Bruce Dickinson ရဲ့ သီချင်းတွေနဲ့ဘယ်လိုဆက်စပ်နေလဲဆိုတာတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်။

၆။ Fear of the Dark (အဖွဲ့ – Iron Maiden)

အမှောင်ကိုကြောက်တဲ့အကြောက်တရားဆိုတာကတော့ လူသားတွေဆီမှာအတွေ့အများဆုံးအကြောက်တရားတစ်ခု ဖြစ်ပါတယ်။ လူသားတွေရဲ့ အမြင်အာရုံလျော့နည်းလာမှု နဲ့ အမှောင်ထဲက တိရစ္ဆာန်တွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ Iron Maiden အဖွဲ့ရဲ့ အမှတ်အသား လာဘ်ကောင် Eddie ဟာ သစ်ပင်တစ်ပင်နဲ့တွယ်ငြိနေပြီး လက်ချောင်းတွေကတော့ရှေ့ကိုဆန့်တန်းပြီး အရောင်လက်နေတဲ့မျက်လုံးတွေ ချွန်ထက်နေတဲ့အစွယ်တွေက Eddie ရဲ့ရမ္မက်တစ်ခုကိုဖေါ်ပြနေပါတယ်။

၅။ Butchered at Birth (အဖွဲ့ – Cannibal Corpse)

ထိပ်လန့်တုန်လှုပ်စရာကောင်းတဲ့ cover art တွေနဲ့ပါတ်သတ်လာရင်တော့ Cannibal Corpse ကနာမည်တစ်ခုရထားပြီးသားဖြစ်ပါတယ်။ ၁၉၉၁ Butchered at Birth အခွေကတော့သူတို့ဝိုင်းရဲ့အဲဒီ့ဂုဏ်သတင်းကိုပိုပြီး သင်းပျံ့စေပါတယ်။ ဒီ album cover မှာတော့ ဖုတ်ကောင်နှစ်ကောင်ဟာ ကိုယ်ဝန်ဆောင်မိန်းမတစ်ယောက်ကိုသတ်ဖြတ်ထားတာဖြစ်ပြီး သားအိမ်ထဲကနေ သန္ဓေသားကို ခွဲထုတ်နေတာဖြစ်ပါတယ်။ ဒီလုပ်ရပ်ကိုအကြိမ်ပေါင်းများစွာလုပ်ပြီးပြီဆိုတာကိုတော့ ပုံရဲ့နောက်ခံမှာရှိတဲ့ တို့လို့တွဲလောင်းချိတ်ဆွဲခံနေရတဲ့ကလေးအလောင်းတွေက သက်သေထူနေပါတယ်။ ဒီအခွေဖြန့်ချီခွင့်ကို  Cannibal Corpse ရဲ့အခြားအခွေတွေလိုပဲ Germany နဲ့ Australia နိုင်ငံတွေမှာ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

၎။ Purging Tongues EP (အဖွဲ့ – Teitanblood)

Death Metal အဖွဲ့Teitanblood ရဲ့ စာသားတွေဟာ မှောင်မိုက်မှု မှော်အတတ် စတာတွေနဲ့ ပြည့်နှက်နေတာဖြစ်ပါတယ်။ ဒီ album cover မှာတော့ ၀တ်ရုံဝတ်ထားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ရွံစရာကောင်းတဲ့လျှာတွေကိုတွေ့ရမှာပါ။ သူတို့ဝိုင်းရဲ့မှောင်မိုက်ပြီး ရက်စက်ခက်ထန်တဲ့ အစွန်းရောက် Metal ဂီတနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ဒီ album cover ဟာစိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံးဥပမာတစ်ခုဖြစ်လာပါတယ်။

၃။ Prowler in the Yard (အဖွဲ့ – Pig Destroyer)

ဒီ album cover ကိုမြင်ရင်တော့ Saw ရုပ်ရှင်ကားကိုပြန်သတိရကောင်းရပါလိမ့်မယ်။ Prowler in the Yard အခွေဟာအဲဒီ့ရုပ်ရှင်ကားမထွက်ခင် ၃နှစ်ကကြိုထွက်ခဲ့တာဖြစ်တဲ့အတွက် ခိုးချထားတဲ့စိတ်ကူး လုံးဝမဟုတ်ပါဘူး။ စိတ်ဖေါက်ပြန်နေတဲ့လူတစ်ယောက်ဟာ လွှ တစ်ချောင်းကိုကိုင်ထားပြီး သူ့ကိုယ်သူရောအခြားလူတွေကိုပါ တိုက်ဖြတ်နေတာဖြစ်ပါတယ်။ ဘယ်ဘက်လက်၊ ညာဘက်ခြေထောက်နဲ့ ဘယ်ဘက်ပေါင်ကိုဖြတ်ပြီးသွားပြီဖြစ်ပါတယ်။ အခုအချိန်ထိတော့ကျေနပ်နေသေးပုံရတဲ့မျက်နာကိုတွေ့ရမှာပါ။

၂။  Black Sabbath (အဖွဲ့ – Black Sabbath)

တစ်ခါတရံမှာတော့ အလွန်ရိုးရှင်းတဲ့အရာတစ်ခုမှာ ကြာရှည်ခံပြီး စွမ်းအားကြီးတဲ့သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ဒါနဲ့ပါတ်သတ်ရင်တော့ Black Sabbath အဖွဲ့ရဲ့ပွဲဦးထွက် album Black Sabbath ရဲ့ album cover ကိုလက်ညှိုးထိုးပြရမှာဖြစ်ပါတယ်။ ရိရွဲနေတဲ့ ဆောင်းဦးသစ်ရွက်ခြောက်တွေကြားက အမျိုးသမီးရဲ့ပုံဟာ ကောက်ကျစ်စဉ်းလဲပြီးနမိတ်ဆိုးတစ်ခုခုကိုညွှန်ပြနေဟန်ရှိပါတယ်။

၁။ Severed Survival (အဖွဲ့- Autopsy)

Autopsy အဖွဲ့ရဲ့ ပွဲဦးထွက် album Severed Survival ရဲ့ဆင်ဆာပိတ်ခံရတဲ့ album cover ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ cover ဟာမူရင်း cover ထက်ပိုကောင်းတယ်လို့ဆိုကြပါတယ်။ သင်ခွဲစိတ်ကုသမှုခံနေရချိန် မေ့ဆေးပျယ်သွားပြီး သင့်ရဲ့မြင်ကွင်းမှာ စိတ်ပျက်စရာကောင်းတဲ့ ဖုတ်ကောင်လေးကောင်ရှိနေပြီးနေရာအနှံ့မှာသွေးတွေပေကျံနေပါတယ်။ ပြီးတော့ဒင်းတို့ရဲ့မျက်လုံးတွေကလဲသင့်ကိုပြန်ကြည့်နေကြပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာသာကြုံရရင်သင်ဘာဆက်လုပ်မလဲဆိုတာသာတွေးကြည့်ပေတော့။

(Ref:loudwire)

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *