ထိုင်း-အမေရိကန် ဖက်ရှင်ဒီဖိုင်နာ Thakon ရဲ့ အမျိုးသမီးဆန်တဲ့အလှဖန်တီးမှု

Shares 0

အာရှသား ၊ ဘန်ကောက်ဇာတိဖြစ်ပြီး အမေရိကန်ဒီဇိုင်နာတစ်ဦးဖြစ်သူ Thakon ရဲ့ဒီဇိုင်းတွေ ဟာ Michelle Obama နဲ့ Sarah Jessica Parker တို့ ပွဲတက်ဝတ်စုံတွေရဲ့ icon တစ်ခုပါ။

Shares 0
thakoon-ss2012-preview-01.jpg
Shares 0

မေး-    မင်းရဲ့ ကိုယ်ပိုင်ဖက်ရှင်ကို ဘယ်လိုစတင်ဖြစ်တာလဲ ။

Takoon –       အောက်ခြေကစရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဇိုင်းနဲ့ပတ်သက်ပြီး အလုပ်ရဖို့အတွက် ကျွန်တော့်မှာ ဒီဇိုင်းပညာအတွေ့အကြုံမရှိဘူးလေ။ ဒါကြောင့် ဘယ်သူမှ ကျွန်တော့်ကိုမငှားချင်ဘူး။ ဒီတော့ Harper’s Bazzar မဂ္ဂဇင်းမှာပဲ ဖက်ရှင်ပိုင်း ဆိုင်ရာတွေ လေ့လာရေးသားရင်းနဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်လိုင်းထဲ စတင်ဝင်ရောက်ဖြစ်ခဲ့ ပါတယ်။ ကျွန်တော့်မှာ စက်ရုံထဲကလူတွေရဲ့ အားပေးမှုအတော်များများကို ရခဲ့ပြီး ကျွန်တော့်ရဲ့ ပထမဆုံး ဖက်ရှင်ပြပွဲကို ၂၀၀၅ခုနှစ် ၊ Barneys New York မှာ စတင်ပြသခဲ့ပါတယ်။ အဲ့ဒီပွဲမတိုင်ခင် (၁)နှစ်လောက် အလိုတုန်းကတော့ လက်လီရောင်းချမှု အနည်းငယ်ရှိခဲ့ပေမယ့် ၂၀၀၅ ခုနှစ်ကျမှသာ ကျွန်တော့်ရဲ့ ပထမဆုံးတစ်ကိုယ်တော် ဖက်ရှင်ပြပွဲကို လုပ်ဖြစ်ခဲ့တာပါ။

မေး-    မင်းရဲ့ collection အကြောင်း ပြောပြပါဦး။

Thakoon –     Thakoon ကတော့ ကျွန်တော့ရဲ့ အဓိက collection ပါ။  အမျိုးသမီးတွေ သူမတို့နေ့စဉ်နေ့တိုင်းဝတ်ဆင်နိုင်တဲ့ အပွင့်ရိုက် ဒီဇိုင်းလေးတွေနဲ့စပြီး လူသိများလာခဲ့ပါတယ်။ ဒါကကျွန်တော့်ကို ဒီဇိုင်နာအဖြစ် ရပ်တည်ခွင့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် လက်လီဖြန့်ချိသူတွေအနေနဲ့ကလဲ ကျွန်တော့်ကို သူတို့ဘက်လိုင်းမှာ ပိုပြီးတိုးချဲ့စေချင်တယ်။ ဒီနေ့မှာတော့ နှစ်မျိုးနှစ်စားကွဲပြားသွားပြီး နေ့စဉ်ဝတ်နိုင်တဲ့ ၀တ်စုံအနေနဲ့လဲ ရပ်တည်နိုင်ပါတယ်။ အထူးပွဲတက်ဝတ်စုံတွေ အတွက်လဲ ၀တ်ဆင်နေကြတုန်းပါပဲ။

မေး-    မင်းရဲ့ဒီဇိုင်းတွေနဲ့ပတ်သက်လို့ အလှအပအယူအဆကို ဘယ်လိုဖော်ပြပေးမလဲ။

Thakoon –     အမျိုးသမီးဆန်ဆန်နဲ့ အဆင့်အတန်းရှိတာမျိုးတစ်ခုကို နှစ်သက်ပြီး သိပ်ဈေးမကြီးတာမျိုး ရည်ရွယ်ပါတယ်။ ဒါမှမဟုတ် သာမန်ရိုးရိုးအရာတစ်ခုကို စွဲမက်ဖွယ် ဖြစ်အောင်ဖန်တီးတာမျိုးလုပ်ပါတယ်။ ရိုးရိုးရှင်းရှင်းပုံစံနဲ့ အလုပ်ဖြစ်တာမျိုးကို ကြိုက်ပါတယ်။

မေး-    တီထွင်ဆန်းသစ်တဲ့ အကြံဥာဏ်တွေကို ဘယ်ကယူလဲ ။

Thakoon –     ဓါတ်ပုံတွေအတော်များများနဲ့ အနုပညာစာအုပ်တွေလေ့လာတယ်။ ကျွန်တော်နေတဲ့နေရာနဲ့ မြို့နီးချင်းဖြစ်တဲ့ Chelsea က  အနုပညာပြခန်းတွေကို သွားလေ့ လာလေ့ရှိတယ်။ Whitney ပြတိုက်ကိုလဲ နှစ်သက်တယ်။

မေး-    ခရီးသွားခြင်းက မင်းရဲ့ဒီဇိုင်းအပေါ်မှာ ဘယ်လောက်လွှမ်းမိုးမှုရှိလဲ။

Thakoon –     အလုပ်နဲ့ပတ်သက်ပြီးတော့ပဲ ခရီးသွားတာများပါတယ်။ အလည်အပတ် အတွက် အလွန်နည်းပါတယ်။ ကျွန်တော့်ဒီဇိုင်းကို ပိုပြီး သပ်ရပ်သွားတယ်လို့ခံစားရတဲ့ မြို့ကြီးတွေ ဥပမာ- Florence လိုမျိုးပေါ့။ Tokyo ကိုဆိုရင် တစ်နှစ်တည်းနဲ့ (၃)ခေါက်လောက်ရောက်ခဲ့တာမျိုးရှိတယ်။ ခရီးသွားခြင်းက ကျွန်တော့်အတွက် ကြီးမားတဲ့ စိတ်ကူးဥာဏ်ကွန့်မြူးဖို့အတွက်လို့တော့ ပြောလို့မရပေမယ့် တစ်ခါတစ်ရံ လမ်းပေါ် ရောက်နေချိန် မြင်လိုက်တဲ့ တစ်စုံတစ်ခုက ကျွန်တော့်ကို လှုပ်နှိုးလိုက်သလို ဖြစ်သွားစေနိုင် တာတော့ ၀န်ခံပါတယ်။

မေး-    ဒါဆို စိတ်ကူးထဲကတစ်ခုကို အပြင်မှာတစ်ကယ်ဖြစ်လာဖို့ ဘယ်လိုဖန်တီးလဲ။

Thakoon –     စိတ်ထဲမှာအရင် ပုံကြမ်းတစ်ခုဆွဲကြည့်လိုက်ပါတယ်။ ဆွဲကြည့်လိုက်တဲ့ ပုံကိုစိတ်ထဲမှာ ခဏထည့်ထားလိုက်တယ်။ ပြီးတော့ ဘယ်အဆင် ၊ ဘယ်အရောင်က အဲဒါနဲ့လိုက်ဖက်မလဲဆိုပြီးစဉ်းစားတယ်။ စိတ်ကူးတည့်ပြီဆိုရင်တော့ ရက်လုပ်မှုအပိုင်းကို ထပ်စဉ်းစားတယ်။ ကျွန်တော့အတွက်တော့ အထည်သားရက်လုပ်မှုအပိုင်းကနေပဲ အရာအားလုံး ထွက်ပေါ်လာတာပဲ။

မေး-    ထိုင်းနိုင်ငံနဲ့ရော အဆက်အသွယ်ရှိသေးလား။

Thakoon –     တစ်နှစ်ကိုတစ်ကြိမ်လောက်တော့ သွားဖြစ်ပြီး တစ်ခါသွားရင် (၂)ပတ် (၃)ပတ်လောက်နေပါတယ်။ ကျွန်တော့်အဖေ ၊ အဖွား ၊ အဒေါ်၊ ဦးလေးတွေနဲ့ ၀မ်းကွဲမောင်နှမတွေ အဲဒီမှာရှိပါသေးတယ်။ ဘန်ကောက်ကိုလဲသွားပါတယ်။ ဒါပေမယ့် မဲခေါင်မြစ်အနီးအနားတစ်လျှောက်မှာရှိတဲ့ မြို့ငယ်လေးကတော့ ကျွန်တော့်ရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်ပြီး ကျွန်တော့်အဖွားနေတဲ့နေရာပေါ့။

မေး-    ပရော်ဖက်ရှင်နယ်တစ်ယောက်ရဲ့အမြင်နဲ့ကြည့်ရင် ဒီကမ္ဘာပေါ်မှာ မင်းမသွားဖူး သေးတဲ့ ၊ သွားချင်နေတဲ့ နေရာတစ်ခုခုများ ရှိသလား ။

Thakoon – ဥရောပအရှေ့ပိုင်းဘက် ကိုတော့မရောက်ဖူးသေးဘူး ။ ကျွန်တော့်အထင် အဲဒီမှာ ဖက်ရှင်ပိုင်းဆိုင်ရာ လေ့လာစရာ ယဉ်ကျေးမှုတော်တော်များများရှိနိုင်တယ်။ ပြီးတော့ အာဖရိကပေါ့။ သူတို့တွေရဲ့ ရေမြေ၊ လူမျိုး နဲ့ သူတို့ရဲ့နေထိုင်ပုံတွေက စိတ်လှုပ်ရှားစရာကောင်းနေမယ်လို့ ထင်တယ်။

မေး- Thakoon ထုတ်ကုန်ရဲ့ အမျိုးသမီးစံနှုန်းအရဆို ဘယ်လိုလူမျိုးဖြစ်နိုင်လဲ။

Thakoon –     သူမဟာ ကိုယ့်ကိုယ်ကိုယုံကြည်ရဲတဲ့ စွမ်းရည်ရှိရမယ်။ ဖက်ရှင်က ချပြထားတဲ့စည်းမျဉ်းတွေကို ဆန့်ကျင်ရဲသူဖြစ်ရမယ်။ တီရှပ်နဲ့ ဂျန်းပင်တစ်ထည်ပဲ ရှိလည်း ကစားကွင်းလိုနေရာမျိုးမှာ အဆင်ပြေပြေ သက်တောင့်သက်သာ ရှိနေနိုင်ရမယ် ။

မေး-    မင်းရဲ့အမှတ်တံဆိပ်က ကမ္ဘာသိနော်။ တစ်ကမ္ဘာလုံးအတွက်ဆိုရင် အမျိုးသမီး အမျိုးမျိုးရှိတဲ့အတွက် ဖက်ရှင်နဲ့ပတ်သက်ပြီး ခံစားမှုတွေလဲ အမျိုးမျိုးကွဲပြားနေမှာပေါ့။ ဒါတွေကို ဘယ်လို လျော်ကန်ညီညွတ်အောင် လုပ်သလဲ။

Thakoon –     ကွဲပြားချက်တွေကို အလေးထားပါတယ်။ လုပ်ယူထားသလိုမျိုးမဟုတ်တဲ့ ရှိရင်းစွဲစတိုင်မျိုးရော ဖန်စီစတိုင်မျိုးရောထုတ်ပါတယ်။ မိန်းမဆန်တဲ့ အ၀တ်အထည်မျိုးဖြစ်ပြီး အဲဒါကလဲ အားလုံးနဲ့အကျုံးဝင်တာမျိုးဖြစ်ရမယ်။

မေး-    မင်းရဲ့ Spring 2013 collection အတွက် အနည်းငယ်ပြောပြပေးနိုင်မလား။

Thakoon –     အစိတ်အပိုင်းတိုင်းကို သုံးစွဲရအဆင်ပြေအောင် ဖန်တီးထားပါတယ်။ ကြွဝမှုနဲ့ သက်တောင့်သက်သာရှိမယ့် ရက်လုပ်မှုမျိုးကို ပေါင်းစပ်ထားပါတယ်။ ပုံစံပြောရရင် သိုးမွှေးသက္ကလပ် ၊ ချည်ထည်စတာမျိုးကို ပွဲနေပွဲထိုင်ပုံစံ ဖန်တီးလိုက်တာမျိုးပေါ့။

မေး-    မင်းရဲ့ ရှေ့ဆက်မယ့်အစီအစဉ်ဆိုရင်။

Thakoon –     ကျွန်တော် စတိုးဆိုင်တွေဖွင့်ရတာကိုနှစ်သက်ပြီး နောက်ထပ်ဆိုင်တွေ ထပ်ဖွင့်ဖြစ်မယ်လို့ ထင်ပါတယ်။ ရေဆုံးမြေဆုံးပေါ့။

Ref:fourseasons magazine

 

 

 

 

 

 

 

 

         

          

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *